ယောကျာ်းလေးတွေပျက်စီးစေနိုင်တဲ့အကြောင်းရင်းများ

ယောကျ်ားလေးတွေဆိုရင် ထောင်အပြင်တန်းမရှိဘူး…..လို့ တချို့တွေကပြောတတ်ကြပါတယ်။ ပြောချင်တာက ယောကျ်ားလေးဆိုရင် မိန်းကလေးလိုမပျက်စီးနိုင်ဘူး၊ ထောင်ကျရုံကလွဲလို့ပေါ့…..ဆိုတဲ့စကားမျိုးပါ။ တချို့လူတွေက မိန်းကလေးတစ်ယောက်ကသာ မိန်းမပျက်ဖြစ်နိုင်တယ်လို့ ယူဆပြီး ထင်မြင်လွဲမှားနေတတ်ကြပါတယ်။


လူ့အသိုက်အဝန်းပတ်ဝန်းကျင်မှာလည်း မကောင်းသောလူ့အသိုင်းအဝန်းထဲကိုရောက်သွားခဲ့ရင် ပျက်စီးတဲ့လူတစ်ယောက်ဖြစ်လာနိုင်တာပါပဲ။ တကယ်တမ်းက မိန်းကလေးပဲပျက်စီးတတ်တာမဟုတ်ပါဘူး။ ယောကျ်ားလေးသည်လည်း လူသားပေပဲမို့ ဘဝပျက်စီးနိုင်ပါတယ်။ အဲဒါကြောင့် ယောကျ်ားလေးတစ်ယောက်ပျက်စီးနိုင်တဲ့အကြောင်းတရားအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁) အပျော်အပါးမက်လွန်းခြင်း
ပျော်ရွှင် မူးရူး သောက်စားနေခြင်းကိုပဲ ခုံမင်နေခြင်းက ပျက်စီးခြင်းအကြောင်းတရားအခြေခံပါပဲ။ ဘဝအတွက် ရည်မှန်းချက်ချ စီမံကိန်းဆွဲပြီး အားထုတ်ကြိုးစားနေရမယ့်အချိန်မှာ အပျော်အပါးကိုပဲမက်လွန်းနေခြင်းက အလကားအချိန်ကုန်ဆုံးတာကလွဲပြီး ဘာမှမဖြစ်လာနိုင်ပါဘူး။ ပျော်နေရရင်ပြီးရောဆိုပေမယ့် အချိန်တန် သူများတွေ ပိုင်ဆိုင်မှုတစ်ခုမဟုတ်တစ်ခုရှိနေချိန်မှာ ကိုယ့်မှာ ဘာပိုင်ဆိုင်မှုမှမရှိသေးဘဲ အသက်ကြီးမှ သူများကိုအောက်ကျခံပြီး မိသားစုအတွက် ရှာဖွေကျွေးမွေးရတာမျိုးက အ¬ဆင်မပြေနိုင်ပါဘူး။ အဲလိုမှမဟုတ်ရင်လည်း အပျော်အပါးလောက်ပဲသိပြီး မိသားစုအတွက်မသိရင်လည်း ကိုယ့်ကြောင့် ကိုယ့်မိသားစုမှာ နာကျင်စရာတွေအပြည့်နဲ့ဘဝကိုဖြတ်သန်းနေရပါလိမ့်မယ်။ အဲဒါကြောင့်ပျော်သင့်တာတော့မှန်ပေမယ့် အမြဲတမ်း အပျော်အပါးလောက်သာခေါင်းထဲရှိနေရင်တော့ အဆင်မပြေနိုင်ပါဘူး။ ပျက်စီးခြင်းကိုဦးတည်နေတယ်လို့ပြောနိုင်ပါတယ်။

၂) စာပေအသိပညာမဲ့ခြင်း
အားလုံးသိပြီးသလိုပါပဲ။ စာပေအသိပညာမရှိတဲ့ယောကျာ်းတစ်ယောက်အတွက် မိသားစုတစ်စုအားကိုးရာမဖြစ်နိုင်ပါဘူး။ ဖြစ်လာခဲ့ရင်တောင် ကိုယ့်မိသားစုတိုးတက်မှုကို မကြံဆောင်နိုင်ပါဘူး။ စာပေအသိဉာဏ်အားနည်းခြင်းကြောင့် အခြားသူတွေပြောသမျှ ၊ နားယောင်လွယ်ခြင်းကနေ ပျက်စီးခြင်းကို ရောက်နိုင်ပါတယ်။ ကိုယ်ပိုင်အသိဉာဏ်နဲ့ အမှန်အမှားစဉ်းစားတွေးခေါ်နိုင်စွမ်းမရှိတာကြောင့် အမှားများပါတယ်။ အမှားကိုသင်ခန်းစာမယူနိုင်ပါဘူး။ ဘဝမတိုးတက်နိုင်သလို ပျက်စီးခြင်းဘက်ကို အားသာပါတယ်။

၃) အပေါင်းအသင်းမက်လွန်းခြင်း
နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ အပေါင်းအသင်းမက်လွန်းတာပါပဲ။ ကောင်းတဲ့အပေါင်းအသင်းကတော့ လမ်းမှန်ကို တွဲခေါ်နိုင်ပေမယ့် မကောင်းတဲ့အပေါင်းအသင်းကိုဖက်တွယ်ထားမိရင်တော့ သူမှားနေတဲ့လမ်းကြောင်းကို ကိုယ်ပါအတူလျှောက်မိမှာပါ။ အဲဒါအပြင် မိသားစုအတွက် ဦးဆောင်ရမယ့် ယောကျာ်းလေးတွေအတွက်လည်း အပေါင်းအသင်းကိုသာ အမြဲဦးစားပေးနေခြင်းက မိသားစုအတွက်လစ်ဟာနိုင်ပါတယ်။ မိသားစုဘက်ကို တာဝန်ပေါ့လျော့စေပါတယ်။ အဲဒါကြောင့် အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်လာမယ့် အမျိုးသားတစ်ယောက်ပျက်စီးခြင်းက မိသားစုတစ်စုလုံးပျက်စီးခြင်းကိုဦးတည်နိုင်ပါတယ်။ အဲဒီ့အတွက် အပေါင်းအသင်းမက်လွန်းခြင်းကလည်း ဆင်ခြင်သင့်တဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။

၄) မူးယစ်ဆေးဝါးနဲ့အရက်သေစာမက်လွန်းခြင်း
ဒီနေ့ခေတ်မှာ အဖြစ်များဆုံးပြဿနာတွေထဲက တစ်ခုပါပဲ။ အလုပ်သဘောအရနဲ့ ရံဖန်ရံခါ အရက်သောက်သုံးခြင်းက ပြဿနာမဟုတ်ပေမယ့် အမြဲလို အရက်နဲ့အမောဖြေနေတာကတော့ ပြဿနာဖြစ်လာပါတယ်။ ဘယ်လိုပြဿနာလဲဆိုတော့ အရက်စွဲခြင်းပြဿနာပါပဲ။ မူးယစ်ဆေးဝါးလည်း ထိုနည်းလည်းကောင်းပါပဲ။ မူးယစ်ဆေးနဲ့အရက်သေစာတွေက စွဲလမ်းမိသွားတဲ့အခါ ထိုအရာတွေလောက်ကိုသာ အာရုံရှိပြီ းအခြားဘယ်အရာကိုမှ ခေါင်းထဲမထည့်နိုင်ကြတော့ပါဘူး။ အဲဒီ့အခါ မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာပါတယ်။ ကျန်းမာရေးအရ ထိခိုက်နိုင်သလို၊ မိသားစုကနေတဆင့် ပတ်ဝန်းကျင်ကိုပါ ထိခိုက်လာနိုင်ပါတယ်။ သုံးစွဲသူကိုယ်တိုင်လည်း ဘဝတိုးတက်ရေးကို ခေါင်းထဲမထည့်နိုင်တော့ပါဘူး။ ဒီနေ့ ထိုအရာတွေသုံးစွဲနိုင်ရေးသာ စဉ်းစားတတ်ကြပါတော့တယ်။ အဲဒါကြောင့်လက်ရှိရော၊ အနာဂတ်ကော အားလုံးပျက်စီးသွားပါတယ်။

၅) ဘာသာရေးအသိအားနည်းခြင်း
ဒီအချက်မှာလည်း အလားတူပါပဲ။ မိန်းကလေးမှန်ရင်သာ ဘာသာရေးလုပ်သင့်တယ်လို့ထင်ပြီး ယောကျာ်းလေးကတော့ ဘယ်လိုပဲနေနေ ကိစ္စမရှိဘူးလို့ သတ်မှတ်တတ်ကြတဲ့လူအတော်များများမြင်ဖူးပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ လူရယ်လို့ဖြစ်နေတဲ့အတွက်ကို ကိုယ်ယုံကြည်ကိုးကွယ်ရာဘာသာရေးအသိလေးတော့ရှိသင့်ပါတယ် ။ အဲဒါမှလည်း ကိုယ့်ကိုကိုယ်အထိန်းအကွပ်ဖြစ်စေမှာဖြစ်သလို၊ ကိုယ့်ကိုကိုယ်လည်း ဘာသာရေးအသိရှိနေတဲ့အတွက်ကြောင့် စောင့်ထိန်းသင့်တာစောင့်ထိန်းမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ဘဝလမ်းကြောင်းမှာလည်း ဖြေသိမ့်စရာတစ်ခုရှိနေတဲ့အတွက် အလွန်အကျွံ့အစွန်းရောက်တာမျိုးလည်းမဖြစ်နိုင်တော့ပါဘူး။ အဲလိုမဟုတ်ရင်တော့ စည်းလွတ်ဝါးလွတ်နေသလိုမျိုး ကိုယ်မှားနေရင်တော့ အဟန့်မဖြစ်နိုင်တော့ပါဘူး။ မိဘအသိုင်းအဝန်းစကားကိုတောင် အလေးထားတော့မှာမဟုတ်လို့ ပျက်စီးလွယ်စေပါတယ်။

မိန်းကလေးတစ်ယောက်ထက် ယောကျာ်းလေးတစ်ယောက်က ပိုပြီးမပျက်စီးသင့်တဲ့အကြောင်းက ယောကျာ်းလေးတစ်ယောက်သည် နောင်တစ်ချိန်မှာ မိသားစုကို ဦးစီးဦးဆောင်ပြုမယ့် အိမ်ထောင်ဦးစီးဖြစ်လာမှာမို့လို့ပါပဲ။ ဦးဆောင်ရမယ့်လူတစ်ယောက်က စံပြဖြစ်နေမှသာ နောက်လိုက်တွေကို အာဏာသက်ရောက်နိုင်မယ့်အပြင် ကိုယ့်ရဲ့အနာဂတ်ရတနာတွေကိုလည်း ပုံစံတကျ တန်ဖိုးရှိတဲ့လူသားဖြစ်လာအောင် ပြုစုပျိုးထောင်နိုင်မှာဖြစ်ပါတယ်။ အိမ်ထောင်ဦးစီးကောင်းမှ မိသားစုတစ်စုလုံးက စားဝတ်နေရေးအဆင်ပြေနိုင်သလို မိခင်ဖြစ်လာမယ့်အမျိုးသမီးတွေလည်း တန်ဖိုးထားနိုင်မှာပါ၊ အဲဒါမှသာ အမျိုးသမီးလေးတွေရဲ့ဘ၀ ပိုမိုတိုးတက်အဆင်ပြေနိုင်သလို အနာဂတ်မှာလည်း လူချွန်လူကောင်းလေးတွေပေါ်ထွက်လာနိုင်မှာပါ။ အဲဒီ့အတွက် အမျိုးသမီးတွေမပျက်စီးဖို့လိုသလို၊ အမျိုးသားတွေလည်း မပျက်စီးဖို့လိုအပ်ပါတယ်။ အားလုံးက ဆက်စပ်နေတဲ့သဘောတရားပဲဖြစ်ပါတယ်လို့တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။