သင့်ခေါင်းထဲမထည့်သင့်သော အကြောင်းအရာများ

တခါတလေမှာ ကိုယ့်ရဲ့အတွေးတွေနဲ့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကို ရှုပ်ထွေးစေတဲ့အကြောင်းအရာမျိုးကို သင့်ခေါင်းထဲမထည့်သင့်ပါဘူး။ အခြားသူတွေရဲ့အထင်မြင်တွေကို မဆီမဆိုင်ထည့်တွေးစဉ်းစားတတ်ခြင်းကြောင့် ဆုံးဖြတ်ချက်ချရာမှာ ဇဝေဇဝါဖြစ်ခြင်း၊ အာရုံနှောက်ခြင်း၊ ဘာဆက်လုပ်ရမယ်မှန်းမသိတာမျိုးဖြစ်တတ်ပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေကို နှောင့်နှေးစေသလို၊ ကိုယ့်ရဲ့ခေါင်းထဲအခြားသော အတွေးတွေဝင်လာစေပြီး ပိုပြီး ပူပန်မှုတွေဖြစ်လာတတ်ပါတယ်။ အဲဒါကြောင့် သင့်ခေါင်းထဲအမြဲမထည့်သင့်သော အကြောင်းအရာများကို ဖော်ပြပေးလိုက်ပါတယ်။


၁) အခြားသူတွေရဲ့ သဘောကျကျေနပ်မှု
လူတိုင်းရဲ့သဘောကျကျေနပ်မှုကို အမြဲမရနိုင်ပါဘူး။ လူတိုင်းကျေနပ်အောင် ကြိုးစားနေရင်လည်း ကိုယ်လုပ်သင့်လုပ်ထိုက်တာတွေ ၊ လုပ်ရမယ့်ကိစ္စတွေ ပြီးဆုံးအောင်လုပ်တဲ့ဆီကို ရောက်နိုင်တော့မယ်မဟုတ်ပါဘူး။ အခြားသူတွေရဲ့ကျေနပ်မှုနောက်ကို လိုက်ရင်းနဲ့ပဲ ကိုယ့်ရဲ့ကျေနပ်မှုတွေ တဖြေးဖြေး ဆုံးရှုံးသွားရပါလိမ့်မယ်။ အခြားသူတွေရဲ့ ကျေနပ်မှုက ဘယ်တော့မှ ဆုံးနိုင်မှာလည်း မဟုတ်ပါဘူး။ အဲဒါကြောင့် သက်ဆိုင်ရာအလိုက် ကျေနပ်သင့်သလောက် ကျေနပ်မှုရရှိနိုင်လောက်ရုံပဲ ခေါင်းထဲထည့်သင့်ပါတယ်။ အမြဲတစေ အခြားသူတွေ ကျေနပ်အောင် ကြိုးစားဖို့သာ သင့်ခေါင်းထဲထည့်ထားရင်တော့ သင်ဘယ်တော့မှ လုပ်ချင်တာတွေလည်း လုပ်နိုင်မှာမဟုတ်တော့ပါဘူး။

၂) အခြားသူတွေရဲ့ အထင်ကြီးမှု
ဒါကလည်း အတင်းလုပ်ယူလို့မရတဲ့ အထဲမှာပါဝင်ပါတယ်။ ဘာလို့လဲဆိုတော့ သင့်ပုံစံသင်နေထိုင်နေတဲ့အခါမှာ အခြားသူတွေက သင့်အပေါ် အထင်ကြီးချင်ကြီးမယ်၊ အထင်သေးချင်သေးနေပါလိမ့်မယ်။ အခြားသူတွေကို သင့်အပေါ် သဘောကျအောင်၊ အထင်ကြီးအောင် အတင်းကြီးလုပ်ယူနေလို့ မဖြစ်နိုင်ပါဘူး။ လူတိုင်းက သူ့တို့စိတ်နဲ့သူတို့ ရှင်သန်နေရတာမို့ အခြားသူတွေ သင့်ကိုအထင်မကြီးခြင်းကလည်း ပြဿနာမဟုတ်ပါဘူး။ သူတို့ထင်ချင်သလိုထင်ပါစေ။ အဓိကက သင်လုပ်နေတဲ့အရာတွေသည် အခြားသူတွေကို ထိခိုက်ဒုက္ခပေးတာမျိုးမဖြစ်စေဖို့ပဲ လိုတာပါ။

၃) အခြားသူတွေရဲ့ ထင်မြင်ယူဆချက်
သင်က သင့်ဟာသင် နေတတ်သလိုနေလိုက်ပေမယ့် အခြားသူတွေက သင့်ရဲ့အပြင်ပန်းပုံပန်းသွင်ပြင်ကိုကြည့်ပြီး သင့်ကို သူတို့ဟာသူတို့ အဓိပ္ပါယ်သတ်မှတ်နေပါစေ။ သူတို့ရဲ့အတွေးကို သင်မပြောင်းလဲနိုင်ပါဘူး။ အဲဒါကြောင့် သင့်ကို သူတို့ဘယ်လိုထင်ထင် သင်ခံစားချက်ဖြစ်နေစရာကို မလိုပါဘူး။ လူတိုင်းက သူတို့မြင်သလောက်နဲ့သူတို့ ဆုံးဖြတ်တတ်ကြတာမျိုးလည်း ရှိနိုင်တာပါပဲ။ အဲဒါကြောင့် သင့်ခေါင်းထဲမှာ အခြားသူတွေက ငါ့ကိုဘယ်လိုထင်နေမလဲ….ဆိုတာမျိုးက မတွေးသင့်ပါဘူး။ သင့်ခေါင်းထဲ ထိုအတွေးဝင်တာနဲ့ သင့်ကိုသင် ယုံကြည်မှုတပိုင်းတစဆုံးရှုံးရပါလိမ့်မယ်။ အဲဒါက သင့်ကိုမလုံမလဲဖြစ်စေပါတယ်။ အထက်ကပြောသလိုပါပဲ….သင့်ကိုသင် မှန်ကန်တာတွေလုပ်နေရင် ပြီးတာပါပဲ။ အခြားသူကိုမထိခိုက်စေရင် ပြဿနာမရှိပါဘူး။

၄) သင့်အကြောင်းတစိတ်တပိုင်းနဲ့ပတ်သက်ပြီး အခြားသူတွေရဲ့နားလည်မှု
လူဆိုတာမျိုးက ကိုယ့်ကိုကိုယ်ထက် အခြားဘယ်သူကမှ ပိုမသိနိုင်ပါဘူး။ သင်က စာရေးဆရာတစ်ယောက်မို့ မနက် ၃နာရီ ၄နာရီလောက်ထိ စာထိုင်ရေးတတ်လို့ နေ့လည် ၁၁နာရီလောက်မှ အိပ်ရာနိုးတတ်တဲ့သူတစ်ယောက်ဆိုရင် သင့်ပတ်ဝန်းကျင်က လူတွေက သင့်အကြောင်းမသိသူတွေက သင့်ကို “နေ့လည်မှ အိပ်ရာထတတ်တဲ့သူ အလုပ်မရှိအကိုင်မရှိတစ်ယောက်”လို့ ပြောဆိုကြပါစေအုံး။ သင့်ခေါင်းထဲမထည့်သင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သင်လုပ်နေတဲ့အလုပ်ကိုက လူခြေတိတ်ချိန် တိတ်ဆိတ်ချိန်မှ စာရေးတဲ့အလုပ်ဖြစ်မှန်း သူတို့မှ မသိကြတာကိုး။ လူတွေက တစ်ယောက်နဲ့တစ်ယောက် ရပ်တည်ရှင်သန်ပုံခြင်းမတူတဲ့အတွက် ထင်မြင်ယူဆချက်ခြင်းလည်း ကွဲလွဲမှုတော့ရှိမှာပါ။ အထင်အမြင်မတူညီတိုင်း သင့်အာရုံထဲထည့်ပြီး စိတ်အနှောင့်အယှက်ဖြစ်ခံစရာမလိုပါဘူး။ သင့်အကြောင်းကိုလည်း လူတိုင်းနီးပါး နားလည်နေလိမ့်မယ်လို့ တရားသေမှတ်ယူထားလို့မဖြစ်ဘူးလေ။ အဲဒါကြောင့် သင့်အကြောင်းနဲ့ပတ်သက်ပြီး အခြားသူတွေနားမလည်တာကို သင့်ခေါင်းထဲမထည့်ပါနဲ့။

၅) သင့်ရည်မှန်းချက်နဲ့ပတ်သက်ပြီး အခြားသူတွေရဲ့နားလည်သဘောပေါက်မှု
လူတိုင်းမှာ ရည်မှန်းချက်ရှိချင်မှာရှိမှာပါ။ ဒါပေမယ့် ရည်မှန်းချက်ရှိသူတွေကျပြန်တော့ သူတို့သတ်မှတ်ထားတဲ့ရည်မှန်းချက်နဲ့ပတ်သက်ပြီး သင်နားလည်နိုင်မှာမဟုတ်ပါဘူး။ အဲဒီ့လိုပါပဲ သင်သတ်မှတ်ထားတဲ့ရည်မှန်းချက်နဲ့ပတ်သက်ပြီးလည်း အခြားသူတွေနားလည်ချင်မှ နားလည်ပါလိမ့်မယ်။ ပရဟိတလုပ်တာကို ရည်မှန်းချက်အဖြစ်သတ်မှတ်ထားတဲ့လူတစ်ယောက်ကို သင်နားလည်နိုင်မှာမဟုတ်ပါဘူး။ ဝင်ငွေတပြားမှမရဘဲ ဘာလို့များ အခြားသူတွေကို ကူညီချင်တာလဲ…လို့ သင်တွေးကောင်းတွေးနေနိုင်သလိုပဲ။ သင်ဖြစ်ချင်တဲ့ရည်မှန်းချက်ကိုလည်း အခြားသူတွေက ဘယ်လိုမှ နားလည်နိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် သင့်ရည်မှန်းချက်နဲ့ပတ်သက်ပြီး အခြားသူတွေနားလည်မှုမမျှော်လင့်နေပါနဲ့။ ဘာလို့များ နားမလည်ရလေခြင်းလို့ သင့်ခေါင်းထဲထည့်ရင် သင်ပဲအာရုံနှောက်ရပါလိမ့်မယ်။

စာဖတ်သူတွေရော ဘယ်အရာတွေကို ခေါင်းထဲထည့်ပြီး ဘယ်အရာတွေကိုခေါင်းထဲမထည့်ဘူးရယ်လို့ ခွဲခြားသတ်မှတ်ထားကြသလား။ တခါတလေ ကျွန်တော်တို့လုပ်နေတဲ့ကိစ္စတွေမှာ အခြားသူတွေအပေါ်ထိခိုက်နစ်နာမှုမရှိစေတာမျိုး၊ အခြားသူတွေအပေါ်နစ်နာမှုမရှိစေဘူးဆိုရင်တော့ အခြားသူတွေရဲ့ အထင်အမြင်တွေက သိပ်အရေးမကြီးလှပါဘူး။ အဲဒါကြောင့် ကိုယ်ဖြစ်ချင်တဲ့အရာတွေကမှန်ကန်နေပြီး အဓိပါ္ပယ်ရှိနေမယ်ဆိုရင် အခြားသူတွေရဲ့ထင်မြင်ယူဆချက်တွေက သင့်အတွက် အရေးမကြီးလို့ ခေါင်းထဲထည့်ပြီး အာရုံနှောက်မခံဘဲ ကိုယ်ဖြစ်ချင်တာကိုသာတစိုက်မတ်မတ်လုပ်သင့်ပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။