သင်ရည်ရွယ်ထားတာတွေ ဘာလို့မဖြစ်မြောက်သေးတာလဲ။

သင်ရည်ရွယ်ထားတာတွေ မဖြစ်မြောက်နိုင်သေးဘူဆိုပြီး စိတ်ညစ်ဖူးတဲ့အခိုက်အတန့်ရှိမှာပါ။ အဲဒီ့အခါ သင်လုပ်သင့်တာက သင့်ရည်မှန်းထားတာတွေကို ပြန်သုံးသပ်ဖို့နဲ့ သင့်ကိုယ်သင်ပြန်ဆန်းစစ်ဖို့ပါ။ အရင်ဦးဆုံး သင်ရည်ရွယ်ထားတာက မဖြစ်နိုင်တဲ့ရည်မှန်းချက်မျိုးဖြစ်နေလို့လား။ လက်ထဲငွေတပြားမှမရှိတဲ့လူက နေ့ချင်းညချင်း လုပ်ငန်းပိုင်ရှင်ဖြစ်လို့မရပါဘူး။ အဲဒါကြောင့် မဖြစ်နိုင်တဲ့ရည်မှန်းချက်၊ တနည်းအားဖြင့်လက်တွေ့နဲ့ကင်းကွာတဲ့ရည်မှန်းချက်မျိုးဖြစ်နေရင်တော့မဖြစ်နိုင်ပါဘူး။ ကိုယ်ရည်ရွယ်ထားတာတွေဖြစ်လာဖို့အတွက် လက်တွေ့ကျပြီး ကြိုးစားရင်ဖြစ်နိုင်တဲ့ရည်မှန်ချက်ဖြစ်ဖို့လိုပါတယ်။ အဲဒါဆိုရင်တော့ အောက်ကအချက်တွေကို ဆက်ဖတ်သွားပါနော်။


၁) အချိန်ဖြုန်းနေလို့လား
ပထမဆုံး ကိုယ်ရည်မှန်းထားတဲ့အရာကို ဘယ်အချိန်ဖြစ်ရမယ်လို့အချိန်သတ်မှတ်ထားမှသာ ထိုကာလအတွင်းဖြစ်နိုင်အောင် တွန်းအားရှိမှာပါ။ အချိန်မသတ်မှတ်ထားဘူးဆိုရင် သင့်ကိုသင်တွန်းအားမပေးမိတာမျိုး၊ ဘေးပတ်ဝန်းကျင်ကအာရုံပြောင်းစရာတွေကို အာရုံရောက်သွားတာမျိုးတွေဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် သင်ရည်ရွယ်ထားတာတွေမဖြစ်လာခြင်းဟာ အချိန်ကို အလကားဖြုန်းမိနေသလားဆိုတာ တွေးကြည့်သင့်ပါတယ်။ ဘယ်နေရာတွေမှာ အချိန်ကို အလကားဖြုန်းနေမိသလဲ ပြန်ရှာပါ။ ပြန်သုံးသပ်ပါ။ ထိုအချိန်ဖြုန်းမယ့်နေရာမှာ ကိုယ်ရည်မှန်းချက်အတွက် အစားထိုးပြန်ကြိုးစားပါ။

၂) ဆင်ခြင်များနေသလား။
ဒါပြီးမှ လုပ်လိုက်မယ်၊ ခဏလေး နားလိုက်အုံးမယ်၊ ဒါကမဖြစ်နိုင်သေးပါဘူး။ စောပါသေးတယ်။ နောက်ကျလွန်းနေပြီ စတဲ့ ရည်ရွယ်ထားတာတွေလုပ်ဖို့ရာကို အဲဒီ့လို ဆင်ခြင်တွေများနေသလားဆိုတာ ပြန်တွေးသင့်ပါတယ်။

၃) အခြားလူကိုအပြစ်လွှဲချနေသလား။
“ဒါငါအသုံးမကျလို့မဟုတ်ဘူး…သူတို့ကိုကမကောင်းတာ။ ဒါငါ့အပြစ်မဟုတ်ဘူး….ငါမှမသိတာ၊ ငါမှမလုပ်တတ်တာ…..လုပ်တတ်တဲ့သူလုပ်ပါစေ” ကိုယ်မှားသွားတဲ့အခါ အမှားကို ကိုယ်ကပြုပြင်နိုင်အောင် အမှန်သိအောင် ကြိုးစားရမှာဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကိုယ့်ရဲ့အမှားကို ဖုံးကွယ်ချင်တဲ့အခါ ဖြစ်ဖြစ်၊ ဖုံးကွယ်ဖို့ကြိုးစားချင်တဲ့အခါ ဖြစ်ဖြစ် အခြားလူတစ်ယောက်ကို အပြစ်လွှဲချတဲ့အတွေးမျိုး အပြောမျိုးလုပ်မိတတ်ကြပါတယ်။ အဲဒါက သင့်ရဲ့အမှားကို တခဏတော့ ဖုံးကွယ်လိုက်နိုင်ပေမယ့် အမှန်ကို ကိုယ်တိုင်မသိနိုင်တော့ ၊ မပြုပြင်နိုင်တော့ပါဘူး။ အမှားဟာအမှားအတိုင်းပဲ ဖုံးကွယ်လိုက်တာပါ။ အဲဒါကြောင့် သင့်မှာ အမှန်များမလာပါဘူး။ အဲဒီ့အကျင့်ကလည်း သင့်ရည်မှန်းချက်ကိုသွားတဲ့လမ်းမှာ အမှားချည်းကိုသာ လက်ခံကျင့်သုံးနေတတ်တာကြောင့် အမှန်မပြင်နိုင်ဘဲ ကျရှုံးတတ်ပါတယ်။ တခါတလေမှာလည်း ဒီအကြောင်းအရာက ကိုယ်ရည်မှန်းထားတဲ့အရာတွေနှောင့်နှေးစေပါတယ်။

၄) ကိုယ်တိုင်သင်ယူဖို့မကြိုစားဘူးလား။
ဘယ်အရာမဆို အခြားသူလုပ်မှာပေါ့….ဒါ ငါ့တာဝန်မဟုတ်ဘူ….ငါလုပ်စရာမလိုဘူး ငါနဲ့မဆိုင်ဘူးဆိုတဲ့စိတ်က အသစ်ကို သင်ယူဖို့ မဖြစ်နိုင်တော့ပါဘူး။ အသစ်ကို မသင်ယူနိုင်တဲ့အခါ အတတ်ပညာဗဟုသုတမတိုးနိုင်တော့ပါ။ အဲဒီ့အကျင့်စွဲနေတဲ့လူဟာ ကိုယ့်ရည်မှန်းချက်နဲ့ပတ်သက်သမျှကိုလည်း စုံလင်အောင် လေ့လာလိုက်စားမှာမဟုတ်ပါဘူး။ အဲဒါကြောင့် ကိုယ့်ရည်မှန်းထားတာတွေမဖြစ်လာအောင် တားဆီးတတ်တဲ့အကြောင်းအရာဖြစ်လာနိုင်ပါတယ်။

၅) အခြားသူကိုချည်းအားကိုးနေမိသလား။
နောက်တစ်ခုက ငါမလုပ်တတ်ဘူး….ဆိုပြီး ကိုယ်တိုင်လည်း လုပ်တတ်အောင်မသင်ယူဘဲ အခြားလူတစ်ယောက်ကိုချည်းအားကိုးတဲ့အကျင့်ပါ။ အဲဒီ့အခါ တဖက်လူမရှိရင်မဖြစ်ဘူးဆိုတဲ့အထိဖြစ်လာနိုင်ပါတယ်။ အဲဒါက တကယ်တော့ အခြားသူကို မသိလိုက်မသိဘာသာ အားကိုးမိနေတာပါပဲ။ အဲဒါကလည်း ကိုယ့်ရည်မှန်းထားတာတွေမဖြစ်လာအောင် တားဆီးနိုင်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။