သင့်စိတ်ပေါ့ပါးကြည်လင်စေဖို့ လွှတ်ချသင့်တဲ့အရာတွေ

စိတ်လေးလံတယ်ဆိုတာက သင့်စိတ်ထဲမှာ အမြဲထည့်ထားတဲ့အရာတွေကြောင့်ပါပဲ။ သင့်စိတ်လေးလံနေသရွေ့ သင်ဘာလုပ်လုပ် အဆင်ပြေအောင်မြင်မှာမဟုတ်ပါဘူး။ ဘာလုပ်လုပ်မကောင်းမြင်နေတတ်ပါတယ်။ အဲဒါကြောင့်စိတ်ပေါ့ပါးကြည်လင်စေဖို့ သင့်စိတ်ထဲကလုံးဝမေ့ပျောက်သင့်တဲ့အရာတွေရှိပါတယ်။ ဘာတွေဖြစ်မလဲဖတ်ကြည့်လိုက်ပါအုံး။


၁) နာကျည်းချက်
သင့်စိတ်ထဲမှာ အခြားလူတစ်ယောက်ကိုနာကျည်းနေခြင်းက သင့်စိတ်ကိုလေးလံစေပါတယ်။ နာကျည်းချက်နဲ့အတူ ထိုလူ့ကို အကောင်းမမြင်ခြင်း၊ မုန်းတီးခြင်းတွေကပါ ဆက်လိုက်လာတဲ့အတွက် သင့်စိတ်ထဲအကြည်ဓာတ်ကိုပါ ထိုစိတ်ကဖျက်ဆီးပစ်လိုက်နိုင်ပါတယ်။ အဲဒါကြောင့် လူတစ်ယောက်ကိုနာကျည်းနေခြင်းဟာ ထိုလူ့အတွက် မထိခိုက်ခင် ကာယကံရှင်ကိုအရင်လောင်မြိုက်စေတာပါ။ အဲဒီလိုနာကျည်းချက်မျိုးရှိနေတယ်လို့ ကိုယ့်ကိုယ်ကိုယ်သိရင် စိတ်ထဲကနေ လုံးဝထုတ်ပစ်နိုင်အောင်ကြိုးစားသင့်ပါတယ်။

၂) စိုးရိမ်ပူပန်ခြင်း
မဖြစ်လာသေးတာတွေကိုလည်း စိုးရိမ်ပူပန်ခြင်းက သင့်အတွက်လက်ရှိအချိန်ပုပ်စေပါတယ်။ အဲဒါကြောင့် မဖြစ်လာသေးတာတွေကို စိုးရိမ်ပူပန်နေမယ့်အစား ခုလက်ရှိအချိန်ကိုသာ ကောင်းကောင်းအသုံးချလိုက်ပါ။ အဲဒါကပိုသေချာပါတယ်။ ဖြစ်လာသမျှကို အကောင်းဆုံးကြိုးစားရင်ဆိုင်မယ်လို့အားတင်းထားလိုက်ပါ။

၃) အတိတ်ဆိုး
နံပါတ်၂နဲ့အတူူတူပါပဲ။ ဖြစ်ပြီးသမျှ အတိတ်ဆိုးတွေကို မမေ့ပစ်နိုင်ခြင်းက သင့်စိတ်ကိုလေးလံပြီး ခုလက်ရှိအချိန်ကုန်သွားစေပါတယ်။ ဘာမှမလုပ်နိုင်မစားနိုင်နဲ့စိတ်ပျက်လက်ပျက်ဖြစ်နေခြင်းက သင့်ကို အချိန်အလကားကုန်စေတာပဲရှိမှာပါ။ အဲဒါကြောင့် သင့်ရဲ့အတိတ်ဆိုးတွေကို သင်မပြုပြင်နိုင်တော့တဲ့အတွက် ပြုပြင်နိုင်တဲ့ခုလက်ရှိအချိန်ကိုသာ ကောင်းကောင်းအသုံးချပါ။

၄) အမှားတွေ
ဖြစ်ပြီးတဲ့အတိတ်ဆိုးလိုပါပဲ။ သင်ပြုလုပ်မိပြီးတဲ့အမှားတွေကို သင်ထိုင်စိတ်ဆင်းရဲနေလို့ ဘာမှလုပ်မရပါဘူး။ သင်လုပ်နိုင်တာက နောက်တစ်ခါထပ်မမှားဖို့ သင်ခန်းစာယူရမှာပါ။ အဲဒါကသာ သင့်ကိုနောက်ထပ်အမှားတွေမဖြစ်စေမှာဖြစ်ပါတယ်။ အဲဒါကြောင့် အမှားတွေကို သင်ခန်းစာယူပြီးနောက်မမှားဖို့ကြိုးစားမယ်လို့သာ အာရုံထားလိုက်ပါ။

၅) မကောင်းတဲ့လူတွေ
အဆိုးမြင်ဝါဒီသမားတွေ ၊ သင့်အပေါ်မကောင်းတဲ့အဆိပ်အတောက်လိုလူတွေ၊ သင့်ကိုဒုက္ခအမျိုးမျိုးပေးတဲ့လူတွေအားလုံးကို သင်မေ့ပစ်လိုက်ပါ။ ကင်းအောင်နေပါ။ မကင်းနိုင်သေးရင် နောင်တစ်ချိန်ကင်းအောင် ခုကတည်းကကြိုးစားပါ။ မဟုတ်ရင်တော့ သူတို့ရဲ့ပတ်သက်နေသမျှ သင့်စိတ်လေ့လံမယ်၊ စိတ်ညစ်ညူးနေရမှာပါပဲ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။