အောင်မြင်သူတွေရဲ့ဘဝကိုထိန်းချုပ်နည်း

အောင်မြင်သူနဲ့ မအောင်မြင်သူရဲ့ကြားမှာ ကွာဟချက်အကြီးကြီးကိုရှိပါတယ်။ ကြိုးစားထားရတဲ့အရာတွေခြင်းလည်း ကွာဟနေပါတယ်။ အောင်မြင်သူတွေက အများကြီး သင်ခန်းစာယူဖို့ အများကြီး ဆုံးရှုံးထားရသလို၊ အဆုံးသတ်မှာမှ အောင်မြင်မှုကိုဆုပ်ကိုင်နိုင်တာပါ။ မအောင်မြင်သူတွေကတော့ ကျရှုံးမှုတစ်ခါကြုံတိုင်း လဲကျအရှုံးပေးတတ်လို့ သင်ခန်းစာအများကြီး မပိုင်ဆိုင်သလို၊ ကြီးမားတဲ့အောင်မြင်မှုလည်း မရနိုင်ပါဘူး။ အောင်မြင်သူတွေက ဘဝမှာကျရှုံးမှုတွေအများကြီးကြုံဖူးပြီး လဲကျတိုင်းပြန်ထခဲ့လို့အောင်မြင်တာဖြစ်သလို၊ သူတို့ဘဝကိုလည်း ထိန်းချုပ်ထားတဲ့နည်းလမ်းတွေရှိပါသေးတယ်။


၁) ကိုယ့်ကိုကိုယ်စည်းကမ်းသတ်မှတ်ထားပါတယ်။
အောင်မြင်သူတွေက သူတို့ကိုယ်သူတို့ သတ်မှတ်ထားတဲ့စည်းကမ်းတွေရှိပါတယ်။ ထိုစည်းကမ်းတွေကိုလည်း သူတို့ကိုဘယ်သူကမှ မစစ်ဆေးနေပေမယ့် သူတို့ကိုယ်သူတို့လေးစားဖို့အတွက် အတိအကျလိုက်နာတတ်ကြပါတယ်။ ဥပမာ။ ကိုယ့်ကျင့်သိက္ခာဘယ်တော့မှ မဖောက်ပြန်ဘူးဆိုတာမျိုး၊ တစ်နေ့တာအတွက်သတ်မှတ်ထားတဲ့အလုပ်ကို သတ်မှတ်ထားတဲ့အချိန်အတွင်းပြီးအောင်လုပ်မယ်ဆိုတာမျိုး၊ တစ်ပတ်မှာ တစ်ကြိမ်၊ ဘယ်နှစ်နာရီအဖြစ် ကိုယ့်မိသားစုကိုအချိန်ပေးမယ်ဆိုတာမျိုးတွေပါ။
အဲဒီလိုစည်းကမ်းတွေကိုလည်း ဘယ်သူကမှသတ်မှတ်ခိုင်းတာမှမဟုတ်ဘဲ သူတို့တိုးတက်အောင်မြင်ဖို့ သတ်မှတ်ရမယ်ဆိုတာ သူတို့ကိုယ်တိုင်သိသူတွေပါ။ ပြီးတဲ့အပြင် သူတို့သတ်မှတ်ထားတဲ့စည်းကမ်းကို သူတို့ကိုယ်တိုင်လိုက်နာခြင်းက သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိစေသလို၊ ကိုယ့်ကိုကိုယ်လည်း ပိုပြီးတန်ဖိုးထားတတ်လာပါတယ်။
၂) ကိုယ့်အတွက် သီးသန့်အချိန်သတ်မှတ်ထားခြင်း
အောင်မြင်သူတိုင်းက အလုပ်တွေချည်း စွတ်လုပ်နေပြီး အောင်မြင်သွားတဲ့သူတွေမဟုတ်ပါဘူးနော်။ အောင်မြင်နေပေမယ့်လည်း သူ့ကိုသူအလုပ်တွေအရမ်းဖိစီးနေတာကို သိနေသလို၊ ဘယ်အကြောင်းအရာက စိတ်ဖိစီးမှုပပျောက်စေသလဲဆိုတာကိုလည်း နားလည်ကြပါတယ်။ အဲဒါကြောင့်ကိုပဲ အလုပ်ကြောင့်ဖြြစ်ဖစ်၊ ကိုယ့်ရဲ့ကြိုးစားမှုတွေကြောင့်ဖြစ်ဖြစ် ဖိစီးလာတဲ့အခါ ကိုယ့်ကိုကိုယ်အချိန်သီးသန့်ပေးပြီး စိတ်အပန်းဖြေတတ်ကြပါတယ်။ အဲဒီ့အတွက် အောင်မြင်သူတွေက စိတ်ဖိစီးမှုမရှိသလို အမြဲတမ်းလန်းဆန်းတက်ကြွနေတတ်တာပါ။
၃) အလုပ်နဲ့ဘဝညီမျှအောင်အချိန်ပေးပါတယ်။
အလုပ်တွေချည်းလုပ်နေပြီး မိသားစုဘဝကို လျစ်လျူရှုထားလို့မရဘူးဆိုတာ သူတို့ကသိပြိး သူတို့ဘဝကို အလုပ်နဲ့ဘဝညီမျှအောင် ထိန်းချုပ်နိုင်သူတွေပါ။ အဲဒါကြောင့်ကို မိသားစုအတွက်ပေးတဲ့အချိန်သပ်သပ်ရှိအောင် ကြိုးစားတတ်ကြပါတယ်။
၄) အခြားသူတွေရဲ့အမြင်တွေကို ဂရုမစိုက်တတ်ပါဘူး။
အောင်မြင်သူတော်တော်များများက မအောင်မြင်ခင်မှာ အမျိုးစုံဝေဖန်ခံခဲ့ရသူတွေပါပဲ။ ဒါပေမယ့် သူတို့တွေက ထိုဝေဖန်မှုမှန်သမျှကို ခေါင်းထဲမထည့်သင့်တာမထည့်သလို၊ တကယ်တမ်းပြုပြင်ရမယ့်ကိစ္စရှိရင်လည်း လက်ခံသင့်တာလက်ခံရမှန်းသိသူတွေဖြစ်ပါတယ်။ ခေါင်းထဲမထည့်သင့်တဲ့ အပြစ်တင်မှုမျိုးကို ခေါင်းထဲထည့်မိရင် ကိုယ့်သွားမယ့်လမ်းကြောင်းမှာ အနှောင့်အယှက်ဖြစ်နိုင်သလို၊ ပြုပြသင့်တာမပြုပြင်မိရင်လည်း ကိုယ့်ရဲ့တိုးတက်မှုကို ထိခိုက်နိုင်မှာပါ။ မအောင်မြင်ခင်မှာ အမျိုးမျိုးသော အထင်သေးရှုံ့ချမှုတွေကို ဂရုမစိုက်ဘဲ ဆက်လက်ကြိုးစားတတ်ပါတယ်။ အောင်မြင်သူတွေက ထိုအချက်ကို နားလည်သဘောပေါက်ပြီး သူတို့ဘဝကို ထိုနည်းလမ်းနဲ့ထိန်းချုပ်တတ်ပါတယ်။
၅) ပြုပြင်သင့်တာပြုပြင်တတ်ပါတယ်။
ပြောင်းလွယ်ပြင်လွယ်ခြင်းက အောင်မြင်သူတွေမှာ ရှိတတ်တဲ့အဓိက အချက်ထဲကတစ်ခုပါပဲ။ အမြဲတစေ “ငါသာလျှင် မှန်တယ်လို့ စွဲကိုင်နေတတ်သူမျိုးက ဘယ်တော့မှ မတိုးတက်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့အမှားကို သူတို့လက်မခံနိုင်လို့ပါ။ အမှားကို အမှားလို့ လက်မခံနိုင်တော့ မပြုပြင်၊ မပြုပြင်တော့ မတိုးတက်တော့ပါဘူး။ အောင်မြင်သူတွေကတော့ သူတို့ကို အပြုသဘောနဲ့အကြံပေးချက်မျိုးကို ဆန်းစစ်ပြီး လက်ခံသင့်တာလက်ခံလို့ ပြုပြင်တတ်ပါတယ်။ ဒီနည်းလမ်းနဲ့ သူတို့ဘဝကို ထိန်းချုပ်လို့ အောင်မြင်သထက်အောင်မြင်သူဖြစ်လာကြတာပါ။
ဒါဆိုရင်တော့ အောင်မြင်သူတွေရဲ့ သူတို့ဘဝကို သူတို့ကိုယ်တိုင်ဘယ်လိုနည်းလမ်းတွေနဲ့ ထိန်းချုပ်ထားသလဲဆိုတာသိလောက်ပါပြီနော်။ ကိုယ့်မှာလည်း ထိုအချက်တွေနဲ့ မထိန်းချုပ်နိုင်သေးဘူးထင်ရင် ကြိုးစားကြည့်ပါအုံးလို့ တိုက်တွန်းလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။