ရောက်တဲ့နေရာမှာ ရှင်သန်နိုင်ဖို့ အစွမ်းကုန်ကြိုးစားပါ။
ခုကာလနဲ့တိုက်ဆိုင်တာမို့ ဒီစာသားလေးကိုတွေးမိသွားတာပါပဲ။ ကိုယ့်ရဲ့သူငယ်ချင်းအပေါင်းအသင်းတော်တော်များများ ဖျားတဲ့သူကဖျား၊ Q ဝင်တဲ့သူကဝင်နဲ့ဖြစ်နေကြတဲ့အချိန်မှာ ကိုယ့်အတွက်လည်း အရမ်းနီးကပ်လာပါလားလို့ ခံစားမိလာတာပါပဲ။ တကယ်တော့ ကွေးသောက်လက် မဆန့်မီ၊ ဆန့်သောလက်မကွေးမီ ဆိုတဲ့ စကားလိုပါပဲ၊ ဘယ်သူမဆို ကိုယ်မမြင်ရတဲ့ သေခြင်းတရားဟာ ကိုယ်နားဝန်းကျင်မှာ ရှိနေတယ်ဆိုတာကို မေ့နေတတ်ကြတာပါ။
အဲဒီလိုအတွေးမဝင်ဘူးဆိုရင် ရထားတဲ့ဘဝကို အကျိုးရှိရှိအသုံးချရကောင်းမှန်းမသိဘဲ တချို့ကျတော့လည်း တန်ဖိုးရှိလှတဲ့ လူ့ဘဝကို အလကားအချိန်ဖြုန်းတီးပစ်တတ်ကြပါသေးတယ်လေ။ ဘဝကတခဏလေးမို့ ဆိုတာကို မေ့နေတတ်ကြပြီး ကိုယ့်ဘဝကြီးကို မကုန်မဆုံးနိုင်တော့မယ့်ဘဝလိုမျိုး မေ့နေတတ်ပြီး လက်ရှိရရှိထားတာလေးတွေကို အားမရဖြစ်နေတတ်ကြတယ်။ တန်ဖိုးမထားဖြစ်တတ်ကြပါတယ်။ ရရှိထားတဲ့ဘဝမှာကိုပဲ ရတောင့်ရခဲဖြစ်တယ်ဆိုတာကို မေ့တတ်ကြပါတယ်။ အဲဒါကြောင့် လူတွေကို သတိလေးကပ်လာအောင် သတိပေးဖို့များ ကပ်ရောဂါကြီးဖြစ်လာသလားဆိုတာ လက်ခံချင်စရာပါပဲ။
သိပ်မကြာသေးခင်မှာ မောင်လေးဖြစ်သူဟာ ကိုဗစ်လူနာပေါ့စတစ်အဖြစ်နဲ့ အောင်မြင့်မိုရ် Q Center ကိုသွားရပါတယ်။ အမှန်အတိုင်းပြောရရင် သေခြင်းတရားက ကိုယ့်အနားရောက်လာပါလားဆိုတဲ့အတွေးမျိုးဝင်လာမှသာ အထက်က အတွေးမျိုးတွေကို ပိုပြီးတွေးမိလာတာပါ။ တနည်းအားဖြင့်တော့ ကပ်ရောဂါဆိုးကြီးဟာ သံဝေဂရချင်တဲ့သူတွေအတွက် သံဝေဂပေးဖို့ဖြစ်လာတယ်ထင်ပါတယ်။
နမူနာတစ်ခုပေးရမယ်ဆိုရင် ကိုဗစ်လူနာတစ်ယောက်ဖြစ်သွားတဲ့လူဟာ ကူကယ်သူမရှိတဲ့ ချောက်ကမ်းပါးတစ်ခုထဲကို ပြုတ်ကျသွားတဲ့လူတစ်ယောက်အဖြစ် စဥ်းစားကြည့်ရအောင်ပါ။ ကိုယ်တိုင်က ချောက်ကမ်းပါးမှာ ပြုတ်ကျနေတဲ့လူဖြစ်နေတဲ့အခါ ထိုချောက်ကမ်းပါးထဲမှာ ငိုနေရင်း ထိုင်နေပြီး ဘာမှမကြိုးစားဘဲ ချောက်ကမ်းပါးထက်ကနေ ကိုယ့်ကိုလာကယ်မယ့်သူကိုပဲ စောင့်မျှော်နေလို့ ဖြစ်ပါ့မလား။ ကိုဗစ်ဆိုတဲ့ရောဂါဟာ ခုထိ ထိထိရောက်ရောက် ကုသစရာဆေးမရှိသေးတဲ့အတွက် ချောက်ကမ်းပါးထဲကျနေတဲ့လူလိုပါပဲ။ ကယ်နိုင်မယ့်သူလည်းမရှိဘူး၊ ဒါပေမယ့် ကယ်သူမရှိဘူးဆိုပြီးရော ဒီတိုင်းနေလို့ဖြစ်ပါ့မလား။ ချောက်ကမ်းပါးထဲကနေ လာကယ်မယ့်သူလည်းမရှိဘူး၊ ချောက်ကမ်းပါးပေါ်ကို ပြန်တက်စရာလှေကားလည်းမရှိဘူးဆိုရင် ကျွန်မတို့အဲဒီ့နေရာမှာပဲ ရှင်သန်နိုင်အောင်ကြိုးစားလို့မရဘူးလား။
ဥပမာ၊ ကိုယ့်မှာမွေးရာပါ လက်တစ်ဖက်ပါမလားဘူးဆိုရင် အဲဒီ့လက်တစ်ဖက်ထဲနဲ့ ဘဝမှာ အဆင်ပြေအောင်ကြိုးစားနေထိုင်ရမှာပဲမဟုတ်ဘူးလား။ အဲဒီ့သဘောပါပဲ။ ကိုယ်က ကိုဗစ်ဖြစ်လို့ ပေ့ါစတစ်လို့ထွက်ခဲ့ရင်လည်း အဲဒီ့ပေါ့စတစ်တွေကြားထဲမှာပဲ ပြန်ပြီးနေကောင်းလာအောင်၊ရှင်သန်တတ်အောင် ၊ ရှင်သန်နိုင်အောင် အစွမ်းကုန်အကောင်းဆုံး တိုက်ပွဲဝင်ပြီး ကြိုးစားရမှာပါပဲ။
ဆရာမြသန်းတင့်ရဲ့ ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည် ဆိုတဲ့စာအုပ်ထဲကလိုပေါ့။ ပင်လယ်ထဲမှာ ကျန်နေခဲ့တာတောင်မှ ထိုပင်လယ်ကမ်းခြေမှာပဲ အသက်ရှင်သန်နိုင်ရေးအတွက် ကြိုးစားရှင်သန်ရတာပဲမဟုတ်လား။
ဝတ္ုက စိတ်ကူးယဥ်တာမို့ မဖြစ်နိုင်ဘူးဆိုပေမယ့် တကယ့်လက်တွေ့ဘဝမှာက ဝတ္ထုထဲကထက်တောင် ပိုပြီးတော့တောင် ရှင်သန်နိုင်အောင်ကြိုးစားရအုံးမှာပါ။
တိုက်ပွဲတစ်ခုမှာ အဆုံးစွန်ထိ အစွမ်းကုန်အားထုတ်ရင်ဆိုင်ခဲ့တယ်ဆိုရင် ရှုံးကာမှရှုံးပါစေ ကိုယ့်ကိုယ်ကိုယ်တော့ အကောင်းဆုံးကြိုးစားခဲ့တယ်ဆိုတဲ့စိတ်နဲ့ နောင်တမရဖြစ်တော့ဘူးမဟုတ်လား။ အဲဒါကြောင့် တစ်ကမ္ဘာလုံးဖြစ်နေကြတဲ့ ကိုဗစ်ရောဂါဆိုးကြီးမဖြစ်အောင် စည်းကမ်းလိုက်နာပါ၊ အတတ်နိုင်ဆုံးကိုယ့်ကိုယ်ကိုယ်ကာကွယ်ပါ(ကိုယ်ဖြစ်လာရင်တစ်မိသားစုလုံးထိခိုက်နိုင်တာကြောင့်ပါ) New Normal life ကို သေချာအသက်သွင်းပါ။
အခြေအနေအကြောင်းကြောင်းကြောင့် ကူးစက်ခံခဲ့ရတယ်ဆိုရင်တောင် အတတ်နိုင်ဆုံး ချောက်ကမ်းပါးထဲမှာကျနေတဲ့လူလို အခြားသူလာကယ်တာကိုစောင့်မျှော််််််််််နေမယ့်အစား ကိုယ့်ကိုယ်ကိုယ်အားတင်းပြီး အစွမ်းကုန်အထိ အကောင်းဆုံး ရင်ဆိုင်တိုက်ပွဲဝင်ပါ။
အဲဒါမှ ရှင်သန်အနိုင်ရတဲ့လူဖြစ်မှာမဟုတ်လား။
အဲဒီ့ကနေရလာတဲ့ ဆင့်ပွားအတွေးအနေနဲ့ လူရယ်လို့ဖြစ်လာရင် ကိုယ်ဘဝက ပစ်ချလိုက်တဲ့ ဘယ်လိုနေရာမှာပဲဖြစ်ဖြစ် ရှင်သန်နိုင်အောင် ကြိုးစားခြင်းက ကိုယ့်ရဲ့အောင်နိုင်ခြင်းတစ်မျိုးပဲမို့ ဘယ်လောက်ဆိုးဝါးတဲ့ဘဝမျိုးပဲဖြစ်ပါစေ၊ မရရအောင် ရောက်တဲ့နေရာမှာ ရှင်သန်နိုင်အောင် ကြိုးစားပါဆိုတဲ့ အတွေးလေးကို မျှဝေပေးလိုက်ပါတယ်နော်။