အဆိုးမြင်တတ်တဲ့သူတွေကြားမှာ ဘယ်လိုပျော်ရွှင်အောင်နေကြမလဲ။

သင့်ပတ်ဝန်းကျင်မှာ မပျော်ရွှင်တဲ့သူတွေရှိနေသလား။ ပြောရရင် သင့်ပတ်ဝန်းကျင်မှာ မကောင်းတဲ့အတွေး၊ မကောင်းတဲ့ခံစားချက်ဖြစ်ပေါ်စေတဲ့သူတွေက သင့်ကိုပါ မကောင်းတဲ့ခံစားချက်တွေဖြစ်ပေါ်လာစေပါတယ်။ သူတို့တွေက သင့်ရဲ့ပျော်ရွှင်နေတဲ့ခံစားချက်တွေကိုပါ ပြောင်းလဲပစ်နိုင်ပါတယ်။ အဲဒီလိုမကောင်းတဲ့အမြင်တွေကို ဘယ်လိုဖယ်ထုတ်ပစ်မလဲ။ အဲဒီလို မကောင်းတဲ့အမြင်ရှိတဲ့ လူတွေကြားမှာ သင့်ရဲ့ကောင်းမွန်တဲ့အတွေးအခေါ်တွေ၊ ခံစားချက်တွေကို ဘယ်လိုထိန်းသိမ်းမလဲ။ မပျော်ရွှင်တတ်တဲ့လူတွေကြားမှာ သင့်ကိုသင်ဘယ်လိုပျေ်ာရွှင်အောင်နေထိုင်မလဲ။


၁) ကျေးဇူးတင်တတ်ပါစေ။
ကျေးဇူးတင်တတ်ခြင်းက မှော်ပညာလိုပါပဲ။ ရောက်ရှိနေတဲ့အခြေအနေမှာ အကောင်းတွေမြင်အောင်ကြည့်မယ်၊ အရှိအတိုင်းလက်ခံမယ်၊ ကျေးဇူးတင်မယ်ဆိုရင် ပျော်စရာကောင်းနေမှာပါပဲ။ မပျော်ရွှင်တဲ့လူတွေ၊ အကောင်းမမြင်တတ်တဲ့လူတွေကြားမှာ သင့်မှာရှိထားတာလေးကို ကျေးဇူးတင်ပါ။ သင့်ကိုကူညီပေးတဲ့သူတွေကို ကျေးဇူးတင်ပါ။ အဆိုးမြင်တတ်တဲ့သူတွေက သင့်စိတ်ထဲမှာရှိနေပြီးသား အကောင်းမြင်တတ်တဲ့စိတ်လေးကိုတောင် ပျက်စီးစေနိုင်ပါတယ်။ အဲဒါကြောင့် လက်ရှိမှာ သင်ရရှိပိုင်ဆိုင်ထားတာလေးတွေကိ ကျေးဇူးတင်တတ်ဖို့ မမေ့ပါနဲ့။ သင့်ရဲ့လက်ရှိအလုပ်အကိုင်ဝင်ငွေလေးရှိနေတာ ကျေးဇူးတင်ပါ။ သင့်မိသားစု၊ သင့်ကိုချစ်တဲ့သူရှိနေတာကိုကျေးဇူးတင်ပါ။ သင့်အသက်ရှင်နေသေးတာကျေးဇူးတင်ပါ။ အစားအသောက်ကောင်းတွေစားနိုင်သေးတာ ကျေးဇူးတင်ပါ။ သင်ကြိုက်နှစ်သက်တာတွေလုပ်နိုင်သေးတာ ကျေးဇူးတင်ပါ။ သင့်ကျန်းမာရေးကောင်းနေတာကျေးဇူးတင်ပါ။ ထပ်ပြီး ကျေးဇူးတင်လို့ရတာတွေ စဉ်းစားကြည့်လိုက်ပါအုံးနော်။

၂) သူတို့ရဲ့အဆိုးမြင်တတ်တဲ့စိတ်ကို အာရုံမထားပါနဲ့။
တစ်စုံတစ်ယောက်ရဲ့ အဆိုးမြင်တတ်တဲ့စိတ်ကို အာရုံစိုက်လိုက်တဲ့အခါ ကိုယ့်ထံကိုပါ မကောင်းတဲ့ခံစားချက်တွေ ကူးစက်လာစေပါတယ်။ နောက်ပိုင်း အဆိုးမြင်စရာတွေကိုသာ ရွေးမြင်တတ်တာက အကျင့်ဖြစ်သွားတတ်ပါတယ်။ အဲဒါကြောင့် သင့်ပတ်ဝန်းကျင်က အဆိုးမြင်တတ်တဲ့လူတွေရဲ့အဆိုးမြင်စိတ်ကို အာရုံမထားပါနဲ့။ သင့်ရဲ့စွမ်းအင်နဲ့ သင့်ရဲ့အချိန်တွေကို သင့်ပတ်ဝန်းကျင်က အဆိုးမြင်စိတ်ရှိသူတွေဆီမှာ မဖြုန်းတီးပစ်လိုက်ပါနဲ့။
၃) သူတို့က သူလမ်းသူလျှောက်နေတယ်ဆိုတာ နားလည်ပါ။
မပျော်ရွှင်တဲ့လူတွေကို အကဲဖြတ်ရတာလွယ်ပါတယ်။ လူတိုင်းရဲ့ဘဝဖြတ်သန်းပုံခရီးလမ်းကို ကျွန်တော်တို့အလုံးစုံမသိနိုင်ပါဘူး။ သူတို့မှာ ကျွန်တော်တို့ထက် ခက်ခဲလွန်းတဲ့အချိန်ကို ဖြတ်သန်းရကောင်းဖြတ်သန်းခဲ့ရနိုင်ပါတယ်။ အဲဒါကြောင့်အဆိုးမြင်စိတ်ခံစားချက်တွေရှိနေတာလဲ ဖြစ်နိုင်ပါတယ်။ အဲဒီလိုလူမျိုး သူကြုံတွေ့ခဲ့ရတဲ့ဘဝအမြင်နဲ့ အဆိုးမြင်နေတာဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် လူတိုင်းက သူတို့ဘဝလမ်းကို သူတို့လျှောက်လှမ်းနေရတယ်ဆိုတာ သင်နားလည်လက်ခံပါ။ သင်ပြုပြင်ပေးလို့မရပါဘူး။ သူတို့ကိုယ်တိုင် နားလည်ပြီး လက်ခံပြုပြင်မှာ ရမှာပါ။ ပျော်ရွှင်ပါလို့ ပြောမယ့်အစား သူတို့ကို ကူညီနိုင်သလောက်ကူညီပေးပါ။ ကြင်နာနိုင်သလောက် ကြင်နာပေးပါ။ သင်လုပ်နိုင်တာအဲလောက်ပါပဲ။ သင့်ရဲ့ပျော်ရွှင်မှုကိုသာ သင်တန်ဖိုးထားပါ။

၄) လူတိုင်းကို စိတ်ထဲမထည့်ပါနဲ့။
မပျေ်ာရွှင်တဲ့သူ ၊ အကောင်းမမြင်တတ်တဲ့သူကလည်း သူ့စိတ်နဲ့သူပါပဲ။ အခြားသူတစ်ယောက်ရဲ့ အတွေး ဒါမှမဟုတ် ခံစားချက်ကို သင်က မထိန်းချုပ်နိုင်ပါဘူး။ သူတို့ခံစားချက်ကို သင်ကသာ လိုက်ခံစားပြီး သင့်ရဲ့နေ့စဉ် ပုဂ္ဂိုလ်ရေးထဲထည့်တွေးနေလိုက်တာမှ သင့်ရဲ့ ခံစားချက်လည်းမကောင်း၊ သင့်ရဲ့အလုပ်လည်းပျက်ဖြစ်နိုင်တာပါ။ အဲဒါကြောင့် လူတိုင်းက ခံစားချက်ကိုယ်စီရှိနေမယ်၊ ထိုခံစားချက်ကို သင်မထိန်းချုပ်နိုင်ဘူး၊ သူတို့ကိုယ်တိုင်ပြုပြင်မှရမယ်၊ သင့်ကိုယ်သင်သာလျှင် အကောင်းဆုံးခံစားချက်ဖြစ်အောင် ကြိုးစားနေုထိုင်ပါ။ အဆိုးမြင်တတ်တဲ့သူတွေက သူတို့မှာ တစ်ခုခုကြောက်လန့်စိုးရိမ်နေတာ၊ စိတ်မလုံခြုံမှုကို ခံစားနေရတဲ့သူတွေဖြစ်ပါတယ်။ အဲဒါကြောင့် အကောင်းမြင်တတ်တဲ့အကျင့်မရှိပါဘူး။ သင်ကသင်…သူတို့က သူတို့ပဲဖြစ်တယ်လို့ သင်တွေးတတ်ပါ။

၅) မပျေ်ာရွှင်တတ်တဲ့သူတွေနဲ့အချိန်မပေးပါနဲ့။
အဲဒီလိုမကောင်းမြင်တတ်တဲ့သူတွေက သင့်ပတ်ဝန်းကျင်မှာ ဝန်းရံထားတာများနေတယ်ဆိုရင် ဒါမှမဟုတ် သူတို့နဲ့အချိန်ဖြုန်းတာများနေတယ်ဆိုတာ သင့်စိတ်ထဲမှာ ထိုကဲ့သို့ မကောင်းမြင်တဲ့အတွေးအခေါ်တွေများလာစေပါတယ်။ အဲဒါကြောင့်အဆိုးမြင်သမားတွေနဲ့ အချိန်ဖြုန်းတာ နည်းနိုင်သမျှ နည်းပါစေ။ သူတို့နဲ့ အချိန်ဖြုန်းချိန်ကို သတ်မှတ်ကန့်သတ်ပါ။ သင့်ကိုကောင်းတဲ့အတွေးအခေါ်၊ ကောင်းမွန်တဲ့စိတ်ခံစားချက်ဖြစ်ပေါ်စေတဲ့သူတွေနဲ့သာ များများဝန်းရံဖို့လိုပါတယ်။

၆) သင့်ကိုသင် စိန်ခေါ်ပါ။
သင့်ပတ်ဝန်းကျင်မှာ အဆိုးမြင်သမားများလာတဲ့အခါ သူတို့ရဲ့အဆိုးမြင်စိတ်က သင့်ကိုထိခိုက်စေပါတယ်။ သင့်စိတ်ကိုပါ အဆိုးဘက်ကို ဆွဲချနိုင်ပါတယ်။ အဲဒါကြောင့် အဆိုးမြင်စိတ်ထဲကနေ ရုန်းထွက်နိုင်ရမယ်လို့ သင့်ကိုသင်စိန်ခေါ်ပါ။ အဆိုးမြင်တဲ့သူက အမြဲတစေ ဝမ်းနည်းနေတာမျိုး၊ အမြဲတစေ စိတ်ဒုက္ခရောက်နေတာမျိုးဖြစ်လေ့ရှိပါတယ်။ အဲဒါကြောင့် သင့်ရဲ့အကောင်းမြင်စိတ်ကို သင်ပြန်ရေတွက်ပါ။ သင့်ကိုသင်ပြန်ဆန်းစစ်ပါ။ အဆိုးမြင်စိတ်နည်းနိုင်သမျှ နည်းအောင်ကြိုးစားမယ်လို့ ကိုယ့်ကိုကိုယ်စိန်ခေါ်ပါ။

၇) သူတို့အပေါ်မြင်တဲ့အမြင်ကို ပြောင်းလဲပါ။
သူတို့နဲ့ပတ်သက်ပြီး အမြဲတစေ သူတို့ဝမ်းနည်းပူဆွေးနေတာတွေကို ထည့်မစဉ်းစားဘဲ သူတို့ရဲ့ကောင်းကွက်လေးတွေကို စဉ်းစားပါ။ သူတို့ရဲ့ ရုပ်ရည် ၊ သူတို့ရဲ့စွမ်းရည်၊ သူတို့ရဲ့ စတိုင်လ် စတဲ့ကောင်းကွက်လေးတွေကိုပါ။

၈) ကိုယ့်အတွက်အချိန်ပေးပါ။
အဆိုးမြင်တဲ့လူတွေကြားကနေ ခဏတဖြုတ်ခွာပြီး ကိုယ့်အတွက်အချိန်လေးပေးပါ။ လေ့ကျင့်ခန်းလုပ်တာ၊ စာရေးတာ၊ တရားထိုင်တာ၊ ဝါသနာပါရာလုပ်တာမျိုးပါ။ အဲဒီလိုကိုယ့်ကိုကိုယ်အချိန်ပေးလိုက်တာက သင့်ကိုသင်ပြန်ပြီးသုံးသပ်ဖို့လည်းအချိန်ရသွားစေပါတယ်။

၉) ရယ်စရာတွေပြောပါ။
တခါတရံ ရယ်စရာတွေရှာဖတ်ပါ။ ရယ်စရာဗီဒီယိုဖိုင်တွေကြည့်ပါ။
၁၀) ကိုယ့်ကိုကိုယ်သာအာရုံစိုက်ပါ။
မကောင်းတဲ့ခံစားချက်တွေများလာတဲ့အခါ ကိုယ့်ကိုကိုယ်ထိခိုက်စေသလားပြန်တွေးပါ။ အဓိကက ကိုယ့်ကိုကိုယ်အာရုံစိုက်ဖို့သာ လိုပါတယ်။ ကိုယ်ပျော်ရွှင်ဖို့၊ ကိုယ့်ခံစားချက်က ကောင်းရဲ့လား၊ သင့်ကိုယ်သင်သာ အာရုံထားပါ။

အဆိုးမြင်တဲ့လူတွေနဲ့သာအမြဲတမ်းဝန်းရံထားခြင်းက သင့်ကိုပါ အဆိုးမြင်စိတ်ဖြစ်လာစေပါတယ်။ မဖြစ်မနေ ဆက်ဆံရမယ်၊ ဝန်းရံဖြစ်နေတယ်ဆိုရင် အထက်ကနည်းလမ်းတွေနဲ့နေထိုင်ကျင့်သုံးပါ။ သူတို့ရဲ့အဆိုးမြင်စိတ်တွေလွှမ်းမိုးတာများလာတဲ့အခါမှာ သင့်ကိုသင်ပြန်သတိပေးပါ။ ကိုယ့်ရဲ့လွတ်လပ်ခွင့်နဲ့ ကိုယ့်ရဲ့ပျော်ရွှင်ခြင်းကို မထိခိုက်စေဖို့သတိထားပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။