အိမ်မှာနေရင်း ကိုယ့်ကိုယ်ကိုယ်ဘယ်လိုဂရုစိုက်ကြမလဲ။

ကဲ….အခုလို Stay home ကာလမှာ အိပ်ချင်တဲ့အချိန်အိပ်၊ ထချင်တဲ့အချိန်ထ၊ စားချင်တဲ့အချိန်စားပြီး အချိန်တွေအကုန် ကမောက်ကမ ဖြစ်ကုန်တဲ့သူတွေရှိတယ်မဟုတ်လား။ တကယ်တော့ အဲဒါက ကျန်းမာရေးအတွက်မကောင်းတဲ့အပြင် Stay home ကာလပြီးတဲ့အခါ နေ့အချိန်ညအချိန်မမှန်တာကြောင့် အဆင်မပြေတာတွေဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် အိပ်ချိန်၊ စားချိန်မှန်အောင်နေသင့်သလို၊ အိမ်မှာနေတာမို့ဆိုပြီး ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်သင့်ပါတယ်။ အဲဒါအပြင် ကိုဗစ်ကြောင့် အိမ်တွင်းအောင်းလေ အားနေတာနဲ့ပဲ ကိုဗစ်သတင်းတွေဖတ်လေ၊ စိတ်ပိုပြီးဖိစီးလေနဲ့ သံသရာလည်နေတာကြောင့် အနည်းနဲ့အများတော့ စိတ်ဖိစီးနေမှာပါပဲ။ အဲဒါကြောင့် အိမ်မှာနေရင်း ကိုယ့်ကိုယ်ကိုယ်အလွယ်ဆုံးဂရုစိုက်ဖို့ကတော့….


၁) မနက်စောစောထမယ်၊ ညစောစောအိပ်ရာဝင်မယ်
ပုံမှန် ရုံးသွားသလို၊ မနက်အိပ်ရာထချိန်အတိုင်း ထဖို့လိုပါတယ်။ အဲဒါက သင့်ကိုလန်းဆန်းစေသလို၊ လတ်ဆတ်တဲ့လေကိုလည်း ခံစားရလို့ ကျန်းမာစေပါတယ်။ ညဘက်ကျပြန်တော့လည်း ပုံမှန်အတိုင်းစောစော အိပ်ရာဝင်သင့်ပါတယ်။ ခုလိုအချိန်မှာ များသောအားဖြင့်ကတော့ (မနက်ရုံးမတက်ရဘူးဆိုတဲ့အတွေးနဲ့)ညဘက်ဆို ညနက်ထိမအိပ်ဘဲ ဂိမ်းဆော့တာမျိုး၊ ရုပ်ရှင်ကြည့်နေတာမျိုးတွေ လုပ်မိတတ်ကြပါတယ်။ အဲဒါကြောင့် ပုံမှန်အိပ်ချိန်အိပ်ရာဝင်မယ်၊ မနက်ပုံမှန်အိပ်ရာထဖို့ အကျင့်လုပ်ထားပါ။ အကျင့်မပျက်ပါစေနဲ့နော်။

၂) တစ်ကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်မယ်၊
တစ်နေကုန်အခန်းအောင်းနေတာမျိုးလုပ်ပြီး လေးလံထိုင်းမှိုင်းနေတာမျိုး မဖြစ်ပါစေနဲ့။ လူကမလန်းဆန်းတော့ဘဲ လေးလံထိုင်းမှိုင်းနေတဲ့အပြင် အိပ်ပြီးရင်း အိပ်နေတာမျိုးကလည်း ပိုပြီးသွေးလေးစေပါတယ်။ အဲဒါကြောင့် လန်းလန်းဆန်းဆန်းဖြစ်အောင် တကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပါ။ ပုံမှန်လို ရုံးသွားသလို သန့်ပြန်အောင် ဝတ်စားပြင်ဆင်ပါ။

၃) သပ်ရပ်စွာဝတ်စားပြင်ဆင်မယ်
ပညဝတ်အိပ်အင်္ကျ ီနဲ့ တစ်နေ့လုံးနေတာမျိုးမလုပ်ပါနဲ့။ ပိုပြီး လေးလံထိုင်းမှိုင်းစေသလို၊ တစ်နေကုန်မထတမ်း ရုပ်ရှင်ကြည့်နေတာမျိုး၊ စာဖတ်နေတာမျိုး၊ ဂိမ်းဆော့၊ ဖုန်းသုံးနေတာမျိုးကလည်း သင့်ကိုအညောင်းမိစေသလို၊ ထိုင်းမှိုင်းစေပါတယ်။ ပုံမှန်ရုံးသွားဖို့ ပြင်ဆင်သလို၊ အပြင်သွားဖို့ပြင်ဆင်သလို၊ ကိုယ်ကြိုက်တဲ့ သစ်လွင်တဲ့အင်္ကျ ီအဝတ်အစားတွေ ရွေးဝယ်မယ်၊ ပြင်ဆင်မယ်၊ သန့်ပြန့်မွှေးကြိုင်နေအောင် နေပါ။ သင့်စိတ်လည်း လန်းဆန်းနေပါလိမ့်မယ်။ မဟုတ်ရင် ညဘက်ကို ကျန်းမာရေးဌာနကလွှင့်တဲ့ သတင်းကြည့်ပြီး စိတ်ဖိစီးမှုများနေတာက တစ်မျိုး၊ မနက်ကျ အိပ်ရာကမထဘဲ လေးလံထိုင်းမှိုင်းနေတာတစ်မျိုးနဲ့ ပိုပြီး စိတ်ဖိစီးမှုများလာစေနိုင်ပါတယ်။

၄)ကိုယ်ကြိုက်တဲ့သီချင်းလေးနားထောင်မယ်
သန့်ပြန်အောင် ဝတ်စားပြင်ဆင်ပြီး အရင်လို မနက်စာကို ဝလင်အောင် အေးဆေးအချိန်ပေးပြီးစားပေးပါ။ အဲဒါက ခုလို Stay home ချိန်မှာသာ ရနိုင်တဲ့အခွင့်အရေးပါပဲနော်။ (တခါတလေ ရုံးသွားဖို့အပြေးနဲ့ မနက်စာမစားခဲ့ရတဲ့နေ့တွေတောင်ရှိသေးတယ်မဟုတ်လား) အဲဒါကြောင့် အခုလိုအချိန်မှာ စိတ်ပါလက်ပါနဲ့ အေးဆေး သက်တောင့်သက်သာနဲ့ အာဟာရပြည့်ဝတဲ့မနက်စာ၊ နေ့လည်စာ၊ ညစာကို အချိန်ပေးပြီး စားပေးပါ။ စားပြီးတဲ့အခါ ကိုယ့်စိတ်ကို ပြေလျော့စေမယ့် သီချင်း ငြိမ့်ငြိမ့်ညောင်းညောင်းအေးအေးလေးတွေကို နားထောင်ပေးပါ။ အဲဒါက စိတ်ဖိစီးနေတာတွေကိုလည် းပြေလျော့စေပါတယ်။ သင့်စိတ်ကိုလည်း လန်းဆန်းလာစေမှာပါ။

၅) ကိုယ်ကြိုက်တဲ့ဇာတ်လမ်းကြည့်မယ်
ကိုယ့်အတွက် တကိုယ်ရည်သန့်ရှင်းရေး၊ အာဟာရပြည့်ဝအောင်စားသောက်ပြီးပြီဆိုမှ အေးအေးဆေးဆေးနဲ့ ကိုယ်ကြိုက်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေထိုင်ကြည့်ပါ။ စိတ်ပြေလက်ပျောက် ကိုဗစ်အကြောင်းကိုလည်းမတွေးဘဲ ကျန်တဲ့ပူပင်စရာတွေမတွေးဘဲ ဇာတ်လမ်းထဲက မင်းသားမင်းသမီးနဲ့အတူ ကိုယ်ပါလိုက်ပါခံစားကြည့်လိုက်ပါ။ တခဏတော့ စိတ်ပြေပျောက်သွားပါလိမ့်မယ်။ ကိုဗစ်ကိုလည်း မေ့တေ့တေ့ဖြစ်သွားပါလိမ့်မယ်နော်။

၆) ကိုယ်ကြိုက်တဲ့သရေစာတွေစားမယ်
အလုပ်မအားလို့၊ ရုံးတက်နေရလို့ဆိုပြီး မြင်မြင်သမျှ သရေကျထားရတဲ့စားစရာမှန်သမျှ စာရင်းနဲ့မှတ်ထားပြီး အကုန်လုပ်စားဖို့ အချိန်ကောင်းပဲလေ။ အခုလိုအချိန်မှာ ကိုယ်ကြိုက်တဲ့သရေစာတွေ တစ်ခုပြီးတစ်ခုလုပ်စားတာကလည်း ဗိုက်လည်း၀ ၊ စိတ်ဖိစီးမှုလည်း ပျောက်၊ ကိုဗစ်ကိုလည်း မေ့သွားမှာပါပဲနော်။ အဲဒီ့တော့ ကိုယ်စားချင်တဲ့သရေစာတွေကဘာဖြစ်မလဲ ၊ မုန့်လုပ်နည်းမှန်သမျှကိုလည်း ဖေ့ဘုတ်ကြီးကနေ ခပ်လွယ်လွယ်ရှာလို့ရတယ်ဆိုတော့ ဘာလိုသေးလဲနော်။

၇) သူငယ်ချင်းတွေနဲ့ Video Call စကားပြောမယ်
နောက်ထပ်တစ်ခုကတော့ ကိုယ့်ရဲ့ လေမပေါရတာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေကို ဖုန်းခေါ်ပြီး စကားပြောပါ။ သူငယ်ချင်းတွေနဲ့ မတွေ့ရလို့ စကားမပြောနိုင်တဲ့ခေတ်မဟုတ်တော့ဘူးလေ။ Video call ခေါ်ပြီး group chat လုပ်တာဖြစ်ဖြစ် ရယ်စရာတွေပြောကြတာဖြစ်ဖြစ် လုပ်ကြည့်ပါ။ အပြင်မှာမချိန်းရပေမယ့် ခုလိုချိန်မှာ သူငယ်ချင်းတွေကို သတိတရ ကျန်းမာရေးဂရုစိုက်ဖို့လည်း သတိပေးလိုက်ပါအုံးနော်။
ဒီအချက်တွေအတိုင်း ကိုယ့်စိတ်ရော၊ ကိုယ်ရောကို သတိထားပြီး ဂရုတစိုက်နေထိုင်မယ်ဆိုရင် အိမ်တွင်းအောင်းနေပေမယ့်လည်း ကိုဗစ်ကြောင့် စိတ်ဖိစီးနေတာမျိုးလည်း လျော့နည်းသွားမှာပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။