ဆိုးဝါးနေပြီလို့ထင်တဲ့ဘဝကနေ ဘယ်လိုရုန်းထွက်မလဲ။

လူတိုင်းဟာ ဘဝမှာ အခက်အခဲတစ်ခုမဟုတ် တစ်ခုတော့ ရင်ဆိုင်နေကြရတာချည်းပါပဲ။ ဒါပေမယ့် အရမ်းကိုခက်ခဲပြီး ထွက်ပေါက်မရှိအောင် ဆိုးဝါးနေပြီလို့ ကိုယ့်ကိုယ်ကိုယ်ထင်နေကြတဲ့အချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ်သေချာသိဖို့လည်းလိုအပ်ပါသေးတယ်။ ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေများလွန်းလို့ မွန်းကြပ်ပြီး ထွက်ပေါက်မရှိတော့ဘူးလို့ မျှော်လင့်ချက်မရှိသလိုခံစားနေရတာလား၊ ဒါမှမဟုတ် တကယ်ပဲ ကိုယ့်ဘဝက ထွက်ပေါက်မဲ့နေတာလား၊ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့ခံစားချက်ကို နားလည်ခြင်းက ကိုယ့်ကိုယ်ကိုယ်ကုစားနိုင်ဖို့ လမ်းစပဲဖြစ်ပါတယ်။ အဲဒါကြောင့် သင့်ဘဝက အရမ်းကိုဆိုးဝါးနေပြီလို့ထင်တဲ့အခါ အောက်ပါအချက်တွေကို လုပ်ကြည့်လိုက်ပါနော်။ အဖြေတစ်ခုခုတော့ ရနိုင်မှာပါ။


၁) ဖြစ်ပျက်နေတာတွေကို ချရေးလိုက်ပါ။
ခုလတ်တလော သင့်မှာ ဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကို သေချာစဉ်းစားပြီး သင့်စိတ်ထဲမှာ ဘာမှမကျန်တော့အောင် ချရေးလိုက်ပါ။ ဘာတွေဖြစ်နေတယ်၊ ဖြစ်နေတာနဲ့ပတ်သက်ပြီး ဘာတွေခံစားနေရတယ်။ ဘာလုပ်ချင်သလဲ၊ ဘယ်လိုဖြစ်ချင်သလဲ စသဖြင့်ပေါ့။ ဖြစ်ပျက်သမျှ သင်ဆိုးဝါးတယ်လို့ခံစားရသမျှကို သင်ချရေးလိုက်ပါ။ ပြီးရင် ချရေးလိုက်တဲ့အချက်တစ်ချက်ခြင်းကို ပြန်ဖတ်ကြည့်ပါ။ ပြီးတဲ့အခါ နံပါတ်၂ကို ဆက်လုပ်ကြည့်ပါ။

၂) ဖြစ်ချင်နေတာတွေကို ချရေးလိုက်ပါ။
သင်ဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး သင်ကဘယ်လိုဖြစ်ချင်တာလဲဆိုတာကို ချရေးကြည့်ပါ။ တကယ်ဖြစ်ပျက်နေတာက ဘယ်လို……၊ တကယ်သင်ဖြစ်ချင်တာက ဘယ်လို…ဆိုပြီး သင့်စိတ်ထဲရှိသမျှကိုချရေးလိုက်ပါ။

၃) လက်ရှိသင်လုပ်နိုင်တာတွေကို ချရေးကြည့်လိုက်ပါ။
လက်ရှိဖြစ်ပျက်နေတာလည်း ချရေးလိုက်ပြီ၊ သင်စိတ်ထဲဖြစ်ချင်တာလည်း ချရေးလိုက်ပြီဆိုရင် အဲဒီ့အဖြစ်အပျက်တွေကြားမှာမှ သင်တကယ် ဘာလုပ်နိုင်သလဲဆိုတာကို ချရေးကြည့်လိုက်ပါ။ နံပါတ်တစ်က လက်တလောဖြစ်ပျက်နေတာချရေးပါ။ နံပါတ်၂က သင်ဖြစ်ချင်တာကိုချရေးတာပါ ၊ အခုကတော့ သင်လက်တွေ့မှာ ဘာလုပ်နိုင်သလဲဆိုတာကို ချရေးခိုင်းတာပါ။ ဥပမာ။ သင့်မိဘက သင့်ကို ဒီကတက္ကသိုလ်တစ်ခုကိုတက်ခိုင်းတယ်(ဒါကနံပါတ်တစ်အချက်။ တကယ်ဖြစ်ပျက်နေတာ) သင်က နိုင်ငံခြားမှကျောင်းသွားတက်ချင်တယ်။(ဒါက နံပါတ်၂အချက် သင်ဖြစ်ချင်တာ) အဲဒါဆိုရင် သင်တကယ်လုပ်နိုင်တာက နိုင်ငံခြားမှာတော့ကျောင်းမတက်နိုင်ဘူးဆိုပေမယ့် သင်စိတ်ဝင်စားတဲ့ဘာသာစကားဖြစ်ဖြစ်၊ နိုင်ငံခြားကျောင်းကဘာသာစကားကိုဖြစ်ဖြစ် ဒီမှာတင် ထူးချွန်အောင်သင်ယူလို့ရနိုင်တယ်မဟုတ်လား။(ဒါက လက်ရှိသင်လုပ်နိုင်တာပေါ့ နံပါတ်၃အချက်ပါ)အဲဒီ့လို ခွဲခြားပြီးမြင်နိုင်လာအောင် နံပါတ် ၁ကနေ ၃ထိချရေးခိုင်းလိုက်တာပါ။ ခွဲခြားနားလည်လာတဲ့အခါ သင်တကယ်လုပ်နိုင်တာကို သိလာပါလိမ့်မယ်။ အခြားကိစ္စတွေမှာလည်း အလားတူပါပဲ။ ကိုယ့်အခြေအနေအရမ်းဆိုးဝါးနေပြီလို့ ထင်နေတဲ့အခါ လမ်းပျောက်သလိုဖြစ်နေတာမို့ ကိုယ်လုပ်နိုင်တာကို မမြင်နိုင်ပါဘူး။ ကိုယ်တကယ်လုပ်နိုင်တာကို သိသွားတဲ့အခါ အမြင်ရှင်းသွားပါလိမ့်မယ်။

၄) လက်ရှိလုပ်နိုင်တာကို အကောင်းဆုံးလုပ်ပါ။
ကိုယ်လက်ရှိ တကယ်လုပ်နိုင်တာကိုသာ အာရုံစိုက်ပြီး အကောင်းဆုံးဖြစ်အောင်ကြိုးစားလုပ်ပါ။ ဥပမာ။ သင်က အကြွေးတွေအများကြီးနစ်နေပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတယ်ဆိုပါတော့။ လက်ရှိမှာ အလုပ်ကလည်းမရှိလို့ လမ်းပျောက်နေတယ်ဆိုရင် သင်ဖြစ်နေတာက အကြွေးနွံနစ်နေတာ၊ သင်ဖြစ်ချင်တာ အကြွေးတွေဆပ်ချင်တယ်။ သင်တကယ်လုပ်နိုင်တာက အကြွေးဆပ်ဖို့ အလုပ်လုပ်ဖို့ပါပဲ။ အဓိက သင်လုပ်ချင်တာက အကြွေးဆပ်ချင်တာမို့ ဘယ်လိုအလုပ်မဆို မရရတာ သမာအာဇီဝဖြစ်ရင် လုပ်ကိုလုပ်နိုင်ပါတယ်။ အလုပ်တစ်ခုနဲ့ မရရင် အလုပ်၂ခုတိုးလုပ်နိုင်အောင်လုပ်ပေါ့။ ကြိုးစားပါဆိုတာက အဲဒါကိုပြောတာပါ။ သာမန်အလုပ်ချိန် ၈နာရီလုပ်ရင် သင်ကသူများထက် ပိုကြိုးစားမှဖြစ်မှာမို့ ၈နာရီအပြင်နောက်ထပ်အလုပ်တစ်ခုထပ်လုပ်နိုင်ဖို့ စဉ်းစားပြီးလုပ်ပေါ့။ အဲဒါက သင်တကယ်လုပ်နိုင်တာကို ကြိုးစားလုပ်တာပါပဲ။ အဲဒီလိုကြိုးစားပြီးသာ ရှေ့ဆက်သွားရင် အချိန်တစ်ခုအရောက်မှာ သင့်အကြွေးတွေပေါ့သထက်ပေါ့လာပါလိမ့်မယ်။ (ငွေကိုဦးနှောက်နဲ့စီမံခန့်ခွဲဖို့တော့လိုတာပေါ့)

၅) အချိန်နဲ့အမျှ ကြိုးစားပါ။
သင်တကယ်လုပ်နိုင်တာကို ကြိုးစားတဲ့အခါ အချိန်နဲ့အမျှဆိုတဲ့စကားလုံးက တာသွားပါတယ်။ အချိန်ပိုင်းအလုပ်လည်း အချိန်နဲ့တွက်ပြီးငွေဝင်ပေါက်တိုးနိုင်တဲ့အတွက် အချိန်ပိုင်းလည်းလုပ်သင့်လုပ်ရမှာပါပဲ။ အိပ်ချိန်ကလွဲရင် ကျန်တဲ့အချိန်တွေအကုန်လုံးကို ကြိုးစားနေပါ။ အဲဒါက အချိန်တစ်ခုအရောက်မှာ သင့်ကိုအရည်အချင်းတစ်ခုမှာ ထူးချွန်လာစေပါတယ်။

၆) ရအောင်ကျော်လွှားမယ်လို့ အမြဲတွေးပါ။
ဘယ်လိုအခက်အခဲမဆို ရအောင်ကျော်လွှားမယ်လို့ တွေးတာက မလုပ်နိုင်ဘူးလို့တွေးတာထက်စာရင် အောင်မြင်ဖို့ရာခိုင်နှုန်းများပါတယ်။ အဲဒါကြောင့် အချိန်တိုင်း ငါမလုပ်နိုင်ဘူး…ငါလုပ်နိုင်ပါ့မလားဆိုတာထက် ငါရအောင်ကျော်လွှားမယ်လို့တွေးပါ။ ဘာပြီးရင်ဘာဆက်လုပ်ရမလဲလို့တွေးပါ။ အဲဒါက ပြဿနာကိုဖြေရှင်းဖို့ပိုပြီးအာရုံစိုက်စေပါတယ်။ ငါမလုပ်နိုင်ဘူး….ငါလုပ်နိုင်ပါ့မလားလို့တွေးတာက ပြဿနာရဲ့အဖြေကိုရှာဖို့အားမရှိတော့သလိုဖြစ်စေပါတယ်။

၇) ဇွဲလျှော့ချင်လာတိုင်း သတိပြန်ပေးပါ။
သင့်ကိုယ်သင်အားပေးနိုင်တာ သင်ပဲရှိပါတယ်။ အခြားဘေးကလူတွေဘယ်လောက်ပဲအားပေးနေပါစေ သင်ကိုယ်တိုင်က သင့်ကိုယ်သင်အားပြန်မပေးဘဲ လက်လျှော့နေရင် ဘုရားဆင်းကယ်တောင် မရနိုင်ပါဘူး။ အဲဒါကြောင့် ပင်ပန်းလာတိုင်း အားလျှော့ချင်လာတိုင်း သင့်ကိုသင်ပြန်ပြီးအားပေးပါ။ ငါမရရအောင်ကျော်လွှားမယ်….လို့ ကိုယ်ကိုယ်ကိုယ်သတိပေးပါ။ အဲဒါက သင့်ကိုပြန်ပြီးအားရှိစေပါတယ်။
လူတိုင်းလိုလို အခက်အခဲပေါင်းစုံ၊ တိုက်ပွဲပေါင်းစုံကိုတိုက်နေရတာပဲဆိုတာကို သင်မေ့မပါနဲ့။ လူတိုင်းက သူတိုက်ပွဲနဲ့သူတော့ အလုပ်ရှုပ်နေကြတာချည်းပါပဲ။ အဲဒါကြောင့် ငါ့ကျမှဘာလို့ဖြစ်ရတာလို့များ….တွေးပြီးအားမလျှော့လိုက်ပါနဲ့နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။