ဘဝမှာ အောင်မြင်ချင်တဲ့လူငယ်တစ်ယောက်မလုပ်သင့်တဲ့အကျင့်ဆိုးများ

အောင်မြင်တယ်ဆိုတာကို လူအမျိုးမျိုးက အဓိပ္ပါယ်အမျိုးမျိုးသတ်မှတ်တတ်ကြပါတယ်။ တချို့အတွက်ကတော့ တိုက်တွေကားတွေခြံတွေရွှေတွေငွေတွေ သုံးမကုန်အောင်ပေါများစွာပိုင်ဆိုင်တာမှ အောင်မြင်တဲ့ဘဝ၊ ထိုဘဝမျိုးဆိုရင် စိတ်ညစ်စရာရှိမှာမဟုတ်ဘူးလို့ ထင်တတ်ကြပါတယ်။ တချို့ကျပြန်တော့လည်း လူသိများပြီး လူအများကြားမှာ နာမည်တလုံးနဲ့ဟိုးလေးတကျော်ကျော်လူသိများ၊လူကြိုက်များရင် အောင်မြင်တာပဲလို့ သတ်မှတ်တတ်ကြပြန်ပါတယ်။ လူအမျိုးမျိုးစိတ်အထွေထွေမို့ ကို်ယ်ဖြတ်သန်းခဲ့ရတဲ့ဘဝအခြေအနေပေါ်မူတည်ပြီး အောင်မြင်မှုကို သတ်မှတ်ကြပုံခြင်းလည်း တူညီကြမယ်မထင်ပါဘူးနော်။ ငွေကြေးချို့တဲ့ဆင်းရဲစွာ ဖြတ်သန်းခဲ့ရသူကျတော့ ငွေသုံးမကုန်အောင်ချမ်းသာခြင်းက အောင်မြင်မှုဖြစ်နိုင်သလို၊ ငွေပုံပေါ်နေခဲ့သူအတွက်ကျပြန်တော့ လူအများကြားအလေးထားခံရခြင်းက အောင်မြင်မှုဖြစ်နေနိုင်တာပါပဲ ဒါမှမဟုတ် လူအများကို အမိန်ပေးစေခိုင်းနိုင်ခြင်းကို အောင်မြင်မှုလို့လည်း ထင်ချင်ထင်နေနိုင်တာပါပဲ။ ဘယ်လိုပဲဖြစ်ပါစေ….ကိုယ်က နယ်ပယ်တစ်ခုခုမှ အောင်မြင်အောင်၊ ဆရာတဆူဖြစ်အောင်ထိ အောင်မြင်ချင်ပါတယ်ဆိုတဲ့လူမျိုးတွေအတွက် မလုပ်သင့်တဲ့အကျင့်ဆိုးတွေရှိပါတယ်။ ထိုအကျင့်ဆိုးတွေကို စွဲလမ်းစွာလုပ်မိနေပြီဆိုရင်တော့ အောင်မြင်မှုက သင့်အဝေးဆုံးကို ရောက်သွားမှာသေချာသလောက်ပါပဲနော်။


၁) မူးယစ်ဆေးသုံးစွဲခြင်း
မူးယစ်ဆေးဆိုတာမျိုးက အစမလုပ်မိလေကောင်းလေးပါပဲ။ မူးယစ်ဆေးဆိုတဲ့အထဲမှာ ဆေးလိပ်၊ အရက်၊ စိတ်ကြွဆေး၊ ဘိန်း၊ ဘီယာ စသည်ဖြင့် မူးယစ်စေတဲ့အရာအားလုံးအကျုံးဝင်ပါတယ်။ ဘာလို့အားလုံးအကျုံးဝင်တယ်လို့သတ်မှတ်သလဲဆိုတော့ ခုခေတ်မှာ ထိုအရာအားလုံးက ပွင့်လင်းစွာသုံးစွဲနေကြတဲ့အတွက်ကို ပိုပြီးလွတ်လပ်တဲ့အတွက် ပိုပြီး စွဲလမ်းဖို့အလားအလာများတာကြောင့်ပါ။ ကိုယ့်စိတ်ကိုနိုင်ပါလို့ လွယ်လွယ်တွေးပြီး အချိန်တန်စွဲလမ်းသွားတဲ့အခါ ဖြတ်ချင်ပေမယ့် မဖြတ်နိုင်တဲ့သူတွေအများစုပါ။ ထိုကဲ့သို့ မူးယစ်ဆေးဝါးကို စွဲလမ်းသွားတဲ့အခါ ကိုယ်ဖြစ်အောင်လုပ်မယ်လို့မှန်းထားတဲ့လမ်းကြောင်းကိုလည်း ထိရောက်အောင်မလျှောက်နိုင်တော့ပါဘူး။ အချိန်ပြည့် ကိုယ့်အာရုံဟာ ဒီမူးယစ်ဆေးထဲမှာသာ သံသရာလည်နေတော့မှာဖြစ်ပါတယ်။

၂) အကျင့်စာရိတ္တပျက်ယွင်းခြင်း
ဒီနေရာမှာ ပြောစရာရှိပါတယ်။ ဒီနေ့ခေတ်မှာ အကျင့်မကောင်းလေ ပိုပြီးအောင်မြင်နိုင်လေပဲလို့ ထင်မြင်စရာရှိပါတယ်။ တကယ်တော့ အကျင့်စာရိတ္တမကောင်းဘဲ အောင်မြင်တဲ့သူဟာ အခြေမခိုင်တဲ့ အိမ်လိုပါပဲ။ ဘယ်အချိန်ပြိုကျမလဲ အာမခံနိုင်မှာမဟုတ်ပါဘူး။ အကျင့်စာရိတ္တကောင်းမွန်တဲ့သူတစ်ယောက်က အောင်မြင်မှုလမ်းကြောင်းကို လျှောက်လှမ်းရတဲ့အခါ အခြားသူများထက် ပိုခက်ခဲကောင်း ခက်ခဲမှာပါ။ ဒါပေမယ့် ထိုသူမျိုးရဲ့အမှတ်အသားအနေနဲ့ အကျင့်စာရိတ္တကောင်းခြင်းရနံ့က မွှေးပျံ့နေစေမှာပါ။ အခြားသူများထက်လည်း ယုံကြည်မှုကို ပိုရနိုင်ပါတယ်။ အခြားသူများရဲ့ မျက်ခုံးမွှေးပေါ်စြင်္ကန့်လျှောက်ပြီး ရလာတာမျိုးမဟုတ်လို့ အကျင့်စာရိတ္တကောင်းတဲ့သူတစ်ယောက်ရလာမယ့်အောင်မြင်မှုကတော့ ဖောင်ဒေးရှင်းကောင်းတဲ့အိမ်တစ်အိမ်လို ရေရှည်တည်တံ့နိုင်မှာပါ။ အဲဒါကြောင့် အောင်မြင်ချင်တယ်ဆိုရင် အကျင့်စာရိတ္တတော့ကောင်းခြင်းကို လက်ကိုင်ထားသင့်ပါတယ်။ အကျင့်စာရိတ္တတစ်ခါပျက်ယွင်းဖူးတဲ့သူဟာ နောက်ထပ်အကြိမ်ပေါင်းများစွာ ပျက်ဖို့လွယ်ကူသွားပြီဆိုတာ မမေ့လိုက်ပါနဲ့နော်။

၃) ကတိမတည်ခြင်း
စကားကိုလွယ်လွယ်ပြော၊ ကတိကိုလွယ်လွယ်ပေးတတ်တဲ့သူမျိုးကို ဘယ်သူကမှ မလေးစားနိုင်ပါဘူး။ အဲဒါအပြင် ဘယ်သူမှမလေးစားနိုင်တဲ့သူကလည်း မအောင်မြင်နိုင်ပါဘူး။ ကတိတည်ခြင်းကလည်း အောင်မြင်စေတဲ့လက်နက်တွေထဲကတစ်ခုပါပဲ။ ကတိတည်တဲ့လူတစ်ယောက်ပြောသမျှစကားကိုလည်း လူတိုင်းလိုလိုက စိတ်ချယုံကြည်နေတတ်ပါတယ်။

၄) ကြွားဝါခြင်း
ကိုယ်တကယ်မတတ်တာကို တတ်ချင်ယောင်ဆောင်တာမျိုး၊ ကိုယ်မရှိတာကို အရှိလုပ်ပြောတတ်တာမျိုးကလည်း စကားကိုလွယ်လွယ်ပြောတတ်တာနဲ့ဆင်တူပါတယ်။ ထိုလူမျိုးကို အကြောင်းသိသွားကြတဲ့အခါ လူတော်တော်များများက ချဉ်သွားတတ်ကြသလို၊ ရှောင်တတ်ကြပါတယ်။ ကိုယ်က အရှေ့ကနေ လေတလုံးမိုးတလုံးနဲ့ပြောနေပေမယ့် နားထောင်သူစိတ်ထဲမှာတော့ “သူ့စကားက ဆယ်ခွက်တစ်ခွက်တင်ပါကွာ….” ဆိုတဲ့စိတ်ဖြစ်နေရင် သင့်ကိုဘယ်သူကမှ လေးစားမှာမဟုတ်ပါဘူး။ တကယ်သိသင့် သိထိုက်တာမျိုးမှာ ကိုယ်တကယ်မသိရင် မသိဘူးလို့ရဲရဲဝန်ခံပြီး ပညာသင်ယူသင့်တာသင်ယူရမှာပါ။ အဲဒါမှ ကိုယ်သွားချင်တဲ့လမ်းကြောင်းပေါ်မှာ ပညာဉာဏ်နဲ့ပြည့်ဝလာနိုင်တာပါ။ ကြွားဝါခြင်းက တကယ်တမ်းလိုအပ်တဲ့အခါ မသိတာတွေများနေပြီး သိချင်ယောင်ဆောင်တတ်သူသာ ဒုက္ခရောက်တတ်တာပါ။

၅) အလွယ်လမ်းလိုက်ခြင်း
လမ်းကိုက အလွယ်လမ်းဆိုမှ မြန်မြန်ရောက်ဖို့လွယ်တာပေါ့။ ဒါပေမယ့် အလွယ်လမ်းလိုက်မယ်ဆိုရင်တော့ စွန့်လွှတ်လိုက်ရမှာတွေက အများကြီးပါပဲ။ ကိုယ်ကျင့်သိက္ခာတွေ၊ နာမည်၊ အရှက်၊ စသည်ဖြင့် ငွေနဲ့လဲလို့မရတဲ့အရာတွေ များပါတယ်။ အောင်မြင်တာနဲ့ နာမည်ကြီးတာကိုလည်း ခွဲခြားသိဖို့လိုပါသေးတယ်။ နာမည်ကြီးတာဆိုတာက ကောင်းခြင်းနဲ့ဆိုးခြင်းလားဆိုပြီး နောက်ဆက်တွဲအကျိုးပါလာပါသေးတယ်။ အောင်မြင်တယ်ဆိုတဲ့နေရာမှာလည်း နာမည်ဆိုးကြီးနဲ့အောင်မြင်ရင်တော့ ရှေ့တွင်မှာဘယ်လောက်ပြုံးပြုံး နောက်ကွယ်မှာ နှာခေါင်းရှုံ့ခံရမှာ အသေအချာပါပဲနော်။ အဲဒါကြောင့် အလွယ်လမ်းလိုက်ပြီးအောင်မြင်ခြင်းက ရေရှည်မခံပါဘူး။ ချွေးနဲ့သွေးနဲ့ ပင်ပန်းတကြီးကြိုးစားပြီး အတွေ့အကြုံပေါင်းများစွာကို အရင်းခံမှ အောင်မြင်တာကတော့ ဖောင်ဒေးရှင်းကောင်းတဲ့တိုက်အိမ်လိုပါပဲ။ မုန်တိုင်းဒဏ်ကိုကြံ့ကြံ့ခံနိုင်မှာဖြစ်ပါတယ်။ ပိုပြီးလည်း ဂုဏ်ရှိပါတယ်။

၆) အချိန်ကို အလဟဿဖြုန်းတီးခြင်း
အောင်မြင်နေတဲ့သူတွေက စက္ကန့်တိုင်းကို စိန်လိုတန်ဖိုးထားတတ်တဲ့သူတွေချည်းပါပဲ။ အလကားဖြုန်းတီးပစ်ပြီး ပြန်ဝယ်မရနိုင်တာ အချိန်ပဲဆိုတာကို သူတို့ကကောင်းကောင်းနားလည်သူတွေပါ။ သင်က ငွေမရှိ၊ အရင်းအနှီးမရှိ၊ မျက်နှာမွဲဖြစ်နေပါစေအုံး လူတိုင်းမှာ သဘာဝကပေးထားတဲ့ အရင်းအနှီးဟာ အချိန်ပါပဲနော်။ အချိန်ကို ကောင်းမွန်အောင် အကျိုးရှိအောင် အသုံးချနိုင်ရင် အောင်မြင်မှုဆီသွားနိုင်မယ့် နည်းလမ်းကောင်းတွေထဲက တစ်ခုကိုသင်ပိုင်ဆိုင်ထားတာပါ။
အထက်ပါအချက်လေးတွေကတော့ အောင်မြင်ချင်တဲ့သူတွေမလုပ်သင့်တဲ့အကျင့်ဆိုးတွေပါပဲ။ သင်တွေးမိတဲ့အချက်လေးတွေရှိရင်လည်း ပြောပြပေးသွားပါအုံး။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။