· ကိုယ်ကျင့်တရားကောင်းနေတဲ့အခါ လူတစ်ယောက်ရဲ့တန်ဖိုးဟာ အလိုလိုတန်ဖိုးတက်နေမှာပါ။

“Character is doing the right thing when nobody is looking” - J.C Watts ပြောခဲ့တဲ့စကားလိုပါပဲ။ လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားဟာ ဘယ်သူကမှ ကြည့်မနေရင်တောင်မှ မှန်ကန်တဲ့အရာကိုသာ ပြုလုပ်ခြင်းပါပဲတဲ့။ တနည်းအားဖြင့် ဘယ်သူက စောင့်ကြည့်သည်ဖြစ်စေ မစောင့်ကြည့်သည်ဖြစ်စေ မှန်ကန်တယ်ဆိုတဲ့အရာကို ရဲရဲကြီးလုပ်တာမျိုးပေါ့။


“ဘယ်သူမှ မမြင်ပါဘူးကွာ၊ ဘယ်သူမှ မသိပါဘူးကွာ......” ဆိုပြီး မလုပ်သင့်တဲ့အရာတစ်ခုကို လုပ်လိုက်ရင်ရော..... မရဘူးလား။ ရတာပေါ့...... “ဘယ်သူကမှ ကိုယ့် အပြစ်ကို မသိတာလေ.....” လို့တွေးနိုင်ပါတယ်။ အဲဒါဆိုရင် အဲဒီ့အခြေအနေ ၂ခု ဘာကွာခြားမှုရှိသလဲ။
ဘယ်သူမှမရှိရင်တောင် မှန်ကန်ခြင်းကို သေချာလိုက်နာတဲ့သူဟာ သူ့ကိုယ်သူ သေချာသိနေပါတယ်။ အခြားဘယ်သူတွေ ဘယ်လိုမယုံပါစေ.......အခြားဘယ်သူတွေ ဘယ်လိုထင်နေကြပါစေ.....ကာယကံရှင်ရဲ့စိတ်ထဲမှာ သူ့ကိုယ်သူ သိနေတဲ့စိတ်က လုံခြုံစေပါတယ်။ အဲဒီ့စိတ်ကို လိပ်ပြာလုံခြင်းလို့ခေါ်ပါတယ်။
လစ်တာနဲ့ မဟုတ်တာ၊ မမှန်ကန်တာကို လုပ်ချင်တဲ့သူဆိုရင်ရော......ထိုသူရဲ့စိတ်ထဲမှာလည်း သူ့ကိုယ်သူသိနေမှာပါပဲ။ ဘယ်သူကမှ မသိပါစေနဲ့အုံး......သူလုပ်ထားတာကို သူသိနေတဲ့အတွက် သူ့စိတ်ထဲ ဘယ်သူသိသွားမလဲဆိုတဲ့စိတ်မလုံခြုံမှုကို ခံစားနေရမှာပါပဲ။ အဲဒါကို လိပ်ပြာမလုံခြင်းလို့ခေါ်ပါတယ်။

လိပ်ပြာလုံတယ်လို ဟန်ဆောင်လို့ရပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ကိုယ်ကျင့်တရားရှိသူဟာ ကိုယ်ကျင့်တရားမကောင်းသူထက် ပိုပြီး ရဲဝင့်နေတာ သိသာပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် သူမှန်ကန်ကြောင်းကို သူ့မသိစိတ်မှာရော၊ အသိစိတ်မှာရော သိနေတဲ့အတွက်ကို ဘယ်အရာကိုမဆို ရဲရဲဝင့်ဝင့်ရင်ဆိုင်ရဲလာပါတယ်။ အဲဒီ့တော့ ကိုယ်ကျင့်တရားကောင်းတဲ့သူနဲ့ ကိုယ်ကျင့်တရားမကောင်းတဲ့သူကြားမှာ လိပ်ပြာလုံခြင်းနဲ့ ရဲဝင့်ခြင်း ကွာသွားပါတယ်။
ယုတ်စွအဆုံး ကိုယ်ကျင့်တရားကောင်းတဲ့သူဟာ မတော်တဆ အထင်အမြင်လွဲခံရခဲ့ရင်တောင် အချိန်တန်အမှန်တရားပေါ်လာမှာပါမို့ သူ့ကို လူတွေက တဖန်ပြန်နားလည်လာမှာပါပဲ။ အဲဒီလိုပါပဲ ကိုယ်ကျင်တ့ရားမကောင်းတဲ့သူဟာလည်း ဘယ်လောက် အ‌ပေါ်ယံအရေပြား လှပအောင် ကြိုးစားပါစေ၊ ပညာတွေဘယ်လောက်တတ်ပါစေ၊ ငွေတွေဘယ်လောက်ချမ်းသာနေပါစေ၊ အချိန်တန် အမှန်တရားဟာ ပေါ်လာတဲ့အခါ လူအများရဲ့ပယ်ကျဥ်ခြင်းကို ခံရမှာပါပဲ။

ဒီနေ့ခေတ်မှာ ငွေရှိရင် အားလုံးအဆင်ပြေတယ်လို့ အလွယ်ပြောမယ်ဆိုလည်း ထိုကဲ့သို့ကိုယ်ကျင့်တရားမကောင်းဘဲ ငွေပေါသူအနီးနားမှ ငွေရှိလို့ ရံနေတဲ့သူတွေကရော အစစ်အမှန်ဖြစ်နိုင်ပါ့မလား။ ကိုယ်ကျင့်တရားမကောင်းသူ ပြဿနာကြုံချိန်၊ အခက်အခဲနဲ့ကြုံချိန် တကယ်တမ်း ကူညီမယ့် အစစ်အမှန် မိတ်ဆွေ ရှိပါ့မလား။ အဲဒါကြောင့် ကိုယ်ကျင့်တရားမကောင်းဘဲ ကြွယ်ဝချမ်းသာနေရင်တောင် အနားမှာ ရှိနေတဲ့လူတွေဟာကိုယ်ရှိနေတုန်းသာ အနားမှာနေမယ့် သာပေါင်းတွေသာဖြစ်မှာပါ။ တကယ့်အစစ်အမှန်မိတ်ဆွေမရှိနိုင်ပါဘူး။
အဲဒါဆိုရင် ကိုယ်ကျင့်တရားကောင်းသူ့အတွက်ကတော့ ငွေကြေးမကြွယ်ဝပါစေနဲ့အုံး၊ သူ့ရဲ့မှန်ကန်မှုကြောင့် ကူညီမယ့်သူ ဝိုင်းနေပါလိမ့်မယ်။ ကိုယ်ကျင့်တရားကောင်းသူရဲ့တန်ဖိုးကြောင့် အလိုရှိသူ၊ လက်ကမ်းခေါ်ချင်သူ များနေပါလိမ့်မယ်။ အဲဒီ့အတွက် ငွေကြေးဆိုတာလည်း ကြိုးစားရှာဖွေနိုင်သလို ရနိုင်ပါတယ်။ အသက်သာသေမယ်၊ ကိုယ်ကျင့်တရားကြောင့် နာမည်တော့မသေနိုင်တဲ့လူမျိုးပေါ့။
အဲဒါကြောင့် ကိုယ်ကျင့်တရားသာ ကောင်းမယ်ဆိုရင် ထိုလူရဲ့တန်ဖိုးဟာ ဘာနဲ့မှမလဲနိုင်အောင် တန်ဖိုးရှိနေမှာပါပဲလို့ ဆိုကြတာဖြစ်ပါတယ်။
“Character is like a tree, reputation like a shadow. The shadow is what we think of it, but the tree is the real thing.” - Abraham Lincoln ပြောဖူးပါတယ်။ ကိုယ်ရဲ့ ကိုယ်ကျင့်တရားက သစ်ပင်နဲ့တူပြီး ဂုဏ်သတင်းကျော်ဇောမှုကတော့ အရိပ်နဲ့တူပါတယ်တဲ့။ လူတွေဘယ်လိုထင်ထင် တကယ်တမ်း ကိုယ်ကျင့်တရားဆိုတဲ့ သစ်ပင်ကသာအဓိကပေါ့။ အချိန်တန် ကိုယ့်ရဲ့ကိုယ်ကျင့်တရားကောင်းမွန်ခြင်းကို သိလာတဲ့အခါ ဂုဏ်သတင်းကလည်း အလိုလိုကျော်ဇောလာမှာပါပဲ။

လူတွေက များသောအားဖြင့်တော့ first Impression ကို ကြည့်ပြီး ဆုံးဖြတ်ကြတာများပါတယ်။ ကိုယ့်အကြောင်းကို သေချာမသိလို့ အရိပ်ကိုကြည့်ပြီးဆုံးဖြတ်တတ်ရင်လည်း ဘာမှ အများကြီးခံစားနေစရာမလိုပါဘူး။ ကိုယ့်ရဲ့ ပုံရိပ်အစစ်အမှန်ကို ကိုယ်တိုင်သိနေတာမို့လို့ပါပဲ။ အဲဒါကြောင့် အပေါ်ယံအထင်အမြင်ထက် ကိုယ့်ရဲ့ ပုံရိပ်အစစ်အမှန်ကို ကိုယ်တိုင်သိပြီး လိပ်ပြာလုံနိုင်အောင်သာ ကြိုးစားပါ။ အဲဒါမှသာ တကယ့်တန်ိဖိုးရှိသူပါ။ ကိုယ်ကျင့်တရားမှန်ကန်သူဟာ ဘယ်နေရာရောက်ရောက် ရဲဝင့်သလို စစ်မှန်တဲ့ စိတ်ချမ်းသာ ပျော်ရွှင်မှုကို ပိုင်ဆိုင်သူပါပဲလို့ ဖော်ပြလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။