သင့်ကိုယ်သင်ကတိပေးသင့်သောအချက် ၇ခု

သင်ပေးတဲ့ကတိတိုင်းကိုတည်နိုင်အောင်ထိန်းပါ၊ သင်တည်အောင်ထိန်းနိုင်တဲ့အရာတွေကိုသာ ကတိပေးပါဆိုတဲ့စကား ကြားဖူးကြမယ်ထင်ပါတယ်။ ကတိဆိုတာ အခြားသူများကိုပေးပြီးရင် တန်ဖိုးထားတည်အောင်ကြိုးစားဖို့ အရေးကြီးပါတယ်။ အဲဒါဆိုရင် ကိုယ့်ကိုကိုယ်ကတိပေးပြီး တည်အောင်ကြိုးစားဖို့ကော မလိုဘူးလား။ ကိုယ့်ဘဝတိုးတက်စေမယ့်ကတိ၊ ကိုယ့်ရဲ့နေ့စဉ်လုပ်ရပ်တွေမှာ ကောင်းတာတွေဖြစ်စေမယ့်ကတိ စသည်ဖြင့် ကိုယ့်အတွက်အကောင်းတွေဖြစ်စေမယ့်ကတိတွေ ကိုယ့်ကိုကိုယ်ပေးပြီး တည်အောင်ကြိုးစားမယ်ဆိုရင် ကိုယ့်ဘဝက ဒီထက်တောင် တိုးတက်လာနိုင်တယ်မဟုတ်ဘူးလား။ အဲဒါကြောင့် သင့်ကိုသင်ဘယ်လိုကတိတွေပေးသင့်တယ်ထင်ပါသလဲ။ သင့်ကိုယ်သင် ကတိပေးပြီး တည်အောင်ကြိုးစားသင့်တဲ့ကတိ ၇ခုကိုဖော်ပြပေးလိုက်ပါတယ်။


၁) ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ သင့်စိတ်က ပြောတဲ့အသံကိုနားထောင်မယ်။

ဆိုလိုချင်တာက သင်ခန္ဓာကိုယ်အရမ်းပင်ပန်းနွမ်းနယ်နေတာမျိုး၊ စိတ်ဖိစီးမှုအရမ်းများနေတာမျိုး ဖြစ်နေပြီဆိုရင် ကောင်းမွန်စွာအနားယူကိုယူသင့်နေပါပြီ။ အဲဒါက နှလုံးသွေးကြောကျဉ်းရောဂါနဲ့ စိတ်ပူပန်ကြောင့်ကြမှုတွေနဲ့ အခြားဖျားနာခြင်းတွေကို ကာကွယ်ဖို့ ကူညီပေးမှာပါ။
အရမ်းဖိစီးနေတယ်လို့ခံစားရတဲ့အခါ မိနစ် ၂၀ခန့် ငြိမ်ငြိမ်လေးထိုင်ပြီး တရားမှတ်ကြည့်လိုက်ပါ။ ဒါမှမဟုတ်အပေါင်းအသင်းတွေနဲ့ လမ်းထလျှောက်တာမျိုးလုပ်ပေါ့။ အဲဒါတွေက သင့်ခံစားချက်ကို ပြန်လည်ကောင်းမွန်စေမှာပါ။ အဲလိုအလေ့အကျင့်ကောင်းတွေကို နေ့စဉ်လုပ်ခြင်းက သင့်ရဲ့နေ့စဉ်ဘဝမှာ အများကြီး အပြောင်းအလဲဖြစ်စေပါလိမ့်မယ်။

၂) နေ့ရက်တိုင်းမှာ ပြုံးရွှင်နေမယ်။

ပြုံးခြင်းက သင့်ကို ပိုကောင်းတဲ့စိတ်ခံစားချက်တွေပေးစွမ်းနိုင်သလို သင့်ကိုယ်သင်ပိုပြီး ယုံကြည်မှုရှိလာစေပါတယ်။ အပြုံးက သင့်ရဲ့စွမ်းအင်တွေကို မြင့်တင်ပေးတဲ့အရာဖြစ်ပြီး တစ်ပြိုင်တည်းမှာပဲ စိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ်။
လေ့လာမှုတွေအရ မတတ်သာလို့ ပြုံးတဲ့အပြုံးမျိုးဆိုရင်တောင်မှ သင့်ကိုပိုကောင်းတဲ့ခံစားချက်မျိုးပေးနိုင်ပါတယ်တဲ့။
ပြုံးခြင်းက အခြားသူများနဲ့ သင့်ရဲ့တုံ့ပြန်မှုတွေကို အကောင်းဘက်က ပိုပြီးတိုးတက်စေနိုင်ပါတယ်။ သင့်ရဲ့စွမ်းအင်တွေကိုလည်းပိုပြီး တိုးလာစေသလို ပြုံးခြင်းကပဲ ပိုကောင်းတဲ့ရလဒ်တွေအတွက်အခွင့်အရေးတွေကိုစီမံပေးနိုင်တဲ့အတွက် သင့်ကိုပိုပြီး ပြုံးတတ်လာစေပါတယ်။

၃) ဘဝကို ပိုကောင်းတဲ့အမြင်တွေနဲ့ ရှင်သန်မယ်။

သင့်ကိုသင် ပိုကောင်းတဲ့ဘဝအမြင်တွေနဲ့ ရှင်သန်နေထိုင်မယ်လို့ ကတိပေးပါ။ သင့်မှာ ပုန်းကွယ်နေတဲ့ပင်ကိုယ်စွမ်းရည်ရှိပြီးသားပါ။ ဒါပေမယ့် သင့်ကိုသင်သိအောင် မကြိုးစားရင်တော့ သင်ရဲ့ပင်ကိုယ်စွမ်းရည်ကဘာလဲဆိုတာ သင်သိမှာမဟုတ်ပါဘူး။ အဲဒါကြောင့် သင့်ရဲ့ comfort zone ထဲကနေ ရုန်းထွက်ပါ၊ တစ်စုံတစ်ခုကို အောင်မြင်ပြီးဆုံးသည်အထိလုပ်ချင်စိတ်ရှိဖို့လိုပါတယ်။ ဒီနေ့ခေတ်မှာ ကျွန်တော်တို့အတွက် ဘာလဲ…..ဆိုတာထက် ဘယ်အရာပိုပြီးဖြစ်နိုင်ချေရှိသလဲဆိုတဲ့အတွေးက ပိုပြီးအရေးကြီးပါတယ်။

၄) အတိတ်ကို အတိတ်မှာပဲထားခဲ့မယ်၊ ဒါပေမယ့် သင်ခန်းစာအဖြစ်မှတ်သားထားပါ့မယ်။

အတိတ်ကိုသတိရနေခြင်းက သင့်အတိတ်ကိုသင်နဲအတူသယ်ဆောင်သွားပါလို့ဆိုလိုချင်တာမဟုတ်ပါဘူး။ အဲဒီ့အတိတ်မှာရခဲ့တဲ့နာကျင်မှုတွေကို သင်ခန်းစာအဖြစ်မှတ်သားထားပြီး နောင်မမှားနိုင်အောင် သင်နဲ့အတူယူသွားဖို့ပါ။ သင်ခန်းစာတစ်ခုချင်းစီကို သင့်ရဲ့အနာဂတ်မှာကြုံလာတဲ့ပြဿနာတွေကိုဖြေရှင်းမယ့်သော့တစ်စုံလို အသုံးချရမှာပါ။

၅) ကိုယ်ရှင်သန်ချင်တဲ့ဘဝပုံစံမျိုးနဲ့ ရှင်သန်ပါ့မယ်။

အခြားသူတွေရှင်သန်ချင်တဲ့ဘဝမျိုးနဲ့ သင့်ဘဝကိုလည်းရှင်သန်မယ်လို့ မစဉ်းစားပါနဲ့။ အခြားသူတွေရဲ့ပျော်ရွှင်မှုနောက်ဘယ်တော့မှမလိုက်ပါနဲ့။ အခြားသူပျော်ရွှင်တယ်ဆိုတဲ့ဘဝမျိုးက သင်နှစ်သက်တဲ့ဘဝမျိုး၊ ဒါမှမဟုတ် သင်ပျော်ရွှင်မယ့်ဘဝမျိုး ဖြစ်ချင်မှဖြစ်နိုင်တာပါ။
ပြောချင်တာက သင်ကပန်းချီဆရာဘဝက ငွေပေါများစွာမရပေမယ့် ပျော်ရွှင်တယ်ထင်ရင်ထင်နေနိုင်ပေမယ့် အခြားသူများကတော့ ပန်းချီဆရာဘဝဆိုတာ ဆင်းရဲချို့တဲ့နိုင်လို့ စိတ်ညစ်စရာကောင်းတဲ့ဘဝကြီးအဖြစ်လည်း မြင်နိုင်တာမျိုးပါ။ သင်ပျော်တယ်ထင်ရာ သင်လုပ်နေရရင် သင့်ဘဝသာယာပျော်ရွှင်တာပဲလေ။
အဲဒါကြောင့် သင့်ဘဝနဲ့ပတ်သက်ပြီး အခြားသူများရဲ့အမြင်က ပျော်ရွှင်စရာကောင်းတဲ့ဘဝဖြစ်ဖို့အရေးကြီးတဲ့အချက်မဟုတ်ဘူးဆိုတာ သတိရပါ။
သင်ရှင်သန်ချင်တဲ့ဘဝပုံစံမျိုးနဲ့ ဘဝကိုရှင်သန်ပြီး ကမ္ဘာကြီးကို သင့်ရဲ့ကိုယ်ပိုင်ဖန်တီးထားတဲ့ပျော်ရွှင်မှုနဲ့ ချစ်ခင်မှုတွေကိုဖြန့်ဝေပါ။ သင့်စိတ်ဆန္ဒရဲ့ဆုံးဖြတ်ချက်အတိုင်းလိုက်နာဖို့ အဆင်ပြေပါတယ်။

၆) ပေါင်းသင်းဆက်ဆံရေးကို အခြေအနေအရလိုက်ရောညီထွေနေနိုင်အောင်ကြိုးစားမယ်။

လူတွေက သင့်ဘဝမှာ ဝင်လာလိုက်၊ ထွက်သွားလိုက်ရှိနေမြဲပါ။ သင့်အတွက် သူငယ်ချင်းကောင်းတွေ၊ လုပ်ဖော်ကိုင်ဖက်ကောင်းတွေ ဒါမှမဟုတ် သင့်ဘဝချစ်ခြင်းတရားတွေကို သင်တွေ့ဆုံတဲ့အခါ သင့်ကိုသင်နှိမ့်ချပါ။ ဘဝမှာ သင့်ရဲ့ပေါင်းသင်းဆက်ဆံရေးတွေ အကြောင်းအမျိုးမျိုးကြောင့် ပြတ်တောက်သွားရတဲ့အခါမျိုးမှာဆိုရင်လည်း ထွက်သွားခွင့်ပေးလိုက်ပါ။ ပေါင်းသင်းဆက်ဆံရေးဆိုတာ အမြဲသတ်မှတ်ထားလို့မှမရဘဲ နွေတခါ မိုးတလှည့် ဆောင်းတကြိမ်ပေါ့။ တစ်ခါစတင်ပြီး တစ်ခါပြန်အဆုံးသတ်တတ်တာပါပဲ။ သင့်ကိုသင်ကတိပေးပါ၊ သင့်ဘဝမှာ ကြုံဆုံလာသမျှတိုင်းကို သင်ယူပြီးရှေ့ဆက်သွားမယ်လို့ပေါ့။

၇) မိမိဘဝအတွက် လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေကို လက်ခံပါ့မယ်။

လိုအပ်တဲ့ပြောင်းလဲမှုတွေကို ပြုလုပ်ပါ။ သင့်ဘဝပိုတိုးတက်ဖို့ပြောင်းလဲသင့်တာ ပြောင်းလဲဖို့ကြိုးစားပါ။ ပြုပြင်သင့်တာပြုပြင်ပါ။
အထက်ကဖော်ပြထားတဲ့ကတိတွေက သင့်ဘဝကို ကောင်းတဲ့ဘက်ကအကျိုးရှိစေပြီး ပိုတိုးတက်လာစေနိုင်ပါတယ်။ စိန်ခေါ်မှုအသစ်တွေကိုလက်ခံပြီးတော့ မကောင်းတဲ့ပေါင်းသင်းဆက်ဆံရေးတွေကိုအဆုံးသတ်လိုက်ခြင်းက အားလုံးကောင်းဖို့ပါပဲ။
https://www.powerofpositivity.com/7-promises-make-keep/?fbclid=IwAR0xryNmFF7-RDe-JIwx9RG5Li4nMRFA9IOkuWjNAaccC8yNvgY11D_wUao လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။