သင့်ပတ်ဝန်းကျင်က အဆိုးမြင်တတ်သူတွေကို ဘယ်လိုရင်ဆိုင်မလဲ။

များသောအားဖြင့် ကိုယ့်ပတ်ဝန်းကျင်က အဆိုးမြင်တတ်တဲ့လူတွေကို ရှောင်ဖို့ပြောတတ်ကြပါတယ်။ ဒါပေမယ့် အဲဒီ့လိုအဆိုးမြင်တတ်တဲ့လူတွေကို ရှောင်မရဘူးဆိုရင်ရော ဘယ်လိုဆက်ဆံမလဲ။ အဲဒီလိုလူတွေနဲ့ အမြဲတစေ ပတ်သက်ပေါင်းသင်းနေရင် ကိုယ်ရဲ့အကောင်းမြင်စိတ်ကိုပါထိခိုက်လာစေနိုင်ပြီး ကိုယ်ပါအဆိုးမြင်တတ်တဲ့စိတ်ဖြစ်လာပါတယ်။ အဲဒါကြောင့် သင့်ပတ်ဝန်းကျင်မှာအဆိုးမြင်တဲ့လူတွေရှိနေမယ်၊ သူတို့ကိုလည်း လုံဝယတိပြတ်ရှောင်ကျဉ်ဖို့ရာအဆင်မပြေနိုင်သေးဘူးဆိုရင် သင်လုပ်သင့်တဲ့အချက်လေးတွေကို မှတ်သားထားလိုက်ပါ။


၁) ကိုယ့်မှာရှိထားတာလေးတွေကို ကျေးဇူးတင်တတ်ပါစေ။
ကိုယ့်မှာမရှိတာကိုချည်းမြင်နေရင် ကိုယ့်မှာရှိထားတာတွေကို တန်ဖိုးမထားတတ်ဘဲဖြစ်တတ်ပါတယ်။ အဲဒါကြောင့်ကိုယ့်မှာမရှိတဲ့အရာတွေကိုတမ်းတနေတာထက် ကိုယ့်မှာ ရှိထားတာလေးတွေရဲ့ အကျိုးကျေးဇူးကို သိပါ။ ကိုယ့်ပတ်ဝန်းကျင်က အဆိုးမြင်ဝါဒီသမားတွေကြောင့် တွေးမိတဲ့အတွေးတွေ၊ မြင်မိတဲ့အမြင်တွေအားလုံးထက် ကိုယ့်ဆီက ကောင်းတဲ့အမြင်တွေကောင်းတဲ့အကြောင်းတွေကိုသာ တွေးပါ။ ကိုယ့်မရနိုင်တာထက် ရထားတာတွေကို အကောင်းမြင်ကျေးဇူးတင်တဲ့စိတ်လေးနဲ့ ကိုယ့်ကိုယ်ကိုယ်သတိပေးပါ။

၂) သူတို့ရဲ့အဆိုးမြင်တတ်တဲ့စိတ်ကို အာရုံမထားပါနဲ့။
သူတို့က သင့်ကိုပါ သူတို့ရဲ့အဆိုးမြင်တဲ့အမြင်နဲ့လည်း သင့်ကိုမြင်မှာပါပဲ။ အဲဒီ့ဒဏ်ကိုခံရနိုင်တယ်ဆိုတာကို သိပြီး သင့်စိတ်ကိုလည်း ကြိုတင်ပြင်ဆင်ထားပါ။ သူတို့ရဲ့အမြဲမြင်နေတတ်တဲ့အဆိုးမြင်စိတ်ကို အာရုံထဲမထားဘူးဆုံးဖြတ်ထားပါ။ ခေါင်းထဲသိပ်မထည့်ဘဲနေတတ်အောင်နေပါ။

၃) လူတိုင်းက ကိုယ့်လမ်းကိုယ်လျှောက်နေတယ်ဆိုတာ နားလည်ပါ။
အဆိုးမြင်နေတဲ့သူဟာလည်း သူ့အတွေးအခေါ်နဲ့သူ ၊ သင်ကလည်း သင့်အတွေးအခေါ်နဲ့သင်ပါပဲ။ သူ့ရဲ့အတွေးအခေါ်ကို သူပဲပြောင်းလဲမှဖြစ်မှာဖြစ်သလို သင့်အတွေးအခေါ်ကိုလည်း သင်ကိုယ်တိုင်ပြောင်းလဲမှဖြစ်တာပါ။ အဲဒါကြောင့် အဆိုးမြင်သူတွေရဲ့အတွေးအခေါ်ကို သင်ပြောင်းလဲချင်လို့မရပါဘူး။ သင့်အာရုံထဲသူတို့ကို အများကြီးမထည့်၊ မခံစားဘဲ ကိုယ်လုပ်စရာရှိတာနဲ့ အာရုံစိုက်စရာရှိတာကိုသာ လုပ်မယ်လို့ သင်တွေးမှဖြစ်မှာပါ။

၄) သူတို့အပေါ်မြင်တဲ့အမြင်ကို ပြောင်းလဲပါ။
အဲဒီ့အတွက် သူတို့အပေါ် “စိတ်ပျက်လိုက်တာ…..ပြုပြင်ပေးချင်လိုက်တာ….." ဆိုတဲ့အတွေးမျိုးတွေတွေးပြီး စိတ်ဆင်းရဲမခံပါနဲ့။ သူတို့အပေါ်မြင်တဲ့အမြင်ကိုသာ ပြောင်းလဲလိုက်ပါ။ "အော်.…သူတို့က ဒီလိုမြင်တတ်၊ တွေးတတ်သူတွေပါလား။ ငါတော့အဲဒီလိုအတွေးမျိုးမတွေးမိအောင်နေမယ်" လို့ တွေးရမှာဖြစ်ပါတယ်။

၅) ကိုယ့်အတွက်အချိန်ပေးပါ။
တကူးတကကို ကိုယ့်အတွက်အချိန်ပေးဖို့လိုပါတယ်။ အဲဒီလိုအဆိုးမြင်သမားတွေနဲ့အနေများတဲ့အခါ အနည်းနဲ့အများတော့ သူတို့ရဲ့အတွေးအခေါ်တွေကိုယ့်ခေါင်းထဲဝင်လာမယ်၊ ကိုယ်ခံစားမိတာမျိုးရှိမယ် စတာတွေအတွက် ကိုယ့်စိတ်ကိုပြန်သုံးသပ်ဖို့ရယ် ခေါင်းရှင်းဖို့ရယ်အတွက် အဆိုးမြင်သမားတွေနဲ့အမြဲပတ်သက်နေရတဲ့လူတွေအတွက် ကိုယ့်ကိုယ်ကိုယ်အချိန်လေးထပ်ပေးဖို့လိုကိုလိုပါတယ်။ အဲဒါမှ စိတ်ထဲရှုပ်နေတာတွေ၊ သူတို့ပြောတိုင်း ကိုယ်ခံစားမိသွားတွေက ဘာမှမဟုတ်ဘူးဆိုတဲ့အတွေးတွေဖြစ်လာပြီး ကိုယ့်ခံစားချက်ကို ပြန်ကုစားနိုင်မှာဖြစ်ပါတယ်။ ဥပမာ။ စာဖတ်တာ၊ တစ်ယောက်တည်းအေးဆေးနေတာမျိုးတွေပေါ့။

၆) ရယ်စရာတွေပြောပါ။
ရယ်စရာတွေပြောတာ၊ စာဖတ်တာ၊ ဟာသဇတ်လမ်းတွေကြည့်တာမျိုးတွေလုပ်ပေးပါ။ စိတ်ပြေသွားစေပါတယ်။ အဆိုးမြင်သမားတွေနဲ့ထိတွေ့နေသမျှ ကိုယ့်ကိုယ်ကိုယ်အတွက် စိတ်ထွက်ပေါက်တစ်ခုခုပေးဖို့လိုပါတယ်။

၇) ကိုယ့်ကိုကိုယ်သာအာရုံစိုက်ပါ။
အဓိကက ကိုယ့်စိတ်ကို ပိုပြီးအာရုံစိုက်ပါ။ ကိုယ်စိတ်ကဘာဖြစ်နေတာလဲ၊ ကိုယ့်စိတ်အခြေအနေက ဘယ်လိုလဲ၊ သူတို့ပြောသမျှ ကိုယ်ခံစားနေမိသလား ကိုယ့်စိတ်ကိုပြန်ပြီး စိတ်ထွက်ပေါက်ပေးတဲ့အနေနဲ့ကိုယ့်ကိုယ်ကိုယ် အချိန်ပြန်ပေးပါ။ အဆိုးမြင်တဲ့လူတွေနဲ့နေပါများရင် သူတို့ရဲ့အတွေးအခေါ်တွေကို ကိုယ်ဆီ လွှမ်းမိုးလာနိုင်တာကြောင့် ကိုယ့်ကိုယ်ကိုယ်ပိုပြီးအာရုံစိုက်ပါ။ ကိုယ်ဘာတွေလုပ်သင့်လဲ၊ ကိုယ့်အရည်အချင်းတိုးတက်မှု ဘာတွေကြိုးစားရမလဲစသဖြင့်ပေါ့။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။