ပျော်ရွှင်မှုဆိုတာ သင့်စိတ်အတွင်းမှာသာရှိတာပါ။

လူတစ်ယောက်နဲ့တစ်ယောက် ရှင်သန်ခဲ့ရတဲ့ဘဝမတူတဲ့အတွက်ကြောင့် အတွေးအခေါ်ယူဆပုံခြင်းလည်း မတူကြပါဘူး။ အဲဒါကြောင့် အောင်မြင်မှုနဲ့ ပျော်ရွှင်မှုကိုလည်း သတ်မှတ်ပုံခြင်း တူကြမှာမဟုတ်ပါဘူး။ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ဘဝမှာ အရမ်းဆင်းရဲချို့တဲ့ဖူးခဲ့သူတွေအတွက်တော့ ငွေကြေးချမ်းသာခြင်းက သူတို့အတွက် ပျော်ရွှင်ခြင်းနဲ့အောင်မြင်ခြင်းဖြစ်ချင်ဖြစ်နေမှာပါ။ မိဘမဲ့အဖြစ်ရှင်သန်ခဲ့ရသူအဖို့ မိဘအစုံအလင်ရှိခြင်းက ပျော်စရာကောင်းတဲ့ဘဝလို့ မှတ်ယူချင်မှတ်ယူနေမှာပါ။ ငွေတွေချမ်းသာပြီး လူမသိသူမသိမနေချင်တဲ့သူအတွက်တော့ လူတွေကြားထဲထင်ပေါ်ကျော်ကြားခြင်းက အောင်မြင်မှုနဲ့ပျော်ရွှင်မှုအဖြစ်သတ်မှတ်ချင်သတ်မှတ်ထားမှာပါ။


အဲဒီလို ကိုယ်ရှင်သန်ရတဲ့ အတွေ့အကြုံပေါ်မူတည်ပြီး ကိုယ်လိုချင်တာ၊ ကိုယ်ရယူလိုတာပေါ်မူတည်ပြီး ပျော်ရွှင်ခြင်းနဲ့အောင်မြင်ခြင်းကို အဓိပါ္ပယ်သတ်မှတ်ပုံခြင်းကွဲသွားကြမှာပါ။ အဲဒါဆိုရင် တကယ့်စစ်မှန်တဲ့ပျော်ရွှင်ခြင်းနဲ့ အောင်မြင်ခြင်းကတော့ ဘာဖြစ်နိုင်မလဲ။
မကြာခဏကြားဖူးနေကျ စကားတစ်ခွန်းလိုပါပဲ။ ပျော်ရွှင်ခြင်းဆိုတာက သင့်ကိုယ်တွင်းမှာသာ ရှိတာပါတဲ့။ တကယ်တမ်းက လူတွေရဲ့ရှင်သန်ခဲ့ကြပုံချင်းမတူကြလို့သာ အဓိပါ္ပယ်တွေကွဲလွဲကုန်ကြတာပါ။ တကယ့်ပျော်ရွှင်ခြင်းက ကိုယ်တိုင်ရဲ့ကျေနပ်ခြင်းပေါ်မူတည်နေတာပါပဲ။ သင့်မှာ သုံးမကုန်တဲ့ငွေတွေ၊ စည်းစိမ်တွေအပြည့်ရှိနေပါစေအုံး၊ သင်ကိုယ်တိုင်က မကျေနပ်သေးဘူးဆိုရင် သင်ပျော်ရွှင်ပါ့မလား၊ သင့်ကိုသင် အောင်မြင်ပျော်ရွှင်တဲ့ဘဝလို့ ထင်ပါ့မလား။ အဲဒီလိုပါပဲ….သင့်မှာ စားလောက်သောက်လောက်ရုံအလုပ်လေးတစ်ခုနဲ့ ကိုယ်လုပ်ချင်တာလေးတွေလုပ်နေရရင် ကျေနပ်နေပြီဆိုရင် သင့်ဘဝကို သင်နေပျော်နေမှာပါပဲ။ ကိုယ်လုပ်ချင်တာတွေလုပ်နေရလို့ သင့်ဘဝကို ပျော်စရာကောင်းတယ်လို့ထင်နေမှာဖြစ်သလို၊ ပြည့်စုံနေတယ်လို့ ထင်နေမှာပါပဲ။

ကျွန်တော်တို့ ဆယ်တန်းမှာ သင်ခဲ့ဖူးတဲ့ရေသည်ယောကျ်ားပြဇာတ်ထဲကလိုပေါ့။ “ငွေလေးရွေးကို မယူပါနဲ့….တိုင်းပြည်တစ်ဝက်ပေးပါ့မယ်” လို့ တိုင်းပြည်ရဲ့တစ်ဝက်ကြီးများတောင် ရထားပေမယ့် ရေသည်ယောကျ်ားရဲ့စိတ်ထဲမှာ ငွေလေးရွေးကို မယူရမချင်း မကျေနပ်နိုင်ခဲ့ပါဘူး။ အဲဒါကြောင့် သူ့မှာ မပျော်နိုင်ဖြစ်နေတာကို သင်ခဲ့ကြရမှာပါ။ နောက်ဆုံးတော့ ဘယ်လောက်ပဲပေးပါစေ၊ သူလိုချင်တဲ့ငွေလေးရွေးရမှ သူကျေနပ်သွားတာပါပဲ။ အဲဒီအဓိပါ္ပယ်နဲ့ထပ်တူပါပဲ…..သင့်မှာ မီလျှံနာတစ်ယောက်အဖြစ်ချမ်းသာနေပါစေအုံး၊ သင့်စိတ်ထဲမှာ မကျေနပ်သေးဘူး၊ မတင်းတိမ်နိုင်သေးဘူဆိုရင် ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်နေရင်တောင် သင်ပျော်ရွှင်မှုရှိမှာမဟုတ်သလို သင့်ကိုသင်အောင်မြင်တယ်လို့ ခံစားရမှာမဟုတ်ပါဘူး။ “when you love what you have, you have everything you need” ဆိုတဲ့စကားလိုပဲ။ သင့်မှာရှိထားတာလေးကို သင်ချစ်တယ်၊ တန်ဖိုးထားတယ်ဆိုရင် သင်လိုအပ်တာအားလုံးရနေသလို သင်ပျော်နေမှာပါပဲ။ သင့်မှာ ငွေတွေအများကြီးချမ်းသာချင်မှချမ်းသာပါလိမ့်မယ်၊ ဒါပေမယ့် သင့်မှာရှိတာလေးကို သင့်စိတ်ကကျေနပ်နေတဲ့အခါ သင်ပျော်နေပါလိမ့်မယ်။

တခါတလေမှာတော့ ပျော်ရွှင်ခြင်းက အောင်မြင်ခြင်းနဲ့ ထပ်တူကျချင်မှ ကျပါလိမ့်မယ်။ ပျော်ရွှင်နေတဲ့သူတိုင်းက မအောင်မြင်သလို၊ အောင်မြင်နေတဲ့သူတိုင်းကလည်း ပျော်ချင်မှပျော်တာပါ။ အဲဒါကြောင့်သာ နာမည်ကြီးပြီး အောင်မြင်နေတဲ့သူအချို့ မကြာခဏ ဆူဆိုက်လုပ်၊ သေကြောင်းကြံစည်နေတာမျိုးတွေ ကြားနေရတာဖြစ်ပါတယ်။ ပျော်ရွှင်ခြင်းနဲ့ အောင်မြင်ခြင်းက တစ်ထပ်တည်းဖြစ်နေရင်တော့ အတိုင်းထက်အလွန်ပေါ့။
ဒါပေမယ့် ဘဝမှာ ဘာကြောင့်များ အောင်မြင်နေတယ်လို့ ကျွန်တော်တို့ယူဆတဲ့လူတစ်ချို့ ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်တာမျိုးတွေဖြစ်ကြရတာလဲ။ အဓိကက ကိုယ်ရရှိပိုင်ဆိုင်ထားတဲ့ဘဝကို မကျေနပ်ခြင်း၊ မပျော်ရွှင်ခြင်း အနည်းနဲ့အများတော့ ပါဝင်ပတ်သက်နေပါလိမ့်မယ်။ ကျွန်တော်တို့တွေကတော့ အားကျနေမိပေမယ့် သူတို့ကိုယ်တိုင်ရဲ့စိတ်ထဲမှာတော့ သူတို့ဘဝက ကျေနပ်စရာမကောင်းဘူး ဒါမှမဟုတ် ပျော်စရာမကောင်းဘူးလို့ ထင်နေတဲ့စိတ်က အခြေခံပါပဲ။

အဲဒါကြောင့် သင်ရရှိပိုင်ဆိုင်ထားတဲ့ဘဝကို ကျေနပ်ခြင်းက သင့်ရဲ့ပျော်ရွှင်မှုနဲ့ ပတ်သက်နေတာပဲဖြစ်ပါတယ်။ သင်ရထားသမျှက ဘယ်လောက်ပဲနိမ့်ကျနေပါစေ၊ သင်ကျေနပ်နေတယ်ဆိုရင် သင့်စိတ်ထဲမှာ တန်ဖိုးအကြီးဆုံးကို ရရှိထားသလို သင်ပျော်ရွှင်နေမှာပါပဲ။ အဲဒါကြောင့်သာ ပျော်ရွှင်ခြင်းဆိုတာက သင့်စိတ်ထဲက ဖြစ်ပေါ်လာတာ၊ ပျော်ရွှင်ခြင်းဆိုတာက သင့်ကိုယ်တွင်းမှာသာ ရှိတာပါလို့ ဆိုကြတာဖြစ်ပါတယ်။ “Success is getting what you want. Happiness is wanting what you get.” လို့ စာရေးဆရာကြီး ဒေးကာနက်ဂျီကပြောခဲ့သလိုပါပဲ။ အောင်မြင်မှုဆိုတာက သင်လိုချင်တာကို ရရှိတာဖြစ်ပြီး ပျော်ရွှင်မှုဆိုတာက သင်ရထားတာကို လိုချင်တာပဲဖြစ်ပါတယ်တဲ့နော်။ ဒါပေမယ့် ဘဝမှာ အရင်ပျော်ရွှင်အောင်နေထိုင်ကြည့်လိုက်ပါ၊ အဲဒီလိုပျော်ရွှင်အောင်နေထိုင်တတ်သွားရင် သင့်ဘဝမှာ လူသားတစ်ယောက်အနေနဲ့ အောင်မြင်တာပါပဲ။
အဲဒီ့အတွက် အခြားသူတွေရရှိပိုင်ဆိုင်ထားတာတွေ၊ အခြားသူတွေရဲ့ ကံကောင်းခြင်းတွေကို မျှော်ကြည့်ပြီး ကိုယ့်ဘဝကိုယ်အားငယ်နေစရာမလိုဘဲ ကိုယ့်ဘဝမှာ ကိုယ်ကံကောင်းနေတာလေးတွေ၊ ကိုယ်အဆင်ပြေနေတာလေးတွေကို ပြန်တွေးတောကြည့်ဖို့သာ လိုပါတယ်။ အဲဒီလို ကိုယ့်ရဲ့ကံကောင်းသောအရာလေးတွေ၊ ကိုယ်ပိုင်ဆိုင်ထားသမျှလေးတွေ၊ နောက်ဆုံး ကိုယ်ကျန်းမာစွာအသက်ရှင်နေတာလေးကအစ တန်ဖိုးမကြီးပေမယ့် တန်ဖိုးထားစရာလေးတွေကို ပြန်တွေးကြည့်ပြီး ကျေနပ်ပါ။

နောက်ဆုံး ကိုယ့်မှာ ဘာမှကြီးကြီးမားမားမပိုင်ဆိုင်ထားရင်တောင် ခုချိန်ထိ ကျန်းမာစွာအသက်ရှင်နေတာလေးက ကျေနပ်စရာပါပဲ။ အသက်ရှင်နေသေးသရွေ့ကိုယ်ဖြစ်ချင်တာလေးတွေ၊ ကိုယ်လုပ်ချင်တာလေးတွေ၊ ကိုယ်တွေးထားတာလေးတွေ လုပ်နေနိုင်သေးတယ်မဟုတ်လား လို့တွေးကြည့်လိုက်ပါ။
ကိုယ်မရနိုင်တာကိုတွေးပြီး စိတ်ညစ်ခြင်းကြောင့် အချိန်ကုန်ရတာထက် ကိုယ်ရရှိပိုင်ဆိုင်ထားတာလေးတွေကို တွေးပြီး ပျော်ရွှင်ကြည့်ပါ။ ဘဝက နေပျော်စရာပိုကောင်းလာပါလိမ့်မယ်။ ကိုယ့်စိတ်ထဲက ပျော်ရွှင်မှုကို ရှာတွေ့နိုင်ကြပါစေ။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။