ရင့်ကျက်တဲ့ကလေးဖြစ်အောင်ဘယ်လိုပြုစုပျိုးထောင်ရမလဲ။
ကလေးပါဆိုမှ ဘယ်လိုလုပ်ရင့်ကျက်ပါ့မလဲလို့ပြောစရာရှိပါတယ်။ မတူပါဘူး….တခုခုဖြစ်လာခဲ့ရင် ကလေးဆန်ဆန် မပြုမူမဖြေရှင်းဘဲ လူကြီးတစ်ယောက်လိုအမှန်အတိုင်းဆုံးဖြတ်မယ်၊ လုပ်သင့်လုပ်ထိုက်တာကိုသိပြီး လိုက်နာမယ်ဆိုတဲ့အပြုအမူတွေရှိတဲ့ကလေးဟာ ကလေးချင်းတူပေမယ့် အရည်အချင်းခြင်းမတူနိုင်ပါဘူး။ ထိုကဲ့သို့ ရင့်ကျက်တည်ငြိမ်တဲ့ကလေးမျိုးဟာ မိဘလူကြီးသူမတွေအနေနဲ့ နောက်ဆံမတင်းရဘဲ ကလေးဖြစ်နေပေမယ့် လူကြီးတစ်ယောက်လိုစဉ်းစားဆင်ခြင်သုံးသပ်နိုင်စွမ်းရှိနေမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကလေးဖြစ်နေတာမို့ တခါတလေ ကလေးဆန်တာလေးတွေတော့လည်းရှိနေနိုင်ပေမယ့်လည်း ကလေးကိုစိတ်ချနိုင်ပါတယ်။ အဲဒါကြောင့် ကလေးမို့….ဘာမှမသိသေးဘူး၊ ကလေးမို့ ဘာမှမသင်ပေးသေးဘူး၊ ကလေးပဲရှိသေးတာ….အချိန်တန်သိလာမယ်လို့ တွေးနေလို့မဖြစ်ပါဘူး။ သင်ပေးသင့်တာသင်ပေးရပါမယ်၊ ပြောပြသင့်တာပြောပြရပါလိမ့်မယ်။ အဲဒီလိုရင့်ကျက်တဲ့ကလေးဖြစ်လာဖို့ သင်ပေးသင့်တဲ့အချက်တွေရှိပါတယ်။ ဖတ်ကြည့်လိုက်ပါအုံးနော်။
မြန်မာလူကြီးတွေရဲ့အမှားကတော့ “ကလေးပဲ ဘာသိအုံးမှာလဲ” “ကလေးမို့ မသင်ပေးသေးဘူး” “ကလေးမို့ ဘာမှမခိုင်းနဲ့အုံး” ဆိုတာမျိုးတွေပါ။ ကလေးကဘာမှမသိသေးတဲ့အတွက်ကို ကလေးကိုသိအောင်ပြောပြပေးရမယ်၊ ရှင်းပြပေးရမယ်၊ အကျင့်ကောင်းတွေသင်ပေးရပါမယ်။ အဲဒီ့လိုသင်ပေးသင့်တဲ့အထဲမှာ ကလေးအရွယ်နဲ့လိုက်တဲ့တာဝန်လေးတွေယူတတ်အောင်သင်ပေးသင့်ပါတယ်။ ကလေးမို့မလုပ်တတ်သေးရင် ကလေးအရွယ်နဲ့လုပ်တတ်သင့်တာကိုခိုင်းပေးပါ။ ဥပမာ။ ကလေးက ၅နှစ်ဆို ကလေးရဲ့အရုပ်လေးတွေပြန်သိမ်းခိုင်းမယ်၊ ပုံပြင်စာအုပ်တွေပြန်သိမ်းခိုင်းမယ်စသဖြင့်ပေါ့။ အဲဒီလိုကလေးအရွယ်အလိုက် သင်ကလေးကို တာဝန်ပေးခြင်းက ကလေးဟာ အရွယ်ရောက်လာလေလေ တာဝန်ယူစရှိတာမို့ တာဝန်ယူဖို့မကြောက်တော့ပါဘူး၊ တာဝန်နဲ့အစိမ်းသက်သက်မဖြစ်စေတော့ပါဘူး။ မြန်မာမိသားစုအချို့မှာ ကလေးက အသက် ၁၆၊ ၁၇၊ ၁၈ခန့်ရှိနေပေမယ့် ကိုယ့်ပန်းကန်တောင်ကိုယ်မဆေးတတ်သေးတဲ့သားသမီးမျိုးတွေရှိပါတယ်။ အဲဒီ့အရွယ်ရောက်မှ တံမြက်စည်းမလှဲတတ်၊ ပန်းကန်မဆေးတတ်တာမျိုးဆိုတာက ငယ်စဉ်ကတည်းက ကလေးအရွယ်အလိုက် ခိုင်းသင့်တာမခိုင်းထားလို့ဖြစ်ပါတယ်။ အဲဒါကြောင့် အရွယ်ရောက်လာတဲ့အခါ ကလေးက သူ့တာဝန်သူမယူတတ်တော့ပါဘူး။ သူ့တာဝန်သူမယူတတ်တဲ့ကလေးဟာ ဘယ်နေရာမဆို မိဘကိုပဲအားကိုးနေမှာမို့ အရွယ်သာကြီးလာမယ်…..ရင့်ကျက်တဲ့ကလေးဖြစ်မလာနိုင်ပါဘူး။ အဲဒါကြောင့် ကလေးကို အရွယ်အလိုက် တန်ရာကို ခိုင်းပေးပါ၊ တာဝန်ပေးပါ။ အဲဒါမှ အရွယ်ကြီးလာတာနဲ့အမျှ တာဝန်ကြီးကြီးတွေ ယူတတ်သွားပါလိမ့်မယ်။
၂)အမှားအမှန်ခွဲခြားတတ်ပါစေ
အမှားအမှန်ခွဲခြားတတ်ခြင်းက ကလေးကိုလည်း လူကြီးတစ်ယောက်လို ဆုံးဖြတ်တတ်စေပါတယ်။ အမှားကဘာ….အမှန်ကဘာ…..ဆိုတာကို ကလေးဘဝထဲက ပုံပြင်ထဲက လူဆိုးကြီးတွေ၊ စုန်းမကြီးတွေ၊ ဗီလိန်တွေနဲ့ နမူနာပြပြီး လူဆိုးက အမှားကိုလုပ်တတ်ကြောင်း ပြောပြပေးလို့ရပါတယ်။ အဲဒီလိုပါပဲ…..လူကောင်းဆိုတာ မှန်ရာကိုသာလုပ်ကြောင်း ၊ မှန်ရာက ဘယ်လိုအရာတွေလည်း ဆိုတာကို ပြောပြပေးလို့ရသွားပါလိမ့်မယ်။ အဲဒီလို အမှန်ရယ်၊ အမှားရယ် ခွဲခြားတတ်သွားတဲ့အခါ ကလေးမလုပ်သင့်တဲ့ကိစ္စမျိုးကို ကိုယ်ကအကျိုးသင့်အကြောင်းသင့်ရှင်းပြလိုက်ရုံပါပဲ။ ကလေးက မလုပ်သင့်မှန်းသိသွားတဲ့အခါ နောက်မလုပ်တော့ပါဘူး။ ဘာလို့ဆို သူ့စိတ်ထဲမှာ သူ့ကိုပြောပြထားတဲ့ပုံပြင်တွေထဲက လူဆိုးကြီးတွေကို သူမကြိုက်လို့ပါပဲ။ ကလေးမို့ အမှားအမှန်မသိသေးဘူးလို့ သတ်မှတ်ပြီး မသင်ပေးဘဲမနေသင့်ပါ။ ကလေးကိုငယ်စဉ်ကတည်းကအမှားအမှန်ခွဲခြားတတ်အောင်သင်ပေးလိုက်တဲ့အခါ ကလေးငယ်ဖြစ်နေပေမယ့် အမှားကိုမလုပ်မိတော့ပါဘူး။ လုပ်မိရင်တောင် သင်ခန်းစာယူတတ်သွားပါတယ်။ အဲဒါက ရင့်ကျက်တဲ့ကလေးဖြစ်လာစေပါတယ်။
၃) စာဖတ်ပါစေ
အမှားအမှန်ခွဲခြားတတ်စေဖို့အတွက် အဓိက အခြေခံကတော့ စာဖတ်ကျင့်လုပ်ပေးဖို့ပါပဲ။ စာဖတ်တဲ့ကလေးဟာ ကလေးပေမယ့် စာအုပ်ထဲကနေ ဘဝပေါင်းစုံကို ထိတွေ့နိုင်ပါတယ်။ ကိုယ်ချင်းစာနိုင်ပါတယ်။ သနားကြင်နာတတ်လာပါတယ်။ အဲဒီလိုကလေးဟာ လူကောင်းဖြစ်ဖို့အလားအလာများပါတယ်။ အခြားသူရဲ့ခံစားချက်ကိုလည်း ထည့်တွေးပေးတတ်ပြီး ရင့်ကျက်တဲ့ကလေးဖြစ်လာနိုင်ပါတယ်။
၄)ကိုယ်တိုင်ဆုံးဖြတ်နိုင်ပါစေ
ကလေးမို့ အဝတ်အထည်ရွေးတာကအစ အမေဆင်တာဝတ်၊ စားချင်တာကိုလည်း အမေကျွေးတာစားဆိုတာမျိုးလုပ်ခြင်းက ကလေးက သူ့ကိုယ်သူအရေးပါအရာရောက်တယ်လို့ မခံစားရစေတော့ပါဘူး။ ပြောရရင် ကလေးဟာ သူ့ကိုယ်သူအရေးမပါဘူးလို့ခံစားရတဲ့အခါ သူ့ကိုယ်သူယုံကြည်မှုလျှော့လာသလို၊ သူ့ကိုယ်သူချစ်ခင်စိတ်နည်းလာစေပါတယ်။ သူ့ကိုယ်သူချစ်ခင်စိတ်နည်းတဲ့ကလေးဟာ အခြားသူကိုလည်းမချစ်တတ်သလို၊ အခြားသူရဲ့ရွေးချယ်ခွင့်၊ ဆုံးဖြတ်ခွင့်ကိုလည်း နားမလည်ပေးနိုင်ပါဘူး။ အဲဒါကြောင့် ကလေးကို ရွေးချယ်ဖို့အခွင့်အရေးပေးပါ။ သူ့ဆုံးဖြတ်ချက်ကိုလေးစားပေးပါ။ ဥပမာ။ ထမင်းကိုဘာဟင်းနဲ့စားမလဲ…..ဆိုတာမျိုးမေးလိုက်ရင် ကလေးက ကျန်းမာရေးနဲ့ညီညွှတ်တာ၊ မညီညွှတ်တာကို မသိဘဲ သူ့စားချင်တာကိုသာပြောပါလိမ့်မယ်။ အဲဒီလိုနေရာမျိုးမှာ ကလေးကိုအဲလိုရွေးချယ်ခိုင်းရမှာမဟုတ်ပါဘူး။ မိဘက ဉာဏ်သုံးဖို့လိုပါတယ်။ ကလေးစားဖို့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့စားစရာ ၃မျိုး ၄မျိုးလောက်ကို ဖယ်ထားပြီး ထိုထဲက ကြိုက်ရာရွေးခိုင်းတာမျိုးပေါ့။ “သားရေ…နေ့လယ်စာကို ဥနီနဲ့စားမလား ဒါမှမဟုတ် ပြောင်းဖူးပိစိလေးနဲ့လား ဒါမှမဟုတ် ငုံးဥလေးနဲ့ စားမလား၊ သားစားချင်တာရွေးနော်၊ မေမေလုပ်ပေးမယ်” ဆိုတာမျိုး ကလေးအတွက် အကျိုးရှိတဲ့ဘောင်ထဲကနေ ရွေးချယ်ခွင့်ပေးသင့်ပါတယ်။ ကလေးကရွေးပေးတာကိုလည်း တလေးတစားနဲ့ အလေးထားရပါမယ်။ အဲဒါမှကလေးက လူကြီးရွေးချယ်တာကိုလည်း အလေးထားတတ်လာပါလိမ့်မယ်။ အဲဒါကြောင့် ကလေးကို ရွေးချယ်ခိုင်းပါ။ သူရွေးချယ်ထားတာမှန်မမှန်ကို သူကိုယ်တိုင်ခံစားပြီးသိလာတဲ့အခါ အမှားအမှန်ကိုခွဲခြားတတ်ပါလိမ့်မယ်။ အဲဒီလို ကိုယ့်ဟာကိုယ်ဆုံးဖြတ်တတ်သွားတဲ့ကလေးဟာ သူ့ဘဝအတွက်ဖြစ်စေ၊ သူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ မှန်ရာကိုရွေးချယ်ဆုံးဖြတ်တတ်လာပါလိမ့်မယ်။
၅)ကိုယ့်ကိုယ်ကိုယ်စည်းကမ်းသတ်မှတ်တတ်ပါစေ
ကလေးက သူ့ကိုယ်သူစည်းကမ်းသတ်မှတ်တတ်ဖို့ဆိုတာ ရယ်စရာကောင်းတယ်လို့တွေးရင်တွေးနေပါလိမ့်မယ်။ တကယ်တော့ ကလေးကို လုပ်ပိုင်ခွင့်ပေးလိုက်ရင် ကလေးကိုလည်း လူကြီးကအတင်းအကြပ် စည်းကမ်းသတ်မှတ်စရာမလိုတော့ပါဘူး။ အန္တရာယ်မဖြစ်စေမယ့်ဘောင်ထဲကနေ ကလေးကိုလုပ်ပိုင်ခွင့်ပေးဖို့ ကလေးနဲ့ညှိုနှိုင်းတဲ့အကျင့်လေးလုပ်ထားပါ။ ဥပမာ။ ကလေးက အရုပ်ဆိုင်မှာ အရုပ်ဝယ်ချင်တယ်ဆိုပါတော့… အရုပ်ဆိုင်ထဲမဝင်ခင် ကလေးကို ကြိုတင်ညှိုနှိုင်းထားပါ။ ကြိုတင်မညှိုနှိုင်းခင် လူကြီးကလည်း ကတိတည်ပါ။ လူကြီးကတိတည်မှ ကလေးကလည်း ကတိတည်တတ်မှာဖြစ်ပါတယ်။ အရုပ်ဆိုင်ထဲဝင်ခွင့်ပေးမယ်၊ သားကြိုက်တာကိုကြည့်ခွင့်ရှိတယ်…ဒါပေမယ့် တစ်ရုပ်ထဲကိုရွေးပြီးဝယ်ပေးမှာမို့ သားအကြိုက်ဆုံးတစ်ရုပ်ကိုသေချာရွေးပြီးဝယ်ရမယ်။ ဂျီကျမယ်၊ ဆူပူသောင်းကျန်းမယ်ဆိုရင် မေမေအရုပ်တစ်ရုပ်မှမဝယ်ပေးနိုင်တော့ဘူး။ သဘောတူတယ်ဆိုရင် အရုပ်ဆိုင်ထဲအတူတူဝင်ကြည့်ကြမယ်ဆိုတာမျိုးပေါ့။ အဲဒါဆိုရင် အဲဒီ့ကလေးကလည်း သူ့ဟာသူစည်းကမ်းသတ်မှတ်တတ်သွားပါတယ်။
၆)ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်တတ်ပါစေ
“ဘာလုပ်ရင် ဘာဖြစ်တတ်တယ်…..မေမေကတော့ပြောပြပြီးပြီ၊ သားလုပ်ရင် သားခံရမယ်နော်” လို့ အကျိုးအကြောင်းပြဆုံးမပြီးရင် ကလေးလုပ်ကြည့်ပါစေ။
ကလေးက သူကိုယ်တိုင်လုပ်ကြည့်တဲ့အခါ မိဘစကားမှန်မမှန်သိလာပါလိမ့်မယ်။ အဲဒီအခါ သူ့ကိုယ်သူ စည်းကမ်းသတ်မှတ်ဖို့ သိလာပါလိမ့်မယ်။ သူတို့ကိုယ်တိုင်ခံရတဲ့အခါမှ သိသွားတဲ့အခါ နောက်ထပ်အခေါက်တွေမှာ မိဘစကားကို နားထောင်ဖို့ သူတွေးလာပါလိမ့်မယ်။ အဲဒါကြောင့် ကလေးကိုအမိန့်ပေးပြီး “ဒါ…..လုံးဝမလုပ်ရဘူးနော်၊ လုပ်ကြည့် နင့်ကိုအသေဆော်မှာ” ဆိုပြီး အာဏာနဲ့ဆုံးမအုပ်ချုပ်ခြင်းက မထိရောက်ပါဘူး။ သူကိုယ်တိုင်လုပ်ကြည့်ရာကနေ အမှားတွေကိုသိလာပြီး အမှန်ပြင်လာတာက ကလေးအတွက် ဦးနှောက်ထဲတခါတည်းစွဲသွားစေပါတယ်။ အဲဒါကြောင့် မိဘစကားကိုလည်း ပိုနားထောင်တတ်လာစေပါတယ်။ သူ့ကိုယ်သူလည်း ထိန်းချုပ်တတ်သွားစေပါတယ်။