ကတိတစ်လုံးရဲ့တန်ဖိုး

ကတိပေးဖူးလား….လို့မေးမယ်ဆိုရင် လူတိုင်းနီးပါး ကတိပေးဖူးကြမယ်ထင်ပါတယ်။ အနည်းနဲ့အများပဲကွာမှာပါ။ အဲဒါဆိုရင် ကတိကော တည်အောင်ထိန်းသိမ်းခဲ့ဖူးလားလို့ ထပ်မေးစရာရှိလာပြန်ပါတယ်။ ကတိပေးဖူးလားဆိုတာထက် ပေးထားတဲ့ကတိကို တည်အောင် ထိန်းသိမ်းထားခဲ့ဖူးရဲ့လား…ဆိုတဲ့မေးခွန်းက ပိုပြီးလေးနက်မှုရှိပါတယ်။ လူတိုင်းလိုလို ကတိတော့ပေးဖူးကြပါတယ်။ ဒါပေမယ့် ထိုပေးထားတဲ့ကတိကိုတော့ တည်အောင်ကြိုးစားတဲ့သူဆိုတာ နည်းပါတယ်။ ဒီနေ့ခေတ်မှာ လူတွေက ကိုယ့်ကျင့်တရား၊ သိက္ခာ၊ သမာဓိအားနည်းလာကြပါတယ်။ အဲဒီ့အခါ ကိုယ်ပေးဖူးတဲ့ကတိ၊ ကိုယ်ပေးထားတဲ့ကတိတစ်လုံးကို တန်ဖိုးမထားတတ်တော့ပါဘူး။ ကတိကို လွယ်လွယ်နဲ့ပေးဖို့ ဝန်မလေးသလို၊ ပေးထားတဲ့ကတိကိုလည်း တည်အောင်စောင့်ထိန်းဖို့ တာဝန်မယူနိုင်ကြတော့ပါဘူး။ အဲဒါကြောင့် ကတိလွယ်လွယ်ပေး၊ ကတိလွယ်လွယ်ဖျက်၊ ကတိကို တန်ဖိုးမထားတတ်ကြတော့ပါဘူး။


တကယ်တော့ ကတိတည်တတ်ဖို့က လူ့မှုဘဝမှာ အရေးကြီးတဲ့အပိုင်းမှာပါဝင်ပါတယ်။ ကျွန်တော်တို့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေလုပ်ကိုင်ရာမှာ၊ ပေါင်းသင်းဆက်ဆံရေးမှာ၊ အလုပ်ခွင်မှာ၊ မိတ်ဆွေများကြားမှာ စတဲ့အပြင် ကိုယ့်အိမ်က ကိုယ့်ရဲ့သားသမီးအပေါ်မှာတောင်မှ ကတိတစ်လုံးပေးထားဖူးရင် တန်ဖိုးထားပြီး တည်အောင်စောင့်ထိန်းသင့်ပါတယ်။
အလုပ်ခွင်မှာဆိုလည်း လေကြီးလေကျယ်နဲ့ပြောထားသမျှတွေမဖြစ်လာတဲ့အခါ ကိုယ့်ကိုလေပေါကြီးလို့ ထင်မြင်စေနိုင်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာ ဘာတွေလုပ်ပေးနိုင်တယ်၊ ကူညီပြမယ်ဆိုပြီး လေပေါခဲ့သမျှ မဖြစ်လာတဲ့အခါ အကြိမ်ပေါင်းများစွာထိုကဲ့သို့လေများခြင်းကို အပေါင်းအသင်းတွေ ပြက်ရယ်ပြုနိုင်ပါတယ်။

ကိုယ့်ရဲ့သားသမီးတွေအပေါ် ဘာလုပ်ပေးပါ့မယ်လို့ ပေးထားဖူးတဲ့ကတိတစ်လုံးကို မတည်နိုင်ခဲ့ရင် သားသမီးတွေရဲ့ မလေးစားခြင်းကိုခံရနိုင်ပါတယ်။ သားသမီးတွေက မိဘအပေါ် အကြည်ညိုပျက်စေပါတယ်။ အဲဒါအပြင် မိဘရဲ့မတည်ငြိမ်တဲ့စကားလုံးတွေကိုသားသမီးက မလေးစားတဲ့အတွက်ကြောင့် သားသမီးကို ထိန်းကျောင်းရခက်စေနိုင်ပါတယ်။ သားသမီးဖြစ်သူတွေက အတုမြင်အတတ်သင်တတ်သူတွေဖြစ်တဲ့အတွက်ကြောင့် ကတိမတည်တတ်တဲ့မိဘရဲ့ သားသမီးဖြစ်သူအများစုကလည်း ထိုမိဘပုံစံအတိုင်းဖြစ်လာတာများပါတယ်။

ကတိမတည်တတ်ခြင်းက တနည်းအားဖြင့် လူတစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးကို တဖက်လူမှ အထင်အမြင်သေးစေပါတယ်။ အခြားလူရဲ့ ကိုယ့်အပေါ်ယုံကြည်မှုကျစေပါတယ်။ ကိုယ့်အပေါ်တဖက်လူရဲ့ လေးစားခြင်း၊ အားထားခြင်း၊ ယုံကြည်ခြင်း၊ စတာတွေအားနည်းတဲ့အခါ ကိုယ့်ရဲ့စွမ်းဆောင်ရည်၊ ကိုယ့်ရဲ့အရည်အချင်းတွေအပေါ်မှာလည်း ယုံကြည်မှုမရှိနိုင်တော့ပါဘူး။ အဲဒါကြောင့် ကတိမတည်တတ်တဲ့လူမျိုးကို ဘယ်သူမှ အထင်မကြီးမလေးစားနိုင်ပါဘူး။ ပြောရရင်တော့ လူပေါကြီးအဖြစ်သာ သတ်မှတ်တတ်ပါတယ်။ ကိုယ့်အကြောင်းမသိခင်ကသာ ကိုယ့်ကိုအဖက်လုပ်မှာဖြစ်ပေမယ့် ကိုယ့်အကြောင်းသိသွားတဲ့အခါမှာတော့ ကိုယ့်စကားကို အဖက်လုပ်ကြမှာမဟုတ်ပါဘူး။ အဲဒီလိုနဲ့ပဲ ပတ်ဝန်းကျင်အသိုင်းအဝန်းမှာ ဘေးဖယ်ထားခံရတတ်ပါတယ်။

လူတစ်ယောက်ရဲ့ ပုံရိပ် တနည်းအားဖြင့် ထိုလူရဲ့ကိုယ်ရည်ကိုယ်သွေးကို အခြားလူတစ်ယောက်ကတန်ဖိုးထားဖို့ဆိုတာ ကိုယ့်ရဲ့ပုံရိပ်ကို ခက်ခဲတဲ့အရာတွေနဲ့ တည်ဆောက်ထားမှဖြစ်တာပါ။ လူတစ်ယောက်ရဲ့ ကိုယ့်ကျင့်တရား၊ ကတိသစ္စာတည်နိုင်ခြင်း၊ ရိုးသားခြင်း၊ လေးစားအားကိုးရခြင်း စတဲ့ အရာတွေကို ငွေနဲ့ဝယ်မရပါဘူး။ ကိုယ်တိုင်က တည်တံ့အောင် ဆောက်တည်ကြိုးစားထားရတာဖြစ်ပါတယ်။ ထိုအရာတွေက ငွေနဲ့လည်း တန်ဖိုးဖြတ်ဝယ်မရသလို၊ လူတစ်ယောက်အနေနဲ့လည်း ဆောက်တည်ရခက်ခဲလွန်းလှပါတယ်။
ဒါပေမယ့် ထိုခက်ခဲတဲ့အရာတွေကို ခိုင်မာစွာ တည်ဆောက်နိုင်တဲ့အခါ လူအများရဲ့ လေးစားအားကျခြင်း၊ ယုံကြည်အားကိုးခြင်း၊ လက်ခံနိုင်ခြင်းကို ရနိုင်တာဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ image ကို ကောင်းကောင်းတည်ဆောက်ချင်တယ်ဆိုရင် လေလုံးမကြီးပါနဲ့။ ကိုယ်ပြောထားတဲ့စကား ဒါမှမဟုတ် ကိုယ်ပေးထားတဲ့ကတိကို တည်နိုင်အောင်ကြိုးစားပါလို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။