သင့်ကိုတကယ်ချစ်တဲ့သူဆိုတာ……

လူတိုင်းဘဝမှာ တစ်ကြိမ်မကချစ်ဖူးခဲ့ကြမှာပါ။ ဒါပေမယ့် အချစ်က စိတ္တဇနာမ်ဖြစ်ပေမယ့် ပုံစံအမျိုးမျိုးရှိတယ်ဆိုရင်ကော ယုံကြပါ့မလား။ ဟုတ်ပါတယ်….အချစ်က ပုံစံအမျိုးမျိုးရှိပါတယ်။ ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ ဦးစားမပေးရဘူးဆိုတဲ့ အတ္တကြီးတဲ့အချစ်၊ အခြားလူဆို မျက်လုံးလေးတစ်ချက်တောင်မှ ဝေ့မကြည့်နဲ့ဆိုတဲ့ အူတိုလွန်းတဲ့အချစ်၊ အပြန်အလှန်မျှတစွာ အပေးအယူလုပ်ကြမယ်ဆိုတဲ့ မျှတတဲ့အချစ် ၊ သူဘာလုပ်လုပ် ဘာဆိုဘာမှမပြောတော့ဘဲ အလိုလိုက်မယ်ဆိုတဲ့ ပေးဆပ်အချစ် စသဖြင့် ပုံစံအမျိုးမျိုးရှိမှာပါ။ အတော်များများကလည်း ပြောလေ့ရှိတာတွေ့ဖူးပါတယ်။ ၁၅၀၀အချစ်က ပူလောင်တယ်၊ ၅၂၈ကမှအေးမြတာပေါ့..ဆိုတာမျိုးတွေပါ။


ဟုတ်ပြီ အဲဒါဆိုရင် များသောအားဖြင့် ၁၅၀၀အချစ်က ဘာလို့ပူလောင်တာလဲလို့ မေးစရာရှိလာပါတယ်။ ဘယ်လောက်ပဲ မျှတအောင်ညှိုယူပါမယ်ပြောပြော အချစ်မှာ အတ္တတော့ အနည်းငယ်ပါနေတာပါပဲ။ လူတစ်ယောက်ကို ချစ်မိတဲ့အခါ များသောအားဖြင့် ကိုယ့်က အဲဒီလူကို မြင်နေချင်တယ်၊ နီးစပ်ချင်တယ်၊ အနားမှာရှိနေစေချင်တယ်ဆိုတဲ့စိတ်တွေ စတင်ဖြစ်ပေါ်လာတော့တာပါပဲ။ အဲဒါကြောင့်ကိုပဲ အတ္တအနည်းငယ်တော့ စွက်နေတာပါပဲလို့ပြောတာပါ။ ဒီနေရာမှာ သေချာကွဲပြားအောင်နားလည်သင့်တာက ကိုယ်က သူ့ကိုလိုချင်တဲ့စိတ်ကြောင့် ချစ်တယ်လို့ ဆုံးဖြတ်တာလားဆိုတာပါပဲ။ ၁၅၀၀အချစ်အများစုက ရရှိပိုင်ဆိုင်လိုစိတ်များတတ်ကြပါတယ်။ အချစ်ခိုးတွေမွှန်နေတဲ့အချိန်မှာတော့ ရရှိပိုင်ဆိုင်ဖို့သာ အာရုံထားတတ်ကြပါတယ်။ အဲဒါကြောင့်သာ တစ်ဖက်က လိုချင်တဲ့အဖြေမရမချင်း ရေကုန်ရေခမ်း ကြိုးစားတတ်ကြပါတယ်။ အဲဒါကြောင့် ဘယ်လိုခံစားချက်မျိုးက တကယ်ချစ်တဲ့သူတွေမှာဖြစ်လာတတ်သလဲဆိုတာလေးဖောြ်ပပေးလိုက်ပါတယ်။

၁) အရှိအတိုင်းလက်ခံတတ်လာပါ။
တချို့စုံတွဲတွေမြင်ဖူးမှာပါ။ တစ်ယောက် ရုပ်ဆိုးပေမယ့် တစ်ယောက်က ချောမောလှပနေတာမျိုး၊ တချို့ကျပြန်တော့ ဝတုတ်နေပေမယ့် တစ်ယောက်က slim body လေးဖြစ်နေတာမျိုး၊ တစ်ယောက်က အသားမည်းနေပေမယ့် တစ်ယောက်က အသားဖြူဖွေးဆွတ်နေတာမျိုးတွေပေါ့။ တခါတလေဆို စဉ်းစားဖူးမှာပါ။ ဒီလောက်ပုံမလာတာကို ဘာများကြည့်ပြီး ကြိုက်သွားလဲ….ဆိုတာမျိုးအထိ တွေးမိတဲ့အခါရှိမှာပါ။ တကယ်တော့ လူတစ်ယောက်ကို တကယ်ချစ်သွားတဲ့အခါ ကိုယ်ချစ်တဲ့သူက ဘယ်လိုပဲဖြစ်နေပါစေ၊ လက်ခံနိုင်သွားပါတယ်။ သူ့ရဲ့အတိတ်က အမှားတွေရှိရင်လက်ခံပေးတာမျိုး၊ သူရဲ့မလှပခြင်းတွေကို လက်ခံပေးတာမျိုး၊ သူ့ရဲ့မပြည့်စုံခြင်းတွေကို လက်ခံပေးတာမျိုးတွေပေါ့။

၂) နားလည်ပေးနိုင်လာပါတယ်။
ကိုယ်က အချဉ်အစပ်မစားနိုင်ပေမယ့် သူက အချဉ်အစပ်ကြိုက်လွန်းတာကို မတားမြစ်တတ်ပါဘူး။ ကိုယ်မစားလည်း သူစားတတ်တဲ့ဆိုင်ကို ကိုယ်ကလိုက်ပို့ပေးတာမျိုး၊ သူ့ကိုဘေးက ထိုင်စောင့်ပေးတတ်တာမျိုးတွေပေါ့။ သူ့ကိုချစ်နေတဲ့အတွက်ကြောင့် သူ့ရဲ့ပတ်ဝန်းကျင်၊ မိဘအသိုင်းအဝန်းကို နားလည်လက်ခံဖို့ ကြိုးစားလာတာမျိုးပါ။ ဥပမာ ။ ကိုယ်က အရမ်းအလုပ်များနေလို့ အလုပ်တစ်ချို့ကူညီခိုင်းတာလောက်ကို မိန်းမအလုပ်၊ ယောကျာ်းအလုပ်ရယ်လို့ အကန့်တွေမခွဲခြားဘဲ ကူညီရမှန်း နားလည်ပေးတာမျိုး၊ သင်ဟင်းမချက်တတ်လို့၊ အိမ်မှုကိစ္စမနိုင်နင်းလို့ သင့်ကိုအပြစ်တင်ပြီး လက်တွဲဖြုတ်မယ့်သူမျိုးမဟုတ်ဘဲ သင့်ကိုဟင်းချက်နည်းသင်ပေးဖို့ ကြိုးစားမယ့်သူ၊ သင်နဲ့အတူအိမ်မှုကိစ္စတွေအတူလုပ်ပေးနိုင်ဖို့ ကြိုးစားမယ့်သူမျိုးပါ။

၃) မပြည့်စုံခြင်းကို အတူလက်တွဲဖြေရှင်းလာနိုင်ပါတယ်။
သင့်မှာ ပိုင်ဆိုင်ထားတာတွေကို ကြည့်ပြီးမှ သင့်ကို လက်တွဲတာက သင့်ကိုချစ်တာထက် သင့်ပိုင်ဆိုင်မှုတွေကို ချစ်တာပိုပါတယ်။ ဒါပေမယ့်ဘဝကို အတူရင်ဆိုင်ကြမယ်လို့ ဆုံးဖြတ်ထားရင်တော့ အရင်က ဘာမှမပိုင်ဆိုင်ထားရင်နေပါစေ၊ နှစ်ယောက်အတူ ပိုင်ဆိုင်မှုတွေကို ကြိုးစားရှာဖွေတတ်ဖို့ပဲ လိုပါတယ်။ ဒုက္ခကို အတူရင်ဆိုင်မယ်၊ မပြည့်စုံခြင်းတွေရှိရင် ပြည့်စုံလာအောင် အတူကြိုးစားဖို့ အစီအစဉ်ဆွဲလာတာမျိုးကနေ လက်တွေ့အကောင်အထည်ဖော်တာမျိုးပေါ့။ တကယ်ချစ်တဲ့သူက မပြည့်စုံခြင်းကို အပြစ်လိုမမြင်ဘဲ ပြည့်စုံအောင် အတူကြိုးစားကြမယ်လို့ တွေးတတ်တာမျိုးပါ။ သင့်စီးပွားရေးတွေဘယ်လောက် ချွတ်ခြုံကျသွားပါစေ သင့်ကိုလက်တွဲမဖြုတ်ပါဘူး။ ဒါပေမယ့် ပြန်လည်ကြိုးစားချင်စိတ်တော့ရှိဖို့လိုတာပေါ့။ အဲလိုမှမဟုတ်ဘဲ…..တူနှစ်ကိုယ်တဲအိုပျက်မှာနေရနေရ….ဆိုပြီး တစ်သက်လုံးတော့ ဘယ်သူမှ တဲအိုပျက်မှာမနေနိုင်ပါဘူးနော်။ တူနှစ်ကိုယ်တဲအိုပျက်ကနေ…..တိုက်ပေါ်ရောက်အောင် အတူကြိုးစားချင်စိတ်ရှိတဲ့သူမျိုးပါ။

၄) သစ္စာစောင့်သိမှုရှိပါတယ်။
ဇရာဆိုတာ အချိန်တန် ယိုယွင်းလာတာပါပဲ။ ကိုယ်က ဘယ်လောက်ပဲလှပတဲ့ချစ်သူကို ရထားပါစေ။ ကိုယ်နဲ့ရေရှည်လက်တွဲသွားတဲ့အခါ ဇရာက အချိန်တန် အိုမင်းလာတာကိုကြုံရမှာပါ။ ဇရာထက် ခုလက်ရှိပိုင်ဆိုင်ထားတဲ့အချိန်ကနေ နောက်ထပ် ၃နှစ် လောက်ကိုပဲ စိတ်ကူးယဉ်ကြည့်လိုက်ပါအုံး။ ကိုယ့်ရဲ့လက်ရှိချစ်သူကို စိတ်ကုန်သွားနိုင်သလား၊ စိတ်ပျက်သွားနိုင်သလားဆိုတာ ထည့်စဉ်းစားသင့်တဲ့အချက်ပါပဲ။ လူဆိုတာမျိုးက အသစ်အဆန်းဆို မက်မောလိုချင်စိတ်ရှိကြပါတယ်။ ဒါပေမယ့် သင့်ကိုတကယ်ချစ်တဲ့လူကတော့ သင်ဘယ်လိုပဲ ရုပ်ဆိုးသွားပါစေ….သင့်ကို လက်တွဲနိုင်မှာပါ။ အသစ်တွေ့လို့ အဟောင်းမေ့တာမျိုး မဖြစ်နိုင်ဘဲ သင့်အပေါ်မှာ သစ္စာစောင့်သိရမယ်ဆိုတာကို တံတိုင်းကြီးတစ်ခုလို ကာရံထားပြီး သစ္စာစောင့်သိပါလိမ့်မယ်။

၅) အကျင့်ဆိုးတွေကို ပြုပြင်စိတ်ဖြစ်လာပါတယ်။
လူဆိုတာမျိုးက ခက်ပါတယ်။ အကျင့်ဆိုးမှန်းဘယ်လောက်သိပါစေ….ကိုယ်ကြိုက်တယ်ဆိုရင် လုပ်ချင်တတ်ကြတာချည်းပါပဲ။ ဘာမှမဟုတ်တဲ့နေ့စဉ်ကိစ္စလေးတွေမှာတောင် မကောင်းမှန်းသိရက်လုပ်မိနေတာတွေအများကြီးပါပဲနော်။ ဒါပေမယ့် သင့်ကိုတကယ်ချစ်တဲ့လူကတော့ သင်က ပြုပြင်ခိုင်းတာမျိုးမလုပ်ရင်တောင် သူအရမ်းကြိုက်လှပါချည်ရဲ့၊ ချစ်လှပါချည်ရဲ့ဆိုတဲ့ အကျင့်ဆိုးမျိုးကို တဖြေးဖြေးချင်း ပြုပြင်လာတတ်ပါတယ်။ ဒါပေမယ့် ထိုလူမျိုးက တစ်ရာမှာတစ်ယောက်တော့ အင်မတန်ကိုရှားပါတယ်နော်။ (မိန်းကလေးအများစုက ကိုယ့်ချစ်သူကို အချိန်တန်အကျင့်ဆိုးတွေ ပြုပြင်ယူလို့ရမယ်လို့ ထင်နေတတ်ကြပါတယ်။ တကယ်တော့ လူတစ်ယောက်ရဲ့အကျင့်ကို သင်ပြုပြင်ခိုင်းလို့မရပါဘူး။ သူကိုယ်တိုင်ကသာ သင့်ကိုတကယ်ချစ်တဲ့အခါ သူ့ဟာသူတဖြေးဖြေးပြုပြင်လာတာမျိုးပါနော်) အဲဒါကြောင့် ချစ်သူဖြစ်ပြီးမှ၊ ဒါမှမဟုတ် လက်ထပ်ယူပြီးမှ ပြုပြင်ယူမယ်လို့များ ယောင်လို့တောင်မတွေးမိပါစေနဲ့။ ပြုပြင်လို့ရမယ့် ရာခိုင်နှုန်းကို အာမမခံနိုင်ပါဘူး။ ဒါပေမယ့် သူကသာ သင့်ကိုတကယ်ချစ်ရင်တော့ သင်မပြောလဲ သူ့ဟာသူကိုပြုပြင်လာတာမျိုးပါ။

၆) အတ္တကိုအတတ်နိုင်ဆုံးလျှော့တတ်လာပါတယ်။
ချစ်သူတွေကြားမှာ ကိုယ်ဖြစ်ချင်တာပဲသိတာ၊ ကိုယ့်ခံစားချက်ကိုပဲ ဦးစားပေးတာ၊ ကိုယ်လုပ်ချင်တာလောက်ပဲသိတာ၊ ကိုယ့်အတွက်ချည်းကြည့်နေတာ စသဖြင့် အတ္တများတဲ့အခါ အဆင်မပြေနိုင်တော့ပါဘူး။ ထိုလူမျိုးကိုလက်တွဲထားမိရင်လည်း အချိန်မလွန်ခင်လက်တွဲဖြုတ်တာအကောင်းဆုံးပါပဲနော်။ အတ္တများတဲ့လူက ချစ်သူဘဝမှာလည်း အရမ်းအူတိုတတ်သလို လက်ထပ်ဖြစ်လိုက်ရင်လည်း နေ့စဉ်လိုလို သူ့အလိုကိုသာလိုက်နေရမှာပါ။ အူတိုလွန်းလို့လည်း စိတ်ဆင်းရဲရပါလိမ့်မယ်။ သင့်ကိုတကယ်ချစ်တဲ့သူကတော့ သူ့မှာရှိပြီးသား အတ္တစိတ်တွေကိုသာ သင့်အတွက်နဲ့ ဖြေးဖြေးချင်းလျှော့လာမှာပါ။ တခုခုဆို သင့်အတွက်အရင်ဆုံးသတိရတတ်တာမျိုးပါ။ ဥပမာ။ မုန့်စားနေရင်းနဲ့တောင် သင့်အကြိုက်ဝယ်လာတာမျိုး၊ ဈေးသွားရင်တောင် သင်ကြိုက်တာမှရွေးဝယ်ဖြစ်တာမျိုးတွေပေါ့။

တခုရှိတာက ဘဝတစ်ခုကို လက်တွဲဖြစ်ဖို့ ချစ်သူအဆင့်ကနေပဲ အပြန်အလှန်တစ်ယောက်ကိုတစ်ယောက် လေ့လာဝေဖန်သုံးသပ်ကြတာမို့ ချစ်သူရွေးကတည်းကကို ကိုယ်နဲ့တကယ်ကို သဟဇတဖြစ်မယ့်လူမျိုးကိုသာ ရွေးချယ်သင့်ပါတယ်နော်။ ချစ်သူအဆင့်မှာတင် ကိုယ်နဲ့အဆင်မပြေနိုင်မယ့်အချက်တွေက ထပ်ပြီးတွေ့လာနိုင်ပါသေးတယ်။ အဲဒါကြောင့် ချစ်သူအဖြစ်မရွေးချယ်ခင်မှာတောင် ချစ်တာတစ်ခုတည်းကိုကြည့်ပြီးမရွေးချယ်ပဲ အဓိကကျတယ်လို့ ကိုယ်သတ်မှတ်ထားတဲ့အချက်တွေနဲ့ ကိုက်ညီမှုရှိတာကိုလည်း ကြည့်သင့်ပါတယ်။ ဥပမာ၊ မိသားစုအသိုင်းအဝန်း၊ ကိုယ့်ကျင့်တရား၊ လူမှုရေးအရှုပ်အရှင်းစသဖြင့်ပေါ့။ အဓိကကျတဲ့အချက်တွေမှာ ချို့ယွင်းချက်မရှိဘဲ ကျန်တဲ့ သာမညအချက်လေးတွေကိုတော့ အထက်ကအချက်တွေနဲ့ ညှိုယူလိုက်ဖို့က လွယ်ပါတယ်။
(လူတစ်ကိုယ်စိတ်တစ်မျိုးမို့ အချက်အားလုံးနဲ့အဆင်ပြေမယ်လို့တော့ မဆိုလိုပါဘူးနော်။ ယေဘုယျအချက်တွေလောက်သာ ဖော်ပြထားခြင်းဖြစ်ပါတယ်)
စာဖတ်သူတွေထဲမှာရော….ကိုယ်ကတကယ်ချစ်မိသွားတဲ့အခါ ဘယ်လိုအကျင့်မျိုးတွေဖြစ်လာသလဲ မျှဝေခဲ့ကြပါအုံးနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။