ယုံကြည်မှုကို ပျက်ပြားစေသော အကျင့်ဆိုးများ

လူမှုဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ အိမ်ထောင်ရေးမှာပဲဖြစ်ဖြစ်၊ ချစ်သူရည်းစားဆက်ဆံရေးမှာပဲဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုရှိဖို့က အရေးကြီးတဲ့အချက်တွေထဲက တစ်ချက်ဖြစ်ပါတယ်။ တစ်ယောက်ကို တစ်ယောက်မယုံကြည်ရတဲ့အခါ “သူဘာလုပ်မလဲ….သူဘာလုပ်နိုင်သလဲ” ဆိုတဲ့သံသယအတွေးတွေက ပူလောင်စေပါတယ်။ အဲဒါအပြင် ကိုယ်တိုင်ရေရာစွာမသိပေမယ့် အပြစ်တင်နေမိတတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မယုံကြည်ရတဲ့အတွက် လေးစားမှုလည်း လျော့နည်းစေပါတယ်။ အဲဒီ့အတွက် ယုံကြည်မှုကို ပျက်ပြားစေတဲ့အပြုအမူတွေကို သတိထားပြီး ရှောင်ကျဉ်သင့်ပါတယ်။ ကိုယ်တိုင်မလုပ်နိုင်လောက်ဘူး….မဖြစ်နိုင်ဘူးလို့ ထင်မိတဲ့အချက်မျိုးဆိုရင်လည်း စကားကို အကုန်ပြောတာမျိုးမလုပ်သင့်ပါဘူး။ ဘယ်အရာမှာမဆို တရားသေဖြစ်လာနိုင်တာမရှိလို့ အခြေအနေအရပ်ရပ်ကြောင့်ပြောင်းလဲမှုရှိတတ်တယ်ဆိုတာလေးနှလုံးသွင်းပြီး ဖြစ်နိုင်တာကိုသာ ပြောဆိုသင့်ပါတယ်။ လုပ်ဆောင်သင့်ပါတယ်။ အဲဒါကြောင့် ယုံကြည်မှုကင်းမဲ့စေတတ်တဲ့အပြုအမူတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) မဖြစ်နိုင်တာကို ပြောခြင်း
အမြဲတမ်းလိုလို လေကြီးမိုးကြီးပြောတတ်တဲ့သူမျိုးက လက်တွေ့ထက်ကို ကင်းကွာတဲ့အပြော၊ အပြုအမူမျိုး ပြောလေ့ပြုမူလေ့ရှိတတ်ပါတယ်။ အချိန်တန်တော့ ပြောထားသလို မဖြစ်လာတာမျိုးဖြစ်တဲ့အခါ တဖက်လူရဲ့ယုံကြည်မဲ့မှုကို ရတာပါပဲ။ အခါခါ ယုံကြည်မှုမဲ့လာတဲ့အခါ ကိုယ်ပြောသမျှစကားမှန်ရင် တဖက်လူရဲ့ခေါင်းထဲမှာ မဝင်တော့သလို၊ ကိုယ်ပြုလုပ်ထားသမျှလည်း အောင်မြင်မှာမဟုတ်ဘူးလို့ ထင်လာတတ်ကြပါတယ်။ လေးလည်း မလေးစားတော့ပါဘူး။

၂) အပြောနဲ့အလုပ်မညီခြင်း
ပြောတုန်းက လေတလုံးမိုးတလုံး တကယ်တမ်းလက်တွေ့ကျတော့ ဘာမှမဟုတ်တာမျိုး၊ ဆင်လောက်ပြောထားပြီး ပုရွက်ဆိတ်လောက်ဖြစ်လာပြတာမျိုးကလည်း ယုံကြည်မှုကင်းမဲ့စေတာပါပဲ။ အခါခါဖြစ်လာတော့ နောက်ထပ်ကိစ္စတွေမှာလည်း ထိုနည်းလည်းကောင်းပါပဲဆိုတဲ့အတွေးမျိုးတွေနဲ့ သင့်ကိုဘယ်သူမှ အဖက်လုပ်တော့မှာမဟုတ်ပါဘူး။

၃) ဝေ့လည်ကြောင်ပတ်နဲ့ လိမ်ညာတတ်ခြင်း
မကြာခဏလိမ်ညာတတ်ခြင်းကလည်း အယုံအကြည်မဲ့စေပါတယ်။ စကားကို ဟိုမရောက်ဒီမရောက်၊ ဟိုလိုလိုဒီလိုလိုတွေပြောရင်း စကားကို ဗလောင်းဗလဲပြောတတ်ခြင်းကလည်း ဆိုးဝါးပါတယ်။ အဲဒီလိုအမြဲလိမ်ညာတတ်သူက လွယ်လွယ်လိမ်လို့ရရင် ထပ်လိမ်အုံးမှာပါပဲ။ အလိမ်ခံရပါများလာတဲ့အခါ ထိုသူမျိုးကို ဘယ်သူကမှ အပေါင်းအသင်းလုပ်ချင်တော့မှာမဟုတ်ပါဘူး။ လူမှုရေးကြောင့် ရှေ့တင်မှာ ရယ်ပြပြုံးပြနေရပေမယ့် နောက်ကွယ်မှာတော့ ကိုယ့်အကြောင်းကိုပြောပြီး အလကားလူတစ်ယောက်လိုဆက်ဆံခံရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့လိမ်ညာမှုကြောင့် ကိုယ့်ရဲ့တန်ဖိုးကိုလည်း လျော့ကျစေပါတယ်။

၄) ကိုယ့်အတွက်ပဲကိုယ်ကြည့်တတ်ခြင်း
တကိုယ်ကောင်းဆန်တတ်သူတွေကိုလည်း အယုံကြည်မဲ့စေတတ်ပါတယ်။ များသောအားဖြင့် တကိုယ်ကောင်းဆန်တတ်သူက လိမ်ညာဖို့လည်း ဝန်မလေးသလို၊ ကလိမ်ကျဖို့၊ ကောက်ကျစ်ဖို့လည်း ဝန်မလေးပါဘူး။ အဲဒါကြောင့် ကိုယ့်အကျိုးရှိရင်ပြီးရော…..ဆိုတဲ့စိတ်နဲ့ တဖက်လူရဲ့ယုံကြည်မှုကို အလွဲသုံးစားလုပ်တတ်သူဖြစ်ပါတယ်။ အဲဒီ့အတွက်ကြောင့်ကိုပဲ တကိုယ်ကောင်းဆန်တဲ့လူတွေအပေါ် ယုံကြည်မှုကင်းမဲ့စေတတ်ပါတယ်။

၅) ကိုယ်လုပ်ရမယ့်အလုပ်ကို မလေးမစားခြင်း၊ တာဝန်မယူခြင်း
ကိုယ်လုပ်ရမယ့်အလုပ်၊ ကိုယ့်တာဝန်ကို မကျေပွန်တတ်တဲ့သူမျိုး ဒါမှမဟုတ် မလေးမစားနဲ့ပြီးဆုံးအောင်မလုပ်တတ်တဲ့သူမျိုးကိုလည်း တဖက်လူက အယုံအကြည်မဲ့တတ်ပါတယ်။ သူ့ကိုယ်ပိုင်တာဝန်ကိုတောင် ကျေပွန်အောင်မလုပ်ချင်သူက အခြားကိစ္စတွေမှာလည်း အလေးအနက်ထားပြီးလုပ်မှာမဟုတ်ပါဘူး။ အဲဒီလို အရာရာကို ပေါ့ဆေပြီးလုပ်တတ်ခြင်းအခါများလာတဲ့အခါ ဘယ်သူကမှ ယုံကြည်မှုရှိတော့မှာမဟုတ်ပါဘူး။

၆) မိမိကိုအထင်ကြီးလာစေဖို့ ဟန်ဆောင်တတ်ခြင်း
အခြားလူတွေမိမိကိုယ်အထင်ကြီးလာစေဖို့အတွက် အပြင်ပန်းအသွင်အပြင်တွေနဲ့ အပေါ်ယံအဆောင်အယောင်တွေဖြင့် ဟန်ဆောင်တတ်ခြင်းကလည်း တကယ်တော့ အယုံအကြည်မဲ့စေတာဖြစ်ပါတယ်။ ဘယ်brand ဘယ်တံဆိပ်စတာတွေနဲ့ ကိုယ့်ကိုကိုယ်ဖုံးလွှမ်းထားခြင်းက လူတစ်ယောက်ရဲ့ယုံကြည်မှုကိုရစေတာမဟုတ်ပါဘူး။ တချို့က ထိုအပေါ်ယံခွာချနိုင်တဲ့အရာတွေနဲ့ ကိုယ့်ရဲ့မျက်နှာအစစ်အမှန်ကိုဖုံးအုပ်ထားတတ်ပါတယ်။ ထိုအရာတွေက လူတွေရဲ့ယုံကြည်မှုကို ရစေတယ်လို့ အထင်မှားနေတတ်ကြပါတယ်။ တကယ်တော့ ထိုအရာတွေအားလုံးက အပေါ်ယံသာဖြစ်ပြီး လူတစ်ယောက်ရဲ့ဗလောင်းဗလဲနိုင်ခြင်းကို ဆက်ဆံကြည့်တဲ့အခါ ပေါ်လာရတာပါပဲ။ အပေါ်ယံအရာတွေက ရေရှည်ဖုံးကွယ်နိုင်မှာမဟုတ်ပါဘူး။
ပြောထားတဲ့စကားအတိုင်း အဟုတ်လုပ်နိုင်ခြင်း၊ ကိုယ့်စကားကိုယ်တာဝန်ယူနိုင်ခြင်း၊ ကတိတည်တတ်ခြင်း၊ စကားမှန်ခြင်းစတာတွေကသာ လူတစ်ယောက်ရဲ့ယုံကြည်မှုကိုရစေနိုင်တာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ယုံကြည်မှုဆိုတာက အပေါ်ယံအမြင်နဲ့ဆုံးဖြတ်မှုဖြစ်နိုင်ပေမယ့် တကယ်တမ်း ရေရှည်ပေါင်းသင်းဆက်ဆံကြည့်လိုက်တဲ့အခါမှာတော့ ဟန်ဆောင်မှုမှန်သမျှ ကွာကျရတာပါပဲ။ အဲဒါကြောင့် ကိုယ်တာဝန်ယူနိုင်တဲ့အရာမျိုးကိုသာ ပြုမူဖို့၊ ကိုယ့်တာဝန်ကိုကျေပွန်နိုင်ဖို့၊ ကိုယ့်စကားကိုယ်တာဝန်ယူနိုင်ဖို့ ၊ အပြောနဲ့အလုပ်ညီဖို့ ကသာ အခြားသူတွေရဲ့ယုံကြည်လေးစားမှုရနိုင်တာပါ။ အထက်ကအချက်တွေကို သတိပြုနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။