ပျော်ရွှင်ခြင်းကစားနည်း

ခေါင်းစဉ်က ကစားနည်းလို့ပေးထားတာက ဒီဆောင်းပါးကိုဖတ်မယ့်သူတွေအတွက်လည်း ကစားနည်းတစ်ခုလိုမျိုး ပါဝင်ကစားကြဖို့ တိုက်တွန်းချင်တဲ့သဘောပါ။ လောကမှာ မပျော်ရွှင်ချင်တဲ့သူ မရှိဘဲနေပါ့မလား။ ဒါပေမယ့်လည်း ဘဝရဲ့အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ ဖိစီးမှုတွေ၊ နာကျင်မှု၊ ဝမ်းနည်းမှုတွေကြားထဲမှာ သံသရာလည်နေရင်းနဲ့ပဲ ပျော်ရွှင်ခြင်းတွေက အမြဲပျောက်ဆုံးတော့မလိုဖြစ်ဖြစ်သွားတတ်ကြပါတယ်။ အဲဒါကြောင့် ဒီကစားနည်းလေးကို မှတ်သားပြီး အကျင့်လေးရအောင် လိုက်လုပ်ကြည့်နိုင်ဖို့ ဖော်ပြပေးချင်ပါတယ်။ ကစားနည်းတစ်ခုလို ကစားရမှာထက် အကျင့်လေးတစ်ခုဖြစ်အောင် အလေ့အကျင့်လုပ်ပြီးတွေးတတ်တဲ့အကျင့်လေးကို ပြောပြပေးသွားမှာပါ။


၁)ဆန့်ကျင်ဖက်တွေးတဲ့နည်း
ဘဝကို သင့်ကို အချိုပေးပေး၊ အခါးပေးပေး သင်က အချိုဘက်ချည်းတွေးတတ်အောင်လုပ်ပါ။ သင်က ကိုယ်ပိုင်ကားမစီးနိုင်ဘဲ ဘတ်စ်နဲ့ရုံးသွားရတာ စိတ်ညစ်နေတယ်ဆိုပါတော့…… “ကိုယ်ပိုင်ကားစီးနိုင်တဲ့သူတွေရဲ့ဘဝက ကိုယ်တွေလို စိတ်ညစ်ရမှာမဟုတ်ဘူး”လို့ တွေးပြီး စိတ်ညစ်မယ့်အစား
ကိုယ်ပိုင်ကားဝယ်နိုင်တဲ့အခါ ဆီဖိုးကုန်မယ်၊ တိုက်မိရင်တောင် လျော်ကြေးတွေကုန်ကောင်းကုန်နိုင်မယ်၊ မော်တော်ပီကယ်ဖမ်းတာမျိုး အခန့်မသင့်ရင်ခံရနိုင်မယ်၊ စတဲ့အချက်တွေကြောင့် ဘတ်စ်ကားစီးတာကတောင် ပိုကောင်းပါတယ်လို့တွေးတာမျိုးပေါ့။ ပြီးတော့ ဘတ်စ်ကားစီးတဲ့အခါ လူတွေရဲ့စရိုက်တွေကို အစုံတောင်သိရသေးတယ်မဟုတ်လား။ ဘတ်စ်ကားတစ်စီးထဲကနေ လူပေါင်းစုံစရိုက်ပေါင်းစုံတွေ့နိုင်၊ သင်ခန်းစာယူနိုင်ပါသေးတယ်လို့ တွေးတာမျိုးပေါ့။
၂) သင်ချစ်တာကို လုပ်နိုင်အောင် ကြိုးစားတဲ့နည်း
သင်က မူကြိုကလေးတွေကို စာသင်ပေးရတာမျိုး ဝါသနာပါတယ်ဆိုရင် ထိုအလုပ်ကို ရွေးချယ်ပြီးလုပ်နိုင်အောင်လုပ်ပါ။ သင်က ဘောလုံးသမားဖြစ်ချင်တယ်ဆို ဘောလုံးသမားဘဝကို ဘယ်လိုကြိုးစားနိုင်မလဲတွေးပြီး ဘောလုံးသမားဘဝနဲ့ ရှင်သန်ဖို့ကြိုးစားပါ။ ကဗျာရေးတာလား၊ ပန်းချီဆွဲတာလား၊ ကလေးတွေကို ရေကူးသင်ပေးချင်တာလား စသည်ဖြင့် သင်တကယ်ချစ်တဲ့အလုပ်ကိုလုပ်ခြင်းက သင့်အတွက် အလုပ်တစ်ခုလုပ်နေရတယ်လို့ကို မခံစားရတော့ဘဲ ပျော်ရွှင်စရာနေ့ရက်တွေဖြစ်နေမှာပါ။
၃) ကျေးဇူးတင်တဲ့နည်း
သင့်ကို ဘဝက ဘာပေးပေး ကျေးဇူးတင်တတ်အောင် ကြိုးစားပါ။ သင်က မသန်စွမ်းသူတစ်ယောက်ဖြစ်နေရင်တောင် သင်ခုချိန်ထိ အသက်ရှင်နေနိုင်ခြင်းကို ကျေးဇူးတင်တတ်ပါစေ။ သင်ကမျက်မမြင်တစ်ယောက်ဖြစ်နေရင်တောင် သင်ခုချိန်ထိ သန်စွမ်းကျန်းမာနေတာကို ကျေးဇူးတင်လိုက်ပါတယ်။ သင့်မျက်လုံးတွေမမြင်တာကလွဲရင် သင်ခုထိကျန်းမာနေတာ ကျေးဇူးတင်စရာပဲလေ။ သင့်မှာ အဖေအမေ ၂ယောက်လုံးမရှိလို့ စိတ်ညစ်မယ့်အစား တစ်ယောက်ယောက်ရှိနေပေးခြင်းကို ကျေးဇူးတင်တတ်ပါစေ။
၄) မျှဝေတဲ့နည်း
ကိုယ့်ဆီက တန်ဖိုးကြီးတာမှမဟုတ်ပါဘူး။ အသေးအဖွဲလေးက အစ ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ ကိုယ့်မိတ်ဆွေ၊ ကိုယ့်သူငယ်ချင်း စသည်ဖြင့် မျှဝေတတ်အောင်ကြိုးစားပါ။ အဲဒါက သင့်ကို ပျော်ရွှင်စေတာ သေချာပါတယ်။ ကျောင်းမှာ၊ ရုံးမှာဆိုလည်း အခန်းထဲကလူတွေနဲ့ မုန့်တွေ မျှဝေစားသောက်ကြတာမျိုးက ပျော်စရာပါပဲနော်။
၅) အခြားသူများကိုကူညီတဲ့နည်း
လမ်းမှာတွေ့လို့ အခက်အခဲဖြစ်နေတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ့်အိမ်က မိဘအဖိုးအဖွားတွေ စသည်ဖြင့်ပေါ့၊ ငွေကြေးနဲ့ကူညီမှ ကူညီခြင်းမဟုတ်ပါဘူး။ ကိုယ်နိုင်သလောက်ကူညီခြင်းကလည်း သင့်ကိုပျော်ရွှင်စေတဲ့ကစားနည်းပါပဲ။ သင်လည်းပျော်၊သူများလည်း အဆင်ပြေမယ့်နည်းပေါ့။ အများကြီး မကူနိုင်ရင်တောင် ဘတ်စ်ကားစီးနေရင်း မှတ်တိုင်မသိတဲ့လူတစ်ယောက်ကို ဆင်းမယ့်မှတ်တိုင်ရောက်ရင် ပြောပြပေးလိုက်တာမျိုး၊ သက်ကြီးရွယ်အိုတွေကို ကိုယ်ထိုင်နေတဲ့ထိုင်ခုံလေး ဦးစားပေးလိုက်တာမျိုးပေါ့။ ထိုနည်းလမ်းကလည်း သင်ပျော်ရွှင်ဖို့ အထောက်အကူပြုတာပါပဲ။
၆) ခွင့်လွှတ်ဖို့နဲ့ မေ့ပစ်ဖို့ ကြိုးစားတဲ့နည်း
“အားလုံးကို မေ့ပစ်လိုက်ပြီ၊ အားလုံးကို ခွင့်လွှတ်လိုက်ပြီ” ဆိုပြီး သင့်ကိုသင်ကြားအောင် ပြောတဲ့နည်းပေါ့။
သင့်အပေါ်လုံးဝမကောင်းတဲ့သူ၊ သင်ကောင်းပေမယ့် မကောင်းထင်တဲ့သူတွေအားလုံးကို ခွင့်လွှတ်ပြီးမေ့လိုက်ပြီဆိုတဲ့အကြောင်းကို သင့်ကိုသင်ကြားအောင် ပြောတဲ့နည်းနဲ့ သင့်ကိုသင်ဆုံးမပါ။
ကိုယ့်အပေါ်ဆိုးခဲ့တဲ့သူတွေ၊ မကောင်းတဲ့သူတွေ၊ တိုက်ခိုက်တဲ့သူတွေစသဖြင့် မကောင်းတဲ့သူမှန်သမျှကို ဘာမှပြန်လုပ်စရာမလိုပါဘူးနော်။ သင်ကကောင်းနေဖို့ပဲလိုပါတယ်။ သင်ကောင်းနေတာသေချာရင် လောကကြီးရဲ့သစ္စာတရားက တစ်ချိန်မှာ သူတို့ကို ဒဏ်ခတ်ပါလိမ့်မယ်။ သင်ကသူတို့ကို လုပ်ပေးရမှာတစ်ခုတည်းပါပဲ ။ ခွင့်လွှတ်ဖို့နဲ့မေ့ပစ်လိုက်ဖို့ပါ။ သူတို့လုပ်သမျှ ခွင့်လွှတ်ပြီး အားလုံးကို မေ့ပစ်လိုက်ပါ။ ကောင်းမြဲအတိုင်းကောင်းပါ၊ နေမြဲအတိုင်းနေပါ။
၇) အပြုံးတွေဖြန့်ဝေနိုင်အောင် ကြိုးစားတဲ့နည်း
မှန်ကြည့်ပြီး အလှဆုံးပြုံးတတ်အောင်ကျင့်ပါ၊ မှန်ကြည့်ပြီး သွားတွေပေါ်အောင် ပြုံးပါ။ ထိုအပြုံးအတိုင်း အိမ်ကထွက်တာနဲ့ ကိုယ့်ကို မျက်နှာထားတင်းတင်းနဲ့ကြည့်တတ်တဲ့သူမျိုးကိုတောင် ပြုံးပြီး ကြည့်တတ်အောင် ကြိုးစားကြည့်ပါ။ သူ့စိတ်ထဲမှာ တင်းနေတာတွေ ပြေလျော့သွားသလို၊ ကိုယ်တိုင်လည်း စိတ်ကြည်လင်သွားတာ သိလာပါလိမ့်မယ်။ သူကကိုယ့်ကို ခပ်တင်းတင်းကြည့်လို့၊ ကိုယ်ကပြန်ကြည့်လိုက်မယ်ဆိုရင် သူ့ရဲ့တင်းမာမှုတွေက ကိုယ့်ဆီကူးစက်လာတတ်ပါတယ်။ အဲဒါကြောင့် အပြုံးတွေဖြန့်ဝေနိုင်အောင် ကြိုးစားပါ။
အထက်က နည်းလမ်းတွေကို စာအုပ်မှချရေးထားပြီး ပြဿနာတစ်ခုခုကြုံလာတိုင်း ကိုယ်ကစားနိုင်တဲ့နည်းလမ်းတစ်ခုစီကို ဘေးမှာ အမှန်ခြစ်သွားကြည့်နော်။ မကာင်းတဲ့အမြင်တွေ ဘယ်လောက်များ လျော့သွားလိမ့်မလဲ စမ်းသပ်ကြရအောင်ပါ။ ပြီးတော့ အခြားသူများကိုလည်း ဒီဆောင်းပါးလေးမျှဝေပြီး ဒီကစားနည်းအတိုင်းကစားကြဖို့ အဖော်ခေါ်လိုက်ပါအုံး။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။