သူ့ဘက်ကိုယ့်ဘက်မျှတွေးတတ်ပါစေ။

လူ့လောကမှာ ကျင်လည်ကြတဲ့အခါ လူအမျိုးမျိုးကို ပါဝင်ပတ်သက်ရမှာပါ။ အဲဒီလိုပတ်သက်ရတဲ့အခါ အတ္တကြီးပြီး ကိုယ်ချင်းမစာနာတတ်သူမျိုးတွေ၊ ငါတတ်ငါသိဆိုတဲ့လူမျိုးတွေ၊ “ငါသာလုပ်ချင်ရာလုပ်မယ်…..ငါ့ကျတော့သေးသေးတောင်လာမတင်နဲ့” ဆိုတဲ့လူမျိုးတွေ နဲ့လည်း ကြုံဖူးကြမှာပါ။ အရမ်းကိုအားနာတတ်ပြီး အရမ်းကို အနစ်နာခံတတ်တဲ့လူမျိုးတွေ၊ ကိုယ်ချင်းစာတတ်လွန်းလို့ ကိုယ်ကျိုးတောင်မငဲ့တတ်တဲ့လူမျိုးတွေလည်း ကြုံဖူးကြမှာပါ။ ကိုယ်ချင်းစာစိတ်နဲ့ လူတစ်ဖက်သားကို ကိုယ့်လိုသဘောထားပြီး ကူညီတတ်တဲ့သူတွေကို ကြုံရတဲ့အခါမှာတော့ ကိုယ်ကတောင်ပြန်ပြီး အားနာမိတဲ့စိတ်၊ ချစ်ခင်မိတဲ့စိတ်၊ ကျေးဇူးတင်မိတဲ့စိတ်တွေနဲ့ မှတ်သားထားရမှာဖြစ်သလို ကိုယ့်အတွက်သာကြည့်တတ်တဲ့ လူ့အတ္တသမားတွေနဲ့တွေ့ရတဲ့အခါမျိုးမှာလည်း ပါးစပ်အဟောင်းသားနဲ့ ကိုယ်ခံလိုက်ရတာတွေလည်း နည်းမှာမဟုတ်ပါဘူး။


ဘယ်လိုပဲဖြစ်ပါစေ……လူဆိုတာမျိုးက အတ္တမရှိတဲ့လူရယ်လု့ိ မရှိကြတဲ့အတွက် အတ္တနည်းသူနဲ့ အတ္တကြီးသူရယ်လို့ပဲ ခွဲခြားပြီး ပြောရမယ်ထင်ပါတယ်။ လူဆိုတာမျိုးက တိရိစ္ဆာန်ထက်ကို အသိဉာဏ်ပညာကြီးမားပါတယ်၊ ဝေဖန်ပိုင်းခြားနိုင်စွမ်းလည်း ရှိပါတယ်။ အဲဒါကြောင့်ကိုပဲ အမှန်အမှားကို တိရိစ္ဆာန်ထက်ကို ခွဲခြားဆုံးဖြတ်တတ်ရပါမယ်။ အဲဒါအပြင် တစ်ဦးအပေါ်တစ်ဦးမှာ စာနာနားလည်ခြင်း၊ ဖေးမကူညီတတ်ခြင်း၊ အပြန်အလှန်ငဲ့ညှာတတ်ခြင်းတွေရှိသင့်ပါတယ်။

ကိုယ်ဖြစ်ချင်တာတွေကိုသာ ဦးစားပေးပြီး အခြားသူရဲ့တဖက်အခြေအနေကို နားမလည်ပေးနိုင်ရင် ကိုယ့်အတွက်က မသိသာပေမယ့် တဖက်လူမှာတော့ ထိခိုက်မှုအနည်းနဲ့အများရှိနိုင်ပါတယ်။ လူတစ်ယောက်ကိုအကူအညီတောင်းတော့မှာပဲဖြစ်ဖြစ်၊ ကိစ္စတစ်ခုခုကို ပြောတော့မှာ၊ လုပ်ခိုင်းတော့မှာပဲဖြစ်ဖြစ် တစ်ဖက်လူရဲ့အခြေအနေကို ထည့်တွေးပေးသင့်ပါတယ်။ ဥပမာ။ သင်ကသင့်သူငယ်ချင်းဆီကို ဖုန်းဆက်တယ်ဆိုပါစို့။ ဖုန်းအကြိမ်ပေါင်းများစွာခေါ်နေပေမယ့် ဟိုဘက်ကဖုန်းမကိုင်ဘူးဆိုရင် သင်ဘယ်လိုတွေးမလဲ။ “ဒီကောင်ကတော့ကွာ….ဒီလောက်ခေါ်နေတာကိုဖုန်းမကိုင်ဘူး။ သေနေပြီလားမသိဘူး” လို့တွေးပြီး ဒေါသထွက်နေမိတယ်ဆိုရင် သင့်အတွေးတွေကို ပြုပြင်ဖို့လိုနေပါပြီ။ သင်ဘက်က အရေးတကြီးခေါ်နေပေမယ့် တဖက်လူက တခုခုအရေးကြီးတာမျိုးလုပ်နေလို့၊ အလုပ်ကိစ္စတခုခုရှိနေလို့ပဲဖြစ်ဖြစ် ဖုန်းမကိုင်နိုင်တာမျိုးဖြစ်နိုင်တယ်လို့ တွေးပေးကြည့်လိုက်ပါ။ အဲလိုတွေးလိုက်တဲ့အခါ သင်လည်းစိတ်မတိုဒေါသမထွက်တော့သလို၊ တဖက်လူဘက်ကကြည့်ရင်လည်း တကယ်မအားတာဖြစ်နေတဲ့အခါ သူ့အတွက်ကိုယ်တွေးပေးလိုက်တာမမှန်ဘူးလား။

သင့်မိတ်ဆွေတစ်ယောက်ထံက သင်ကငွေနည်းနည်းချေးတယ်ဆိုပါတော့။ သင့်မိတ်ဆွေက သင့်ကိုအခေါက်တိုင်း နိုင်သလောက်ငွေချေးပေးနေကျပေမယ့် ဒီတစ်ခေါက်တော့ မချေးတော့ဘူးဆိုရင် သင်က ဘယ်လိုတွေးမလဲ။ “ဟင်း…တကယ်တော့ သူအဆင်ပြေနေတာ ငါဖေ့ဘုတ်ပေါ်မှာတွေ့နေရတယ်။ အကျင့်ပုတ်ပြီး ငါ့ကိုငွေမချေးတာ။ သူငယ်ချင်းမပီသတဲ့သူ” လို့ သင်တွေးမလား။
လူတိုင်းက သူ့အခြေအနေနဲ့သူပါ။ သင်ကလည်း သင့်ဘက်အခြေအနေနဲ့အချိန်အခါရဖြစ်နေသလို၊ သူ့ဘက်မှာလည်း သူ့အခြေအနေနဲ့အချိန်အခါကိုလည်း ထည့်တွက်ပေးသင့်ပါတယ်။ ကိုယ်ရယူလိုတဲ့စိတ်တစ်ခုထဲသာ ထားရင် လူတိုင်းက အတ္တသမားတွေဖြစ်ကုန်ပါလိမ့်မယ်။

ဟုတ်ပြီ….အဲဒါဆိုရင် သင်တို့နေရာချင်းလဲပြီး စဉ်းစားကြည့်လိုက်ပါ။ ကိုယ့်ထံက ငွေလာချေးတယ်ဆိုပါတော့။ သင်မချေးနိုင်လို့ သင့်မိတ်ဆွေက သင့်ကိုစိတ်ဆိုးတယ်ဆိုရင်ကော သင်ကြိုက်ပါ့မလား။ ဘယ်ကြိုက်နိုင်ပါ့မလဲ။ “ငါ့အခြေအနေကို ငါပဲသိတယ်။ ချေးချင်ပေမယ့်အဆင်မပြေလို့မချေးလိုက်တာ” မျိုးဆိုရင် သင့်သူငယ်ချင်းကို သင်က ပြန်ပြီးစိတ်မကွက်ဘူးလား။ တကယ်တော့ ကိုယ်ကချေးပေးချင်စိတ်ရှိပါတယ်။ အဆင်မပြေလို့မချေးနိုင်တာကို သူငယ်ချင်းက နားမလည်ဘူးဆိုပြီး သင်ကတောင် သူ့ကို ပြန်စိတ်ကွက်နိုင်ပါသေးတယ်။
တကယ်တော့ လူမှုဆက်ဆံရေးမှာ သူ့ဘက်ကိုယ့်ဘက်တွေးပေးဖို့ တကယ်ကိုလိုအပ်ပါတယ်။ အခြေအနေတွေတိုင်းမှာ အမြဲလို အစွန်းရောက်အောင် တွေးတောနေလို့မဖြစ်ပါဘူး။ အဲဒီ့အခါ တဖက်လူနစ်နာသွားတတ်ပါတယ်။ သူဆိုရင်ကော…..၊ ငါဆိုရင်ကော …… ဆိုတဲ့စိတ်လေးနဲ့ သူ့ဘက်ကိုယ့်ဘက်တွေးပေးဖို့လိုပါတယ်။

အခြားသူရဲ့ဘက်ကို မတွေးပေးတဲ့သူတွေများလာတဲ့အခါ လူတွေအားလုံးက အတ္တကြီးတွေလူတွေချည်းဖြစ်လာပါလိမ့်မယ်။ ထိုအခါ အတ္တနည်းတဲ့သူတွေချည်း ခံဘက်က ဖြစ်လာမှာပေါ့။ အဲဒါကြောင့် အမြဲတမ်း ကိုယ်မသိတဲ့တခြားအခြမ်းကို ဖြည့်တွေးပေးသင့်ပါတယ်။ တခါက သားအဖနှစ်ယောက်ကမီးရထားစီးလာပါတယ်။ မီးရထားပေါ်မှာ လမ်းတစ်လျှောက်မြင်ရသမျှ ရှုခင်းတွေကို အဖေကသားကို ရှင်းပြနေပါတယ်တဲ့။ လူတွေက သူတို့သားအဖကို ကြည့်ရင်း “ဒီအဖေလုပ်တဲ့သူကလည်း သူ့သားကမြင်နေရတဲ့ရှုခင်းတွေကို တခုချင်းစီများလိုက်ရှင်းပြနေရသေးတယ်” လို့တွေးပြီး အဖေလုပ်သူက အပိုတွေလုပ်တယ်လို့ထင်တဲ့အတွေးမျိုးနဲ့ ကြည့်သွားကြပါတယ်တဲ့။ တကယ်တော့ အဖေလုပ်တဲ့သူတစ်ယောက်ပဲသိပါတယ်။ သူ့သားကအမြင်အာရုံကွယ်နေတယ်ဆိုတာကိုပေါ့။ ဘေးကလူတွေရဲ့အမြင်မှာတော့ အဖေကောသားကော မြင်နေတယ်လို့ထင်ပေမယ့် ကာယကံရှင်တွေကသာ သိပါတယ်။ အဖေဖြစ်သူက သားဖြစ်သူကို လမ်းတစ်လျှောက်ကရှုခင်းတွေကို တလုံးချင်းသေချာရှင်းပြနေတယ်ဆိုတာ သူ့သားဖြစ်သူက မျက်စိမမြင်ရတဲ့အတွက်ပါ။ အဲဒီဇာတ်လမ်းလေးလိုပါပဲ။ ကျွန်တော်တို့တွေရဲ့ဘဝမှာ အခြားသူတစ်ယောက်ရဲ့ ကိုယ်မမြင်ရတဲ့အခြားတစ်ဖက်ကိုလည်း ကျွန်တော်တို့ဖြည့်တွေးပေးသင့်ပါတယ်။

အဲဒါကြောင့် ကျွန်တော်တို့ ကိုယ်မြင်တဲ့ဘက်ကိုပဲ ကြည့်ပြီး အခြားသူကို အပြစ်တင်လို့မရပါဘူး။ အဲဒီလိုပါပဲ ကိုယ့်အလိုဆန္ဒတွေမပြည့်ဝတာနဲ့ဘဲ အခြားသူကိုအပြစ်မြင်လို့မရပါဘူး။ အခြားသူတွေရဲ့ အခြေအနေ၊ အခြားသူရဲ့ခံစားချက်၊ အခြားသူရဲ့တတ်နိုင်ခြင်းမတတ်နိုင်ခြင်းစတဲ့အချက်တွေကိုလည်း ထည့်တွေးပေးသင့်ပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။