သင့်ဘဝကို ပြုပြင်ပြောင်းလဲသင့်မှန်း ပြသနေသော လက္ခဏာများ

ဘဝကို အမြဲတမ်း အိပ်လိုက်စားလိုက်၊ စားဝတ်နေရေးအတွက် အလုပ်လေးပြေးလုပ်လိုက်၊ အချိန်တန် လစာမလောက်မငနဲ့ကြပ်တည်းအဆင်မပြေလိုက် စသဖြင့် လုံးချာလည်လိုက်ပြီး အချိန်ကုန်သွားတော့မှာလား။ အချိန်နှောင်းမှ ငယ်တုန်းက တက်ကြွစွာ မကြိုးစားခဲ့လေခြင်းဆိုပြီးနောင်တရမှာလား။ အဲဒီလိုနဲ့ဘဝအချိန်ကုန်သွားတဲ့အခါ ကိုယ်တစ်ယောက်တည်းထိခိုက်မှာတောင်မဟုတ်ပါဘူး။ ကိုယ့်ရဲ့သားသမီးမြေးမြစ်တွေထိ ဘာမှလက်ဆင့်မကမ်းနိုင်ဘဲ ထိခိုက်စေနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အမြဲ သာမာန်အဆင်ပြေနေတဲ့လမ်းကြောင်းတစ်ခုမှာပဲ သက်တောင့်သက်သာနဲ့ရှင်သန်ဖို့ထက် ကိုယ့်ကိုယ်ကိုယ်အမြဲသုံးသပ်ဆင်ခြင်သင့်ပါတယ်။


အဲဒါမှ ကိုယ်ပြုပြင်ပြောင်းလဲသင့်တာကိုလည်း ပိုသိလာပြီးပြုပြင်နိုင်မှာပေါ့။ သင့်ဘဝကိုပြုပြင်ပြောင်းလဲသင့်မှန်း ပြသနေသောလက္ခဏာတွေက‌တော့အောက်ပါအတိုင်းပါပဲ။

၁) သောကြာနေ့ရောက်မှာကိုသာစောင့်မိနေခြင်း။
တစ်ပတ်လုံးကို စိတ်ပျက်လက်ပျက်ဖြတ်သန်းနေပြီး သောကြာနေ့ရောက်လာပါစေလို့သာ အမြဲဆုတောင်းနေမိတယ်ဆိုရင်တော့ သေချာပါတယ် သင့်ဘဝကို ပြုပြင်ပြောင်းလဲသင့်နေပါပြီ။ ဘာမှထူးခြားမှုမရှိ၊ တက်ကြွမှုမရှိဘဲ ဘဝအတွက် စိန်ခေါ်မှုတွေကို ရှာဖွေသင့်နေပါပြီ။ တစ်ခုခုကို ကြိုးစားပမ်းစားရအောင် တိုက်ပွဲဝင်တာမျိုးရှိနေမှသာ ဘဝက စိတ်ဝင်စားစရာကောင်းနေမှာဖြစ်ပါတယ်။ အဲဒီလို
မဟုတ်ဘဲ သောကြာနေ့ရောက်ဖို့သာ စဥ်းစားနေတယ်ဆိုရင်တော့ သင့်နေ့စဥ်ဘဝကို ပြုပြင်ပြောင်းလဲသင့်နေပါပြီ။

၂) ကိုယ့်အတွက်အရေးကြီးဆုံးကဘာလဲဆိုတာမသိခြင်း။
ကိုယ့်ဘဝကို ဘာအတွက်ရှင်သန်နေသလဲ၊ ကိုယ်ဖြစ်ချင်တာကဘာလဲ၊ ကိုယ့်အတွက်အသည်းအသန်မရရအောင် ကြိုးစားချင်တာက ဘာလဲ စသဖြင့် ကိုယ့်ရဲ့ စိတ်အားထက်သန်စွာရှာဖွေချင်တဲ့အရာကိုသိမှ ဘဝက ပိုပြီးကြိုးစားတတ်လာမှာဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကိုယ့်အတွက် အရေးအကြီးဆုံးကဘာလဲဆိုတာတောင်မသိဘူးဆိုရင်တော့ ကိုယ်ကဘယ်တိုက်ပွဲကိုနိုင်အောင်တိုက်ချင်တာလဲဆိုတာကို မသိတဲ့လူလိုဖြစ်နေပြီမို့ အောင်မြင်တိုးတက်မှာလည်းမဟုတ်ပါဘူး။
၃) လက်ရှိအလုပ်ကိုလည်းမတတ်သာလို့လုပ်နေရခြင်း။
မနက်မိုးလင်းတာနဲ့ စားဝတ်နေရေးကို ငဲ့ပြီး မတတ်သာလို့ စိတ်ပါဝင်စားတဲ့အလုပ်ကိုလုပ်ရမယ်ဆိုတဲ့စိတ်က သင့်ဘဝကို ပိုပြီးပျင်းရိငြီးငွေ့လာစေပါတယ်။ ဒီဘဝထဲက ရုန်းထွက်နိုင်လားဆိုတော့ အချိန်ကြာလေလေ ရုန်းမထွက်နိုင်လေပဲဖြစ်မှာပါ။ အဲဒါကြောင့် ကိုယ့်လုပ်နေတဲ့အလုပ်အပေါ်မှာလည်း စိတ်အားထက်သန်စွာလုပ်ချင်စိတ်ရှိအောင် သင့်ကိုယ်သင်ပြုပြင်ပြောင်းလဲသင့်ပါတယ်။

၄) သင့်ခံစားချက်တွေကို သင်ကိုယ်တိုင်မကျေနပ်ဖြစ်နေမိခြင်း။
တနည်းအားဖြင့်တော့ သင့်ကိုယ်သင်မကျေနပ်ခြင်းပါပဲ။ အဲဒါက ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ်နဲ့ရန်ဖြစ်နေရတာနဲ့တူပါတယ်။ ကိုယ်တိုင်တောင် ကိုယ့်ကိုယ်ကိုယ်မကျေနပ်ဘူးဆိုမှတော့ အခြားမြင်သမျှဘဝကို ဘယ်လိုကျေနပ်နိုင်ပါ့မလဲ။ “သူတို့ဘဝကကောင်းလိုက်တာ၊ ငါ့ကျမှ ဒုက္ခရောက်နေရတယ်” “သူတို့ကသက်သာလိုက်တာ၊ ငါ့ကျမှ ပင်ပန်းလိုက်တာ” စသဖြင့် မကျေနပ်နေခြင်းဟာ သင့်ကိုယ်သင်နှိပ်စက်နေခြင်းပါပဲ။ အဲဒါဆိုရင်တော့ သင့်ဘဝကို သင်ချက်ချင်း ပြုပြင်ပြောင်းလဲသင့်နေပါပြီ။ သင်မကျေနပ်နိုင်တာက ဘာလဲ၊ သင်ဘာလုပ်နိုင်မလဲစတာတွေကို ပြန်သုံးသပ်သင့်နေပါပြီ။

၅)ကိုယ့်ကိုယ်ကိုယ်ပျော်ရွှင်ဖို့ ဘာလုပ်ရမယ်မသိခြင်း။
နံပါတ်၄အချက်ကလိုပဲ သင့်ကိုယ်သင်မကျေနပ်ရခြင်းအကြောင်းရင်းက သင့်ဘဝကို တကယ်ပျော်ရွှင်ကျေနပ်စေနိုင်မယ့်အရာကဘာလဲဆိုတာကို သင်ကိုယ်တိုင်မသိနိုင်လို့ပါပဲ။ အဲဒီ့အရာကတော့ အဆိုးဝါးဆုံးပါပဲ။ အရက်သောက်ပြီးအပန်းဖြေမယ်၊ မူးယစ်ဆေးသုံးပြီး ပျော်ရွှင်အောင်လုပ်မယ်ဆိုတာမျိုးကိုဆိုလိုချင်တာမဟုတ်ဘဲ ကိုယ်ဘာလုပ်နေရင်စိတ်ထဲက အေးချမ်းစွာပျော်သလဲ ဥပမာ အပင်လေးတွေစိုက်ရင်း ပန်းလေးတွေပွင့်လာတာကိုမြင်ပြီးပျော်ရွှင်တတ်ရင် ပန်းပင်လေးတွေစိုက်ကြည့်ပါ။ အိမ်မွေးတိရိစ္ဆန်လေးတွေကိုချစ်တတ်လား မွေးကြည့်လိုက်ပါ။ ပန်းချီကားလေးတစ်ချပ်ဆွဲနေရရင်ပျော်လား ပန်းချီဆွဲတတ်အောင်သင်လိုက်ပါ။ စသဖြင့်ပေါ့။ အဲဒီလိုကိုယ်တကယ်ပျော်ရျွင်တဲ့အရာကိုမသိဘူးဆိုရင်လည်း ကိုယ့်ပျော်ရွှင်မှုကို သိအောင် ပြန်သုံးသပ်သင့်နေပါပြီ ။ အဲဒါမှ ကိုယ့်ပျော်ရွှင်မှုအတွက်လုပ်သင့်တာကိုလုပ်ရင်း ကိုယ့်ဘဝက သမရိုးကျထက်ပိုပျော်စရာ၊ စိတ်ဝင်စားစရာကောင်းလာမှာပါ။

၆) ကိုယ့်ဘဝကိုယ်အချိန်တိုင်းအဓိပ္ပွာယ်မရှိသလိုခံစားနေရခြင်း
ဒါလည်း အလားတူပါပဲ. စားဝတ်နေရေးအတွက် မတတ်သာတဲ့အလုပ်တွေကိုချည်း စိတ်မပါဘဲ လုပ်နေရတယ်လို့တွေးထင်လာတာ၊ ကိုယ့်ဘဝက နေ့တိုင်း နေဝင်မိုးချုပ် ဘာမှန်းမသိဘဲ အဓိပ္ပါယ်မရှိဘူးလို့ခံစားလာရတာတွေက သင့်ဘဝကို ပိုပြီး ခြောက်ကပ်ပျင်းရိလေးလံလာစေပါတယ်။ အဲဒီ့အခြေအနေကို ပြန်သုံးသပ်မပြုပြင်ရင်တော့ အချိန်လွန်လေလေ သင်ပိုပြီး ပြုပြင်လို့မရလေလေဖြစ်သွားနိုင်ပါတယ်။
အထက်ပါအချက်တွေထဲက တစ်ချက်ချက်ခံစားနေရတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်သိအောင် သေချာပြန်သုံးသပ်ဖို့လိုနေပါပြီ။ ပြန်သုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ်သိလာတဲ့အခါကျရင်လည်း ချက်ချင်းပြုပြင်ပြောင်းလဲမှုကို အားသွန်ခွန်စိုက်ပြုလုပ်မှဖြစ်ပါလိမ့်မယ်လို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။