သင့်အကြောင်းမကောင်းပြောခံရတဲ့အခါ……..

လူတိုင်းမှာ သူတို့ဘဝရဲ့ သက်ဆိုင်ရာအခက်အခဲ၊ အကြပ်အတည်းတွေ၊ ပြဿနာတွေကိုယ်စီကို ရင်ဆိုင်ဖြေရှင်းနေကြတာချည်းပဲဖြစ်ပါတယ်။ ဘဝမှာ အမြဲတမ်းပျော်ရွှင်နေတဲ့သူရယ်လု့ိ မရှိသလို၊ အမြဲတမ်း ငိုကြွေးဝမ်းနည်းနေရတဲ့လူရယ်လို့လည်း မရှိပါဘူး။ မှန်ကင်းတလှည့် ထင်းတစ်လှည့်မို့ ပျော်လိုက်ငိုလိုက်ပါပဲ။ ဒါပေမယ့် လူတိုင်းရဲ့ကိစ္စတိုင်းပြဿနာတိုင်းကိုလည်း ကျွန်တော်တို့အမြဲတမ်း ခရေစေ့တွင်းကျ မသိနိုင်သလို၊ နားမလည်နိုင်ပါဘူး။ လူတိုင်းက တိုက်ပွဲကိုယ်စီတိုက်နေကြတဲ့သူတွေချည်းပါပဲ။ တစ်ခုပဲ သူတို့တိုက်ပွဲကို ကျွန်တော်တို့ခရေစေ့တွင်းကျ မသိနိုင်၊ နားမလည်နိုင်ပါဘူး။ အဲဒါပါပဲ။


အဲဒီ့အခါမှာ ဘာဖြစ်လာသလဲဆိုတော့ သူတို့ရဲ့ ရပ်တည်ရှင်သန်မှုကို အပေါ်ယံပဲမြင်ပြီး အပေါ်ယံမြင်နေတာလောက်ကို ရိုးမယ်ဖွဲ့အပြစ်ပြောနေလို့လည်း မဖြစ်နိုင်ပြန်ပါဘူး။ သူ့မှာလည်း သူ့အခက်အခဲနဲ့သူရှိနေနိုင်တယ်လေ။
အဲဒီ့စိတ်လေးကို လူတိုင်းစိတ်ထဲမှာ ထည့်ထားလိုက်မယ်ဆိုရင် ကိုယ်မသိနိုင်တဲ့လူတစ်ယောက်ရဲ့အခြားအခြမ်းကို မြင်ပေးလိုက်ပြီး နားလည်ပေးနိုင်သွားပါလိမ့်မယ်။ အဲဒီလိုမဟုတ်ရင်တော့ အခြားလူတစ်ယောက်ကို မကောင်းပြောတာမျိုးတွေဖြစ်လာတော့တာပါပဲ။ ကိုယ့်ကို အခြားသူတွေက သူတို့ရဲ့အမြင်နဲ့ပြောလာတဲ့အပြောမျိုးကို ကိုယ်ကြားရမယ်ဆိုရင် ခံနိုင်ပါ့မလားဆိုတာ ပြန်တွေးစရာပါပဲနော်။ ဒါပေမယ့် အဲဒီလိုအမြင်ကျဉ်းမြောင်းစွာတွေးတတ်တဲ့လူမျိုးတွေလည်း ရှိကိုရှိပါတယ်။ အခြားသူကို အမြင်နဲ့ဝေဖန်ပြီး အပြစ်တင်တတ်တဲ့လူမျိုးတွေကို အတင်းပြောတတ်သူများလို့ ခေါင်းစဉ်တပ်ရမယ်ထင်ပါတယ်။ အဲဒီလိုလူတွေမှာ တစ်ဖက်လူရဲ့ဘက်ကို ငဲ့ကြည့်ပေးနိုင်တဲ့စိတ်ထားမျိုးမရှိတတ်ကြတာကို တွေ့ရများပါတယ်။ လူတစ်ယောက်ကို အပေါ်ယံအမြင်နဲ့ကြည့်ပြီးဆုံးဖြတ်လို့မရနိုင်ပါဘူးနော်။ Mark Twin ပြောထားသလို လူတိုင်းမှာ ကျွန်တော်တို့မသိနိင်တဲ့အခြားအခြမ်းဆိုတာရှိပါတယ်တဲ့။ အဲဒီလိုပါပဲ…..အဲဒါကိုနားမလည်ဘဲ သင့်ကို ထင်မြင်ချက်နဲ့ မကောင်းပြော အပြစ်တင်ခံရတဲ့အခါမျိုးမှာ ပုံမှန်အားဖြင့်တော့ သင်နာကျင်နိုင်ပါတယ်။ ဘာကြောင့်များ ကိုယ့်ကိုနားမလည်ရသလဲလို့ သင်တွေးမိမှာပါပဲ။ ဒါပေမယ့် အဲဒီ့က တချို့လူတွေအတွက်ကတော့ ထုံးစံပါပဲ။ သူတို့မှာ တဖက်လူရဲ့အခြားအခြမ်းကို နားမလည်၊ မခံစားနိုင်တာကိုး။ အဲဒီလို သင့်နောက်ကွယ်မှာ သင့်မကောင်းကြောင်းပြောခံရတာကို ပြန်ကြားရတဲ့အခါ ဒေါသမထွက်ပါနဲ့။ မခံစားပါနဲ့။ သူတို့မှာ သင့်ရဲ့သူတို့မမြင်နိုင်တဲ့အခြားအခြမ်းကို သူတို့မခံစားနိုင်ပါလား၊ မသိပါလားလို့ပဲ တွေးကြည့်လိုက်ပါ။ သင်ခံစားရသက်သာသွားပါလိမ့်မယ်။ ဥပမာ။ တစ်ညလုံး အထည်ချုပ်မှာ ညဆိုင်းဆင်းနေတဲ့မိန်းကလေးတစ်ယောက်ကို မနက်လင်းမှ အိပ်ပြန်လာလို့ မကောင်းတဲ့မိန်းမတစ်ယောက်လိုပြောမယ်ဆိုရင် ထိုမိန်းကေလးက အမှန်တရားကိုသိမှာပဲလေ။ သူ့အခြေအနေကို သူပဲနားလည်မှာပါ။ အဲဒီလိုပါပဲ…..တိတ်ဆိတ်ခြင်းကို အားပြုပြီး စာရေးရတဲ့လူတစ်ယောက်က တစ်ညလုံးစာရေးပြီး မနက်ပြန်အိပ်နေတာကို “မိန်းကလေးဖြစ်ပြီး တစ်နေကုန်အိပ်နေတယ် အပျင်းမ” လို့ပြောတတ်တဲ့လူက တစ်ညလုံးစာရေးနေတာကိုမှ သူမမြင်နိုင်တာ၊ သူမသိနိုင်တာကိုး။ သူ့အထင်နဲ့သူမြင်တာကိုပဲ အပြစ်ပြောနိုင်တာလေ။ အခြားလူတစ်ယောက်ရဲ့အပြစ်ကို မြင်လွယ်တယ်ဆိုတာ အရမ်းကိုလွယ်တဲ့အလုပ်ပဲဖြစ်ပါတယ်။ တခြားသူရဲ့ကောင်းကွက်ကို မြင်အောင်ကြည့်ပြီး ကိုယ်တိုင်လည်း ထိုလူ့လိုမျိုးကောင်းအောင် ကြိုးစားနိုင်ဖို့သာ ခက်တာပါ။ အဲဒါကြောင့် အရမ်းလွယ်တဲ့အလုပ်ကိုပဲ လုပ်နိုင်တာက လူညံ့လူဖျင်းတွေရဲ့အလုပ်ပါပဲ။
“Never argue with an idiot. They will drag you down to their level and beat you with experience.”― Mark Twain ပြောထားတဲ့စကားလိုပါပဲ။ လူညံ့လူဖျင်းတွေနဲ့ ဘယ်တော့မှ မငြင်းခုံပါနဲ့။ သူတို့က သူတို့ရဲ့အတွေ့အကြုံတွေနဲ့ သင့်ကို သူတို့နဲ့အဆင့်ခြင်းတူအောင် ဆွဲချသွားနိုင်ပါတယ်။ အဲဒီလို မြင်ရတဲ့အစိတ်အပိုင်းလေးကိုပဲမြင်ပြီး အပြစ်ပြောတတ်တာက သူတို့အလုပ်ပါ။ ကိုယ်က ကိုယ့်အလုပ်ကိုယ်လုပ်ပါ။ သူတို့ပြောသလို ကိုယ်တိုင်ကမဖြစ်နေရင် ပြီးတာပါပဲ။ ကိုယ်က သူတို့ပြောသမျှ လိုက်ခံစားပြီး လိုက်တွေးနေတာကမှ ကိုယ့်အလုပ်ပျက်သလို၊ ကိုယ့်စိတ်လည်း ဆင်းရဲ၊ အချိန်အလကားပုပ်သွားပါတယ်။ အဲဒါမှ သူတို့နဲ့ကိုယ်က အဆင့်တူသွားနိုင်ပါတယ်။ အဲဒီ့အတွက် ကိုယ့်အချိန်ကို သူတို့လိုလူညံ့လူဖျင်းတွေအကြောင်းစဉ်းစားဖို့အချိန်မပေးလိုက်ပါနဲ့။
“To succeed in life, you need two things: ignorance and confidence.” – Mark Twain ဘဝမှာအောင်မြင်ဖို့အတွက် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေဖို့နဲ့ လျစ်လျူရှုနိုင်ဖို့ပါပဲတဲ့။ မှန်တာကိုပဲလုပ်ပါ။ ကိုယ့်မှန်ကန်ကြောင်းသေချာပါစေ၊ အခြားသူရဲ့အထင်နဲ့အပြောကို ဂရုစိုက်နေစရာမလိုပါဘူး။ ကိုယ်တကယ်မှားနေတယ်၊ သူတို့ပြောသလိုကိုယ်တကယ်ဖြစ်နေသလား၊ ဒါဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ်ပြုပြင်ဖြစ်အောင် ပြုပြင်လိုက်ပါ။ အဲဒါက သင့်တိုးတက်ခြင်းပါပဲ။ အဲဒါကြောင့် သင့်အချိန်တွေ အလကားအကုန်ခံပြီး သင့်အကြောင်းသေချာမသိသူတွေရဲ့မကောင်းပြောခြင်းကို ခံစားမနေပါနဲ့။ သင်လုပ်သင့်လုပ်ထိုက်တာကိုသာ လုပ်ပါလို့တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။