တဖက်သတ်ချစ်တဲ့ အချစ်ကို ဘယ်လိုရပ်တန့်မလဲ။

တဖက်သတ်အချစ်ဟာ စိတ်မထားတတ်ရင် ပူလောင်လွန်းလှပါတယ်။ တနည်းအားဖြင့် ကိုယ့်လူဖြစ်နိုင်မဖြစ်နိုင်မသေချာသေးဘဲ ကိုယ်တစ်ယောက်တည်းကြိတ်ချစ်နေတာမျိုးက ပြုတ်ကျမလား၊ မပြုတ်ကျဘူးလားလို့ ဝေခွဲမရတဲ့ ကြိုးတန်းပေါ်လမ်းလျှောက်နေရသလိုပါပဲ။ ရင်တထိတ်ထိတ်နဲ့ပေါ့။ တဖက်လူက ကိုယ့်ကို မချစ်ဘူးဆိုတာသိတဲ့အခါမှာတော့ လှပ်ခနဲ နှလုံးသားတစ်ခုလုံး အသိမ်းခံလိုက်ရသလို ကိုယ်က ကြိုးတန်းပေါ်ကနေ ပြုတ်ကျတော့တာပါပဲ။ အဲဒါကြောင့်တဖက်သတ်ချစ်မိတဲ့အခါ ကိုယ့်ကို တဖက်လူကပြန်မချစ်နိုင်ဘူးလို့သိသော်လည်း စိတ်ဘယ်လိုထားမလဲ။ ကိုယ့်တဖက်သတ်အချစ်ကို ဘယ်လိုမျိုးထိန်းသိမ်းနိုင်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။


၁) သူပျော်ပါစေ။
ကိုယ့်ကိုချစ်မှ သူပျော်မယ်ဆိုရင် ပိုကောင်းတာပေါ့နော်။ ကိုယ့်ကိုမချစ်ဘူးဆိုမှတော့ သူဘယ်ပျော်ပါ့မလဲ၊ သူပျော်တဲ့နေရာမှာနေပါစေ၊ သူပျော်တဲ့သူနဲ့နေပါစေလို့တွေးကြည့်လိုက်တာ ကိုယ့်အတွက်ပိုစိတ်ချမ်းသာပါတယ်။ ချစ်တယ်ဆိုတာနဲ့ လူတစ်ယောက်ကို ပိုင်ဆိုင်ရမှမဟုတ်ပါဘူးနော်။ ကိုယ့်စိတ်ထဲသူ့ကိုချစ်နေတဲ့စိတ်လေးပါပဲ။ အဲဒါကြောင့် တဖက်သတ်ချစ်တဲ့စိတ်ကို စိတ်ထဲမှာပဲထားပါ။ သူပျော်ပါစေ။ သူပျော်နေတာကို ကိုယ်ကလိုက်ပျော်ကြည့်လိုက်ပါ။ စိတ်သက်သာရာရပါလိမ့်မယ်။ ကိုယ်နဲ့နေလိုသူမပျော်ရင် သူပျော်ဖို့သာ ထိပ်ဆုံးကထားတွေးပေးလိုက်ပါ။ သူပျော်သလို ကိုယ်ပါပျော်သွားပါလိမ့်မယ်။ ကိုယ်နဲ့နေလို့သူမပျော်တာကို ကိုယ်ကအတင်းကိုယ့်အနားရှိနေစေချင်တယ်ဆိုတာက ကိုယ့်အတ္တနဲ့လှောင်ပိတ်ထားတာပါပဲ။ အတူနေပြီး တစ်ယောက်ကမပျော်ရင် ဘာအဓိပ္ပါယ်ရှိပါ့မလဲ။ အဲဒါကြောင့် သူပျော်ပါစေ။

၂) အရှိအတိုင်းလက်သင့်ခံပါ။
သူက ကိုယ့်ကိုချစ်ရင် ကိုယ်တို့နှစ်ဦးလုံးရဲ့အချစ်မှန်တာပေါ့။ သူက ကိုယ့်ကိုပြန်မချစ်ခဲ့ရင်လည်း အရှိကိုအရှိအတိုင်းလက်ခံလိုက်ပါ။ ပထမအချက်ကိုပြန်တွေးကြည့်ပါ။ သူပျော်ဖို့အလေးထားပေးလိုက်ပါ။ အရှိအတိုင်းလက်ခံတတ်သွားရင် စိတ်ချမ်းသာသွားပါလိမ့်မယ်။ ပြန်တွေးကြည့်ပါ၊ သူ့ကို ငါပိုင်ဆိုင်မှ စိတ်ချမ်းသာပေမယ့် သူမှမပျော်တာလို့တွေးကြည့်လိုက်ပါနော်။ တစ်ယောက်ပျော်ရွှင်ဖို့ တစ်ယောက်က စိတ်ညစ်ပေးရတယ်ဆိုတာ အချစ်စစ်မဟုတ်ပါဘူး။ အဲဒါကြောင့် အရှိကိုအရှိအတိုင်းလက်ခံတတ်ပါစေ။

၃) အာရုံစိုက်ခံရဖို့မကြိုးစားပါနဲ့။
တဖက်သတ်ချစ်တဲ့သူတွေလုပ်တတ်တဲ့အကျင့်တစ်ခုက အာရုံစိုက်ခံရဖို့ကြိုးစားတာပါပဲ။ တဖက်သူက ကိုယ့်ကိုယ်များပြန်ပြီးစိတ်ဝင်စားလာမလားရယ်လို့ အာရုံစိုက်ခံရဖို့ကြိုးစားတာမျိုးက တကယ်တော့ အချစ်စစ်မဖြစ်နိုင်ပါဘူး။ သင့်ကိုချစ်လာဖို့ကို သင်ကလုပ်ယူနေရတယ်ဆိုကတည်းက တကယ်မချစ်လို့ပေါ့။ အဲဒီလို လုပ်ယူခြင်းကလည်း သင်တချိန်မှာ ထားရစ်ခံရဖို့ ဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် သင်တစ်ဖက်သတ်ချစ်နေတဲ့လူရဲ့အာရုံစိုက်ခံရဖို့ကြိုးစားခြင်းက ဖြစ်မလာခဲ့ရင် သင်ပဲစိတ်ညစ်ရမှာမို့ မကြိုးစားပါနဲ့လို့သာပြောချင်ပါတယ်။

၄) ဆွဲဆောင်ဖို့လည်း မကြိုးစားပါနဲ့။
နောက်တစ်ခုက ကိုယ့်ကိုပြန်ချစ်လာအောင် ဆွဲဆောင်တာပါပဲ။ အဲဒါမျိုးလည်း ဘယ်တော့မှမလုပ်မိပါစေနဲ့။ ကိုယ့်ကိုပြန်ချစ်လာဖို့အတွက် ဆွဲဆောင်ခြင်းဟာ ဆွဲဆောင်နေတုန်းပဲအဆင်ပြေပြီး သင့်နောက်ကွယ်ရောက်တာနဲ့သင့်ကို မေ့သွားနိုင်ပါတယ်။ ဖန်တီးယူရခြင်းဟာ အချစ်စစ်မဟုတ်နိုင်တာကြောင့် သင့်ကို ရေရှည်မှာ စိတ်ပါဝင်စားမှုလျော့နည်းသွားစေနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ်တဖက်သတ်ချစ်နေတဲ့လူကို ဆွဲဆောင်ဖို့လည်း မကြိုးစားပါနဲ့။ ကြိုးစားမိရင် ကိုယ်ပဲ ပိုစိတ်ပင်ပန်းရတတ်ပါတယ်။ လေထဲဝဲနေတဲ့စွန်လေး ပြန်ကျလာမလားရယ်နဲ့ မျှော်တလင့်လင့်နဲ့နေရတဲ့ဘဝက ပိုဆိုးစေပါတယ်။ တခြားသောကိုယ့်ဘဝတိုးတက်မယ့်အရာတွေကိုလည်း မလုပ်ဆောင်နိုင်တော့ပါဘူး။ အဲဒါကြောင့် ကိုယ်ကချစ်ပေမယ့် တဖက်လူက ကိုယ့်ကိုပြန်မချစ်ဘူးဆိုတာကို ကိုယ်က လိုလားစွာလက်ခံလိုက်ပါ။ အထက်ရှဆုံးဓားက နာကျင်ပေမယ့် ကိုယ့်အတွက်စောစောအနာကျက်မြန်စေနိုင်တယ်ဆိုတာမမေ့ပါနဲ့နော်။

၅) ကိုယ့်အပေါ်မေတ္တာစစ်နဲ့ချစ်တဲ့သူ တွေ့လာအုံးမှာပါ။
ကိုယ့်အပေါ်မေတ္တာစစ်နဲ့ချစ်တဲ့လူဆိုတာ ကိုယ့်အတွက်နဲ့ အားလုံးကို ပေးဆပ်ပြီး ကိုယ့်အတွက်သီးသန့်ကိုဖြစ်လာတာမျိုးပါ။ အဲဒီ့အတွက် အချိန်တစ်ခုကို ထိုင်စောင့်နေစရာမလိုပါဘူး။ ကိုယ့်ဘဝအတွက် ကိုယ်လုပ်စရာရှိတာတွေလုပ်နေရုံပါပဲ။ ကိုယ်ဘယ်လောက်ရုပ်ဆိုးဆိုး၊ ကိုယ်ဘယ်လောက်အားနည်းချက်ရှိရှိ၊ ကိုယ်ဘယ်လောက်နိမ့်ကျနေပါစေ ကိုယ့်အပေါ်မေတ္တာစစ်နဲ့ချစ်တဲ့သူမှန်ရင် ကိုယ့်အတွက်ကိုဖြစ်လာပါလိမ့်မယ်။ အဲဒါကြောင့် အခုကိုယ်က တဖက်သတ်ချစ်နေရတယ်ဆိုကတည်းက ကိုယ့်အတွက်မဟုတ်ဘဲ ကိုယ့်စိတ်ထဲက ဖြစ်ပေါ်လာတဲ့အချစ်ကို ဒီတိုင်းလေးသာ လွှတ်ထားပေးလိုက်ပါ။ ထိန်းချုပ်ဖို့လည်းမကြိုးစားပါနဲ့၊ ဖန်တီးလုပ်ယူဖို့လည်းမတွေးပါနဲ့။ ဘေးကနေ ကိုယ်ချစ်တဲ့လူပျော်နေတာလေးကိုပဲ ကြည့်ပြီး ပီတိဖြစ်နေကြည့်လိုက်ပါ။

၆) ကိုယ့်အပေါ်မချစ်မနှစ်သက်တဲ့လူဟာ ကိုယ့်အတွက်မဟုတ်လို့ပါ။
တဖက်သက်ချစ်တဲ့သူတော်တော်များများဟာ တဖက်လူကို ကိုယ့်ဘက်ပါလာအောင်တော့ ဖန်တီးယူဖို့ ၊ ဆွဲဆောင်ဖို့ကြိုးစားတတ်ကြပါတယ်၊ အဲဒါနဲ့တင် အချိန်တွေကုန်၊ ပူဆွေး၊ မျှော်လင့်ချက်တွေနဲ့ တငင့်ငင့်ဖြစ်နေရပြီး မျှော်လင့်သလိုဖြစ်မလာတဲ့အခါ ဝမ်းနည်းရပြန်ပါတယ်။ အဲဒီ့အခါမှာ အခုလိုလေးတွေးကြည့်လိုက်ပါ၊ ကိုယ့်ဘယ်လောက်ကြိုးစားကြိုးစား ကိုယ့်အပေါ်ပြန်မချစ်နိုင်တဲ့လူဟာ ကိုယ့်အတွက်မဟုတ်လို့ပါလို့တွေးကြည့်လိုက်ပါ။ FA ဘ၀ ဘယ်လောက်ကြာကြာ ဝမ်းနည်းစရာမလိုပါဘူး။ ပေါ့ပါးလွတ်လပ်ပါတယ်။ အချစ်စစ်မှန်ရင် အချိန်တန် ကိုယ်နဲ့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတတ်တာမျိုးပါ။ အတင်းလုပ်ယူနေရတာက အချိန်ကုန်၊ စိတ်ပင်ပန်း၊ လူပင်ပန်းပြီး အခြားသော အကျိုးရှိတဲ့အရာတွေဘာမှမလုပ်နိုင်တော့ပါဘူး။ အဲဒါကြောင့် တဖက်သတ်ချစ်နေတဲ့အခါ ကိုယ့်အတွက်မဟုတ်လို့ အတင်းလုပ်ယူဖို့မကြိုးစားဘူး၊ ကိုယ့်ရင်ထဲအချစ်ကို ဒီတိုင်းလေးပဲ မွေးထားပေးလိုက်ပါ။ အချိန်တန် စိတ်ကုန်ချင်လည်းဖြစ်တယ်၊ စိတ်မကုန်ချင်လည်းဖြစ်တယ်၊ လုပ်စရာရှိတာတွေကို အာရုံပြောင်းပြီးလုပ်ပါ။ ဘဝအတွက်ကြိုးစားစရာရှိတာတွေကို ကြိုးစားပါ။ အဲဒါက မျှော်လင့်ရင်းနဲ့တော့ အချိန်ကုန်၊ စိတ်မဆင်းရဲရတော့ဘူးပေါ့။
ဘဝအတွက် အကောင်းဆုံးအကျိုးရှိရှိ ရှင်သန်ရင်း ကိုယ့်ဘဝအတွက် အစစ်မှန်ကို တွေ့လာပါလိ့မ်မယ်။ အဲဒါက အချိန်လည်းမကုန်၊ ဘဝအတွက်လည်းအကျိုးရှိ၊ အခြားသော စိတ်ဖိစီးမှုတွေလည်းမဖြစ်တော့ပါဘူးလို့ အားပေးလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။