သင့်ရဲ့ EQ တိုးတက်စေဖို့ နည်းလမ်း ၅ ချက်

Emotional intelligence (EQ or EI) ဆိုတာက သင့်ရဲ့စိတ်ခံစားချက်ကို စီမံနိုင်တဲ့စွမ်းရည်သာမက အခြားသူများရဲ့စိတ်ခံစားချက်ကိုလည်း နားလည်သဘောပေါက်တဲ့စွမ်းရည်လည်းဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ EQ ကိုအဓိကထားပြီးကြည့်လာကြပါပြီ။ EQ ကောင်းခြင်းက ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရရောအပေါ်အကျိုးသက်ရောက်မှုရှိပါတယ်။ စိတ်ဓာတ်တက်ကြွမှု၊ ဦးဆောင်နိုင်မှု၊ ကျန်းမာရေးတဲ့အကြောင်းအရာအမျိုးမျိုးအပေါ် သက်ရောက်မှုရှိနေတာဖြစ်ပါတယ်။ EQ ကောင်းဖို့အတွက် ကျွန်တော်တို့လေ့ကျင့်ယူလို့ရပါတယ်။ အချိန်ယူပြီး ဖြေးဖြေးချင်းလေ့ကျင့်ယူနိုင်ပါတယ်။ EQ အတွက် ဘယ်လိုလေ့ကျင့်မလဲဆိုတဲ့နည်းလမ်း ၅ချက်ဖော်ပြပေးလိုက်ပါတယ်။


၁) သင့်ရဲ့မကောင်းတဲ့စိတ်ခံစားချက်ကို စီမံပါ။
သင့်ရဲ့မကောင်းတဲ့အတွေးတွေနဲ့စိတ်ခံစားချက်တေါကိုလျော့ချဖို့၊ စီမံဖို့ကြိုးစားတဲ့အခါ ချက်ချင်းတော့မဖြစ်နိုင်ပေမယ့် တဖြေးဖြေးချင်းလေ့ကျင့်ကြည့်ပါ။ သင့်ကိုသင် သတိထားပြီးစောင့်ကြည့်ပါ။ သင်တွေးနေတဲ့အတွေးတွေကို သတိထားပါ။ အဆိုးဘက်ကထင်နေတဲ့သင့်ရဲ့အတွေးတွေကို အကောင်းမြင်စိတ်နဲ့အစားထိုးဖို့အကျင့်လုပ်ပါ။

၂) သင့်ရဲ့စကားလုံးတွေကို သတိထားပါ။
အလုပ်ခွင်မှာ၊ လူမှုရေးကိစ္စတွေမှာ ၊ ဆက်ဆံပေါင်းသင်းရေးမှာ သင့်ရဲ့အကောင်းမြင်တဲ့စိတ်နဲ့ လူတွေကိုပြောဆိုဆက်ဆံပါ။ EQ မြင့်တဲ့လူတွေက တန်ဖိုးရှိပြီး အကောင်းမြင်စိတ်များတဲ့စကားမျိုးကိုသာ အသုံးပြုတတ်ကြပါတယ်။ ဘယ်လိုဆုံးဖြတ်ပြောဆိုလိုက်ခြင်းက အခြေအနေတွေကို ပိုပြီးဆိုးရွားစေနိုင်သလဲ၊ နောက်တစ်ကြိမ်မှာဘယ်လိုမျိုး ညှိုနှိုင်းဆွေးနွေးသင့်သလဲဆိုတာမျိုးစဉ်းစားသင့်ပါတယ်။ အကောင်းဘက်ကနေ ဘယ်လိုဖြေရှင်းမလဲဆိုတာမျိုးတွေတွေးသင့်ပါတယ်။

၃) ကိုယ်ချင်းစာစိတ်ထားပါ။
စကားအရကော၊ အပြုအမူအရကော တဖက်လူရဲ့ခံစားချက်တွေကိုတန်ဖိုးထားပါ။ ကိုယ့်ဘဝကို ကိုယ်က ကိုယ့်ဖိနပ်နဲ့စီးပြီးသွားနေတာဖြစ်တာမို့ ကိုယ့်ဘဝအကြောင်းကိုယ်ပဲသိတာပါ။ အဲဒီလိုပါပဲ….အခြားသူတွေလည်း သူတို့ဘဝကို သူတို့ဖိနပ်နဲ့သူတို့လျှောက်နေတာမို့ သူတို့ဘဝကိုလည်း သူတို့ပဲသိမှာပါ။ ကိုယ်အလုံးစုံမသိနိုင်တဲ့သူတို့ဘဝအတွက် ကိုယ်ချင်းစာစိတ်လေးနဲ့သာ ဖြည့်တွေးပေးလိုက်ပါ။

၄) သင့်ကိုစိတ်ဖိစီးစေတဲ့အရာတွေကိုသိပါ။
သင့်ကိုစိတ်ဖိစီးစေတာက ဘယ်အရာတွေလဲ၊ ဘယ်လိုလူတွေလဲဆိုတာကို သင်သိဖို့လိုပါတယ်။ သင့်ကိုစိတ်ခံစားချက်ဆိုးဝါးအောင်လုပ်တတ်တဲ့သူတွေနဲ့ အရာတွေကို သင်အတတ်နိုင်ဆုံးရှောင်ကျဉ်တာက အဆိုးမြင်စိတ်ပျောက်အောင်လုပ်ဖို့အကောင်းဆုံးပါပဲ။ ဥပမာ သင်မအိပ်ခင် အလုပ်နဲ့ပတ်သက်တဲ့အီးမေးလ်ဝင်လာတယ်ဆိုပါတော့ ။ အီးမေးလ်ကိုဖတ်ကြည့်ပြီး နောက်ထပ်အလုပ်ကိစ္စတွေထပ်လုပ်မိနေမှာစိုးရင် အီးမေးလ်ကိုဖတ်ပြီး မနက်ရုံးရောက်မှစာပြန်ဖို့ချန်ထားခဲ့လိုက်ပါ။ သင်ဘာလုပ်လုပ် အကောင်းမမြင်ဘဲ အပြစ်ချည်းပြောတတ်တဲ့သူကို သင်အကောင်းဆုံးဆက်ဆံကြည့်လို့မှ သူ့ဘက်က ဘယ်လိုမှ မပြောင်းလဲနိုင်ဘူးဆိုရင် အဲဒီလူကို သင်ရှောင်လိုက်ပါ ။ အဲဒါက သင့်စိတ်ခံစားချက်ကို ကောင်းမွန်စေသလို၊ သင့်ရဲ့အဆိုးမြင်စိတ်ကိုလည်း လျော့ကျစေပါတယ်။

၅) ဒုက္ခအခက်အခဲတွေကနေလွတ်မြောက်အောင်ကြိုးစားပါ။
လူတိုင်းမှာ စိန်ခေါ်မှုတွေကိုယ်စီရှိကြပါတယ်။ အဲဒီစိန်ခေါ်မှုတွေကို သင်ဘယ်လိုတုံ့ပြန်မလဲ ဆိုတာက သင့်အပေါ်မူတည်ပါတယ်။ ဒုက္ခတွေ၊ စိန်ခေါ်မှုတွေဆီကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲဆိုတာကိုတွေးမယ့်အစား ဘယ်လိုမျိုး အကြောင်းပြချက်ပေးမလဲလို့တွေးခြင်းက အဆင်မပြေနိုင်ပါဘူး။ ဒုက္ခအခက်အခဲတွေကနေ ရုန်းထွက်နိုင်ဖို့ မလွယ်နိုင်ပါဘူး။ ဘယ်လိုဖြေရှင်းမလဲ၊ ဘာသင်ခန်းစာယူနိုင်မလဲလို့တွေးခြင်းကသာ အမှန်ဖြစ်ပါတယ်။
Emotional intelligence (EQ or EI) က ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ စွမ်းရည်ဖြစ်တဲ့အတွက် မဖြစ်မနေတိုးတက်ရမယ်လို့ ဆုံးဖြတ်ထားမယ်ဆိုရင် အလေ့အကျင့်လုပ်ကြည့်ပါ။ အကျိုးကျေးဇူးကို ချက်ချင်းလက်ခံရမှာတော့မဟုတ်ပေမယ့် တဖြေးဖြေးလက်ခံကျင့်သုံးကြည့်ရင်း တိုးတက်လာပါလိမ့်မယ်။
ကောင်းမွန်တဲ့ EQ ရှိခြင်းက သင့်ရဲ့ ပေါင်းသင်းဆက်ဆံရေးမှာ၊ အလုပ်ခွင်မှာ၊ လူမှုရေးမှာ ၊ ကိုယ်ကျန်းမာရေးနဲ့စိတ်ကျန်းမာရေးမှာ စသဖြင့် သင့်ရဲ့ဝန်းကျင်မှာ အကောင်းဘက်ကအကျိုးဆက်တွေချည်းဖြစ်လာစေမှာပါ။
https://www.forbes.com/sites/ashleystahl/2018/05/29/5-ways-to-develop-your-emotional-intelligence/#1c210b616976 လင့်မှာကိုးကားဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။