သင့်စိတ်ထဲ အမြဲတွေးပူမနေသင့်သောအရာများ

တခါတလေ ကိုယ့်ကိုယ်ကိုယ်တောင်မသိလိုက်ဘဲ ကိုယ်စိတ်ထဲတွေးပူနေတတ်တဲ့အရာတွေရှိနေတတ်ပါတယ်။ ယေဘုယျအားဖြင့် ကိုယ်တိုင်တောင်မသိလိုက်ဘဲ တွေးမိနေတတ်တဲ့အရာတွေကိုဖော်ပြလိုက်ပါတယ်။ အောက်ကဖော်ပြထားတဲ့အချက်တွေက တွေးမပူဘဲ ကိုယ်တိုင်ကြိုးစားဖို့လိုတဲ့အရာတွေဖြစ်ပါတယ်။


၁) တစ်ယောက်တည်းဖြစ်မှာကို မစိုးရိမ်ပါနဲ့။
အထီးကျန်တယ်ဆိုတာ အထီးကျန်တယ်လို့ ခံယူထားတဲ့သူအတွက်သာဖြစ်ပါတယ်။ အချို့တွေကတော့ တစ်ယောက်တည်းရှိနေချိန်မှာ ကိုယ့်ဘဝအတွက် သင်ယူသင့်တာသင်ယူခြင်းဖြင့် အချိန်ကုန်တတ်တာမို့ တစ်ယောက်တည်းရှိနေချိန်ကို အထီးကျန်တယ်လို့တောင် မခံစားရပါဘူး။ အဲဒါအပြင် အချိန်ကိုလည်း အသုံးချသလိုဖြစ်တာမို့ ကိုယ့်အတွက်အကျိုးများပါတယ်။ လောကမှာ ဘယ်သူမဆို ဘယ်လောက်ပဲအနားမှာရှိနေပါမယ်ပြောပါစေ တစ်ယောက်တည်းရှင်သန်ရပ်တည်ရမှာပါပဲ။ အခြားလူတွေကို အားကိုးနေခြင်းက ကိုယ့်စွမ်းအင်ကို ကိုယ်တိုင်ဖျက်ဆီးလိုက်တာနဲ့တူပါတယ်။ အဲဒါကြောင့် တစ်ယောက်တည်းရှင်သန်ရမှာကို မစိုးရိမ်ပါနဲ့။ တစ်ယောက်တည်းဘဝနဲ့လည်း ဘယ်လိုအကောင်းဆုံးဖြစ်အောင်ရှင်သန်မလဲဆိုတာ တွေးတောပြီး ကြိုးစားရှင်သန်ရမှာပါပဲ။

၂) အတိတ်က နာကျင်စရာတွေချည်းမတွေးပါနဲ့။
အချိန်အလကားကုန်ဆုံးပြီး စိတ်ညစ်ရတာလည်း ဒီအချက်ပါပဲ။ မအောင်မြင်တဲ့လူတော်တော်များများက အတိတ်ကကိစ္စကို အတိတ်မှာမချိန်ခဲ့နိုင်ပါဘူး။ ဖြစ်ပြီးသမျှကို ထိုင်တွေးစိတ်ညစ်နေတာက သင့်စွမ်းအင်ကုန်သလို၊ သင်စိတ်ညစ်ညူးမယ်၊ အချိန်အလကားကုန်မယ်၊ လုပ်သင့်လုပ်ထိုက်တာကို သေချာအာရုံမစိုက်နိုင်တော့ပါဘူး။ အဲဒါကြောင့် အတိတ်က နာကျင်စရာတွေချည်းတွေးပြီး ပူပန်မနေသင့်ပါဘူး။ ခုလက်ရှိအချိန်ကောင်းဖို့အရေးကြီးတာမမေ့ပါနဲ့။

၃) အခြားလူတွေကျေနပ်အောင်ချည်း မကြိုးစားပါနဲ့။
ကိုယ့်ကိုယ်ကိုယ်ဗဟိုမပြုဘဲ အခြားလူတွေကျေနပ်အောင်နေပေးနေရတာက ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးလာစေပါတယ်။ ကိုယ်ဘာလုပ်ချင်တာလဲ၊ ကိုယ်ဖြစ်ချင်တာကဘာလဲဆိုတာကို သိရက်နဲ့ မလုပ်နိုင်ဘဲ အခြားလူတစ်ယောက်ရဲ့မျက်နှာက အလိုကျမှုကိုသာကြည့်ပြီး တစ်သက်လုံးနေထိုင်သွားဖို့ မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် အခြားလူတွေကျေနပ်အောင်နေထိုင်မယ့်အစား လူတစ်ယောက်ရဲ့ဖြစ်သင့်ဖြစ်ထိုက်၊ ရှင်သန်သင့်တဲ့ အမှန်တရား၊ သမာဓိ ၊ ကိုယ်ကျင့်တရားအတိုင်း ကိုယ်တိုင်မှန်ကန်အောင်နေထိုင်နိုင်ရင် ရပါပြီ။ အခြားလူတွေရဲ့ အလိုကျအောင်နေထိုင်ဖို့ကတော့ ဘယ်တော့မှ ကြိုးစားလို့ ဆုံးမှာမဟုတ်ပါဘူး။

၄) နောင်တရနေတာနဲ့ချည်း အချိန်မကုန်ပါစေနဲ့။
နောင်တရတာ၊ တွေးပူနေတာနဲ့တင်အချိန်ပိုကုန်စေပါတယ်။ နောင်တရရင် နောင်တတွေထဲက သင်ခန်းစာယူ၊ နောင်အလားတူအမှားမျိုးမလုပ်မိဖို့ ဆင်ခြင်နိုင်ရင်ပဲ ဘဝမှာ အမှားနည်းလာမှာပါပဲ။ အဲဒါကို ဖြစ်ပြီးသမျှ နောင်တရနေပြီး ပူဆွေးနေခြင်းက အချိန်ကုန်စေတာမို့ ကိုယ့်ကိုယ်ကိုယ်ဆင်ခြင်သင့်ပါတယ်။

၅) သင်မထိန်းချုပ်နိုင်တာတွေနဲ့ချည်း သင့်စွမ်းအင်ကိုမဖြုန်းတီးပါနဲ့။
ဘဝမှာ ရှင်သန်တဲ့အခါ ကိုယ်မထိန်းချုပ်နိုင်တာနဲ့ ထိန်းချုပ်နိုင်တာ ၂မျိုးပဲရှိပါတယ်။ ကိုယ်မထိန်းချုပ်နိုင်တာကို ထိုင်တွေးပူနေတာက သင်ထိန်းချုပ်နိုင်တာတွေကို လက်လွှတ်သွားစေနိုင်ပါတယ်။ အဲဒါကြောင့် သင်မထိန်းချုပ်နိုင်တာကိုသာ လက်လွှတ်လိုက်ပါ။ သင်ထိန်းချုပ်နိုင်တာကိုသာ သင့်လက်ထဲအမိအရဆုပ်ကိုင်လိုက်ပါ။ အဲဒါက ပိုအကျိုးရှိစေပါတယ်။

၆) အခြားတစ်ယောက်ကို သင့်ရဲ့စိတ်အာရုံထဲမလွှမ်းမိုးပါစေနဲ့။
ပြောချင်တာက ကိုယ့်အပေါ်မကောင်းတဲ့လူတွေရဲ့အတွေးအမြင်၊ ခံစားချက်တွေ၊ ပြောစကားတွေကို ကိုယ့်အာရုံထဲထည့်ပြီး ခံစားတာ၊ ဒေါသဖြစ်နေတာ၊ တနုံနုံဖြစ်နေတာမျိုးတွေ မလုပ်ဖို့ပြောချင်တာပါ။ အဲဒါက ကိုယ့်စိတ်ထဲက အကောင်းမြင်စိတ်ကိုဖျက်ဆီးပစ်လိုက်ပြီး ကိုယ့်ကို ဒေါသထွက်မယ်၊ ခံစားမယ်၊ ကိုယ့်ရဲ့အာရုံကို နှောင့်ယှက်မယ် စတာတွေကြောင့် အခြားလူတစ်ယောက်ကို ကိုယ့်ရဲ့စိတ်အာရုံမှလွှမ်းမိုးမခံပါနဲ့လို့ပြောတာဖြစ်ပါတယ်။

၇) ပထမဆုံးအကြိမ်ကျရှုံးတာလောက်နဲ့ အရှုံးမပေးပါနဲ့။
ပထမအကြိမ်ဖြစ်ဖြစ်၊ ဒုတိယအကြိမ်ဖြစ်ဖြစ် ဘယ်နှစ်ကြိမ်ဖြစ်ဖြစ် သင်လက်မလျှော့မချင်း သင်မကျရှုံးသေးပါဘူး။ ဒါပေမယ့် ကျရှုံးခဲ့တဲ့အကြိမ်တိုင်း သင့်အမှားကိုသင်ခန်းစာယူဖို့တော့လိုတာပေါ့။ များများကျရှုံးလေ သင်ခန်းစာများများရလေ၊ ရလာတဲ့သင်ခန်းစာတွေကနေ ပြန်ပြီးအောင်မြင်ဖို့အတွက် ဆင်ခြင်နိုင်လေပါပဲ။ အဲဒါကြောင့် ပထမဆုံးအကြိမ်ကျရှုံးတာလောက်နဲ့တော့ တွေးပူပြီး စိတ်ဆင်းရဲမနေပါနဲ့။ အချိန်မီပြန်ပြီးကြိုးစားပါ။

၈) ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကိုချည်းတွေးပြီး စိတ်ပူမနေပါနဲ့။
ကိုယ်လုပ်သင့်လုပ်ထိုက်လို့ လုပ်လိုက်တဲ့အရာတစ်ခုခု၊ မှန်ကန်တဲ့အရာတစ်ခုခုကို လုပ်တာသာ သေချာပါစေ၊ အဲဒါကြောင့်ဖြစ်လာတဲ့အကျိုးဆက်ကို တွေးပြီး ဘာဖြစ်မလဲပူပန်မနေပါနဲ့။ တခါတလေကျရင် ကိုယ်ရည်မှန်းထားတာကို လုပ်ချင်ပေမယ့် မဖြစ်လာရင်ဘယ်လိုလုပ်မလဲ၊ ကျရှုံးရင်ဘယ်လိုလုပ်မလဲ၊ မအောင်မြင်ရင်…စသဖြင့်မဖြစ်လာသေးတာကို ကြိုတွေးပူပန်နေတာကြောင့် ကိုယ့်ရဲ့အရာအားလုံးကို လက်လွှတ်ရတတ်ပါတယ်။

ဖော်ပြပါအချက်တွေကို တွေးပူနေခြင်းက ကိုယ့်ရဲ့အချိန်၊ ကိုယ့်ရဲ့စွမ်းအင်၊ ကိုယ့်ရဲ့အတွေးတွေအားလုံးကို ကိုယ်တိုင်ဖျက်ဆီးနေတာနဲ့တူပါတယ်။ အဲဒါကြောင့် ဖော်ပြထားတဲ့အချက်တွေကို ကိုယ့်မှာရှိနေတယ်လို့ ဆင်ခြင်မိရင် ကိုယ့်ကိုယ်ကိုယ်သတိပေးခြင်းအားဖြင့် ဆင်ခြင်ဖို့ကြိုးစားပါလို့တိုက်တွန်းလိုက်ပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။