သင့်ရည်မှန်းချက်ကို ဘယ်လိုရှာဖွေနိုင်မလဲ။

ဘဝမှာ ရှင်သန်နေရတာ ဘာအတွက်လဲဆိုတဲ့ အဓိပ္ပါယ်ကိုတောင်မသိတော့လောက်အောင် သင့်ဘဝမှာ အဓိပါ္ပယ်ပျောက်ဆုံးနေပြီလား။ တစ်ရက်ပြီးတစ်ရက် အဓိပါ္ပယ်မဲ့စွာ ကုန်ဆုံးသွားခြင်းကနေ တစ်နှစ်ပြီး တစ်နှစ်ကုန်ဆုံးတာက လွယ်ပါတယ်။ ကုန်ဆုံးသွားတဲ့အချိန်တွေမှာ တန်ဖိုးရှိစွာကုန်ဆုံးခြင်း ဟုတ်ရဲ့လားဆိုတာ ကိုယ့်ကိုကိုယ်ပြန်မေးသင့်ပါတယ်။ တန်ဖိုးမဲ့စွာ အဓိပါ္ပယ်မဲ့ကုန်ဆုံးမိနေတယ်ဆိုရင်တော့ သင့်မှာ ရည်မှန်းချက်ပျောက်ဆုံးနေလို့ပါ။ သင့်မှန်းထားတဲ့ ရည်မှန်းတစ်ခုသာရှိနေမယ်ဆိုရင် ထိုရည်မှန်းချက်ကို ရောက်အောင်သွားဖို့ ကြိုးစားမှု၊ ဖန်တီးမှု၊ အားထုတ်မှုတွေနဲ့တင် သင့်ဘဝမှာ ပျင်းဖို့တောင်အချိန်မရနိုင်ပါဘူး။ သင်ကြိုးစားထားသမျှလေးတွေ အရာထင်လာတဲ့အခါ သင့်ဘဝက အရမ်းကိုအဓိပါ္ပယ်ရှိသလို ခံစားရပါလိမ့်မယ်။ အဲဒါဆိုရင် ရည်မှန်းချက်ကို ဘယ်လိုရှာဖွေရမလဲ။ သင့်ဘဝကို အဓိပ္ပါယ်ရှိခြင်းများစွာနဲ့ ပြောင်းလဲပစ်နိုင်မယ့် အကြံပြုချက်အချို့ဖော်ပြထားပါတယ်။


သင့်ဘဝရဲ့ ရည်မှန်းချက်ကို ဘယ်လိုရှာဖွေနိုင်မလဲ ။
တခါတရံမှာ သင့်ဘဝကို နည်းနည်းလောက်ပြောင်းလဲပစ်ဖို့လိုပါတယ်။ သင့်ဘဝမှာ သင်ဖြစ်ချင်တာကဘာလဲ၊ ဘာဖြစ်ဖို့ အရေးကြီးဆုံးလဲ၊ သင့်ကို ပျော်ရွှင်မှု၊ ကျေနပ်မှုပေးနိုင်တာက ဘာလဲဆိုတာကို သင်ကိုယ်တိုင်သိပြီး သင်ကိုယ်တိုင်ဆုံးဖြတ်ဖို့လိုပါတယ်။ ထိုအရာကိုသင်လုပ်နေရရင်ကို ပျော်နေပြီး အလုပ်တစ်ခု၊ တာဝန်တစ်ခုလိုမခံစားရတာမျိုးပေါ့ ဥပမာ၊ အခြားသူများကိုကူညီရတဲ့ ပရဟိတအလုပ်မျိုးလား၊ တိရိစ္ဆာန်လေးတွေကို ဆေးကုပေးရတာမျိုးလား၊ ကလေးတွေကို စာသင်ပေးရတာမျိုးလား၊ အလုပ်လုပ်နေရတယ်လို့ကို မထင်ဘဲ လုပ်နေရရင်ကို ပျော်နေတဲ့အရာကို သင့်ရဲ့passion လို့သတ်မှတ်နိုင်ပါတယ်။

အချိန်ကာလနဲ့ဆန်းစစ်ပါ။
အထက်က သင်ဖြစ်ချင်စိတ်ရှိတဲ့အရာကို သင်ဆုံးဖြတ်ပြီးပြီဆိုပါတော့။ အဲဒါဆိုရင် သင်ပြန်ပြီးသုံးသပ်ရမှာက ထိုအရာကို အချိန်ကာလအပိုင်းအခြားတစ်ခုရောက်ရင် စိတ်ကုန်သွားတာမျိုး၊ ရိုးအီသွားတာမျိုးဖြစ်နိုင်မလားဆိုတာပဲဖြစ်ပါတယ်။ တစ်ချို့အရာတွေမှာ ကျွန်တော်တို့အတွက် စစချင်းမှာ အရမ်းကို စိတ်လှုပ်ရှားပြီးနှစ်သက်စရာဖြစ်နိုင်ပေမယ့်အချိန်ကာလအပိုင်းအခြားတစ်ခုအရောက်မှာတော့ ကျွန်တော်တို့က ထိုအရာကို စိတ်မဝင်စားတာမျိုးဖြစ်တတ်ပါတယ်။ ရိုးအီသွားသလို ခံစားချက်မျိုးပေါ့။ အဲဒါကြောင့် သင်တကယ်ဖြစ်ချင်တဲ့အရာဟုတ်မဟုတ် အချိန်ကာလနဲ့လည်း ဆန်းစစ်နိုင်ပါတယ်။ ခုလက်ရှိဖြစ်ချင်နေသလိုမျိုး၊ နောက်ထပ် ၅နှစ်ဆိုရင်ကော ဒီအလုပ်ကိုပဲ နှစ်သက်နေနိုင်သလား။ ဒါမှမဟုတ် နောက်ထပ် ၅နှစ် လောက်မှာ ဒီအလုပ်နဲ့ဘာတွေထပ်ပြီး တိုးတက်အောင်လုပ်မယ်ဆိုတဲ့ဆန္ဒပြင်းပြမှုမျိုးရှိသလားဆိုတာမျိုး ဆန်းစစ်ပါ။ ဘဝတစ်လျှောက်လုံးမှာ ဒါနဲ့သာ အသက်မွေးဝမ်းကျောင်းလုပ်ချင်တယ်ဆိုရင်တော့ အသေချာဆုံးပဲပေါ့။

သင့်ရဲ့စိတ်ဆန္ဒတွေဖြစ်ချင်စိတ်ထက်သန်တဲ့အရာကို ဝါသနာနဲ့ဆန်းစစ်ပါ။ .
သင့်မှာ အချိန်အနည်းငယ်အားလပ်ချိန်ရတာနဲ့ သင်ဘာလုပ်တတ်သလဲ။ ဖေ့ဘုတ်သုံးတာမျိုးကို ပြောချင်တာမဟုတ်ပါဘူး။ သင်ကျောင်းကနေပြန်လာပြီး ခဏတဖြုတ်နားနေတဲ့အချိန်မျိုး၊ သင်ကျောင်းအားရက်၊ အလုပ်အားရက်မျိုးမှာ သင်က handmade လေးတွေ တစ်ခုမဟုတ်တစ်ခုလုပ်နေတတ်တဲ့သူမျိုးလား၊ ဒါမှမဟုတ် အပင်လေးတွေကို ရေလောင်းပေါင်းသင်လုပ်နေတာကိုပျော်တတ်တာလား၊ ဒါမှမဟုတ် သီချင်းနားထောင်ပြီး သီချင်းစာသားတွေလိုက်ရေးတတ်တဲ့သူလား။ ပန်းချီလေးတွေ ဆွဲတတ်တဲ့သူလား စသည်ဖြင့် သင့်ဝါသနာနဲ့ဆန်းစစ်ကြည့်လို့လည်း ရပါတယ်။ သင့်ရဲ့နှစ်သက်ရာဝါသနာကနေမှ သင့်ဆီပျော်ရွှင်နှစ်လိုခြင်းတွေယူဆောင်လာပေးနိုင်သလို၊ အဲဒီ့ဝါသနာနဲ့ပတ်သက်ပြီးရှေ့ဆက်ဘာဖြစ်ချင်သလဲ၊ ဘယ်လိုပေါက်မြောက်အောင်မြင်ချင်သလဲဆိုတဲ့စိတ် ဆန္ဒပြင်းပြင်းပြပြရှိဖူးလား လို့ဆန်းစစ်ခိုင်းတာပါ။ အဲဒါက သင့်ရဲ့ ဝါသနာနဲ့တစ်ထပ်တည်းကျတဲ့ သင့်ရဲ့ရည်မှန်းချက်ဖြစ်လာနိုင်ပါတယ်။

သင့်ရဲ့ပြည့်စုံတဲ့နေ့တစ်နေ့အဖြစ် ဘာနဲ့သတ်မှတ်ထားသလဲ။
သင့်ရဲ့တစ်နေ့တာအချိန်ကို ဘယ်လိုကုန်ဆုံးမလဲဆိုတာ သင်သတ်မှတ်ထားဖူးလား။ မသတ်မှတ်ထားရင် သတ်မှတ်သင့်ပါတယ်။ ဥပမာ။ သင့်ရဲ့တစ်နေ့တာကိုတော့ ကျောင်းစာရယ်၊ သင်တန်းကစာရယ် သင်ခန်းစာဘယ်နှစ်ခုပြီးမှ ဖြစ်မယ်လို့သတ်မှတ်တာမျိုး၊ ဒါမှမဟုတ် ကဗျာတစ်ပုဒ်လောက်မှ မရေးလိုက်ရရင်အဓိပ္ပါယ်မရှိဘူးလို့ခံစားလိုက်ရတာမျိုး ပေါ့။ အဲဒါဆိုရင် သင့်ရဲ့ပြည့်စုံတဲ့နေ့တစ်နေ့ဖြစ်ဖို့ သင်လုပ်ကိုလုပ်မှရမယ်လို့သတ်မှတ်ထားတဲ့အလုပ်ကို သင်မလုပ်ဖြစ်လိုက်ရင် သင့်ရဲ့တစ်နေ့တာက ဘယ်ပြည့်စုံပါ့မလဲ။
အဲဒါဆိုရင်တော့ သင်သတ်မှတ်ထားတဲ့အဓိပါ္ပယ်ရှိတဲ့အလုပ်က သင့်ရဲ့ရည်မှန်းချက်ဖြစ်နိုင်ပါတယ်။ သင့်တစ်နေ့တာ ပြီးပြည့်စုံဖို့ သင်မဖြစ်မနေလုပ်ကိုလုပ်ဖို့သတ်မှတ်ထားပြီး သင့်စိတ်ထဲကနေကို လှိုက်လှိုက်လှဲလှဲလုပ်ချင်တဲ့အရာက သင့်ရည်မှန်းချက်အဖြစ်သတ်မှတ်နိုင်ပါတယ်။

သင့်ရဲ့ Comfort Zone ထဲကနေ ရုန်းထွက်ပါ။
ဒီစကားက ရည်မှန်းချက်ရှာဖွေတာနဲ့ ဘာများပတ်သက်နေလို့လဲလို့ ထင်စရာရှိပါတယ်။ တကယ်တော့ ကျွန်တော်တို့ရည်မှန်းချက်ကို ရှာမတွေ့နိုင်တာက ထို comfort zone ထဲမှာ သာယာနေလို့ပါ။ တစ်ခုခုကို နည်းလမ်းဟောင်းကနေ ဖောက်ထွက်ဖို့ ကြိုးစားတော့မယ်လို့ တွေးမိရင် “ဟာ….ဒါတော့ ငါမလုပ်နိုင်ပါဘူး။ ဒါလုပ်လို့ရမယ်မထင်ဘူး။ ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။ ငွေမှမရှိတာ ဘယ်လိုစလုပ်မလဲ” အဲလိုဆင်ခြေမျိုးတွေနဲ့ comfort zone ထဲကနေ ရုန်းမထွက်တော့ဘဲ သာယာနေကြလို့ပါ။ တကယ်တမ်း ကျွန်တော်တို့မှာ ကျွန်တော်တို့ထင်ထားတာထက်လုပ်နိုင်စွမ်းရှိပါတယ်။ အဲဒါကိုသိနိုင်ဖို့ကတော့ ကြောက်နေတာတွေ၊ မလုပ်နိုင်ဘူးလို့ထင်နေတာတွေကနေ ရုန်းထွက်ပြီး လုပ်ကြည့်မှသိနိုင်မှာပါ။ သင်စိတ်ထဲမှာ ရည်မှန်းချက်တစ်ခုကိုသတ်မှတ်ထားပြီးရင်တော့ comfort zone ထဲကနေရုန်းထွက်ပြီး ရုန်းကန်ကြည့်လိုက်ပါ။ သင်မထင်မှတ်ထားတာတွေက တကယ်ဖြစ်လာနိုင်ကြောင်းသိလာပါလိမ့်မယ်။ အဲဒီ့အခါ သင့်ဘဝက ပိုပြီး အဓိပ္ပါယ်ပီပြင်လာသလို၊ ပိုပြီးလည်း ရည်မှန်းချက်ကို ပုံဖော်လာနိုင်ပါလိမ့်မယ်။

http://www.boldselfimprovement.com/self-improvement/61/လင့်မှ ကိုးကားဖော်ပြထားပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။