အမြဲချနင်းခံရတဲ့ဘဝက လွတ်မြောက်ဖို့ဆိုရင်……

ဘဝမှာ တပါးသူရဲ့အသုံးချခံဖြစ်ခဲ့ဖူးလား။ တပါးသူရဲ့အသုံးချခံဖြစ်ရတဲ့အခါ ဘယ်လောက်ခံစားခဲ့ရဖူးလဲ။ ကိုယ်ခံစားနေရတဲ့အခါ ဘယ်သူကမှ ဖေးမနားလည်ပေးမယ့်သူမရှိဘူးဆိုတဲ့ခံစားချက်ကို နားလည်တဲ့အတွက် တပါးသူကို ကိုယ်ချင်းစာပေးလိုက်တဲ့အခါကျမှ သူများချနင်းတာခံလိုက်ရတဲ့အခါ ခံစားချက်ကို အင်မတန်ကိုဆိုးဝါးပါတယ်နော်။ တခါခံရလိုက်၊ နောက်တခါ သနားလိုက်၊ ကိုယ်ချင်းစာလိုက်နဲ့ သနားတတ်တဲ့ကိုယ်ချင်းစာတတ်တဲ့သူတွေက ပိုပြီး ချနင်းခံရတတ်ပါတယ်။ အဲဒါကြောင့် အမြဲချနင်းခံရတဲ့ဘဝက လွတ်မြောက်ဖို့ဆိုရင် လုပ်သင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) သနားတတ်လွန်းတဲ့စိတ်ကို လျှော့ပါ။
များသောအားဖြင့် သနားတတ်တဲ့သူတွေက သနားစိတ်နဲ့အတူ တဖက်လူကို အမြဲငဲ့ညှာနေတတ်ပါတယ်။ အဲဒါကြောင့်ကိုပဲ ဟန်ဆောင်မျက်နှာဖုံးနဲ့လူတွေအတွက် ပိုပြီးချနင်းလို့ကောင်းတဲ့သူတွေပါပဲ။ အဲဒါကြောင့် သနားကြင်နာစိတ်က လူတိုင်းအတွက်လိုအပ်ပေမယ့် ကိုယ့်အကျိုးကိုလိုလားသူလား၊ သူ့အကျိုးပဲသူကြည့်တတ်သူလား၊ သနားစာနာပြီး ကူညီပေးလိုက်လို့ နားလည်မယ့်သူလားဆိုတာ ခွဲခြားသိအောင်လုပ်သင့်ပါတယ်။ ကိုယ့်အတွက် ထိခိုက်နစ်နာလောက်အောင် ဖြစ်စေမယ့်သူမျိုးကျတော့ သနားစိတ်ကို လျှော့သင့်ပါတယ်။

၂) ကိုယ်ချင်းစာစိတ်ကို ပြန်တွေးပါ။
တခါတလေ ကိုယ့်လိုအခြေအနေမျိုး သူကြုံနေရပါလား…..ဆိုပြီး ကိုယ်ချင်းစာလိုက်ခြင်းက တဖက်လူအတွက်တော့ ချနင်းစရာအကွက်ကောင်းဖြစ်သွားနိုင်ပါတယ်။ ကိုယ်ကတော့ စစ်မှန်တဲ့စေတနာနဲ့ ကိုယ်ချင်းစာစိတ်လေးနဲ့ ကူညီလိုက်ပေမယ့် ကိုယ့်ကိုပြန်ပြီး ဒုက္ခရောက်အောင်လုပ်တတ်သူမျိုး တကယ်ကို ရှိပါတယ်။ အဲဒါကြောင့် ကိုယ်ချင်းစာသင့်တဲ့သူမျိုးလား၊ ကိုယ်ချင်းစာစိတ်ထားလိုက်ပေမယ့် ကိုယ်ချင်းမစာ ကိုယ့်ကိုပြန်နင်းမယ့်သူမျိုးလားရယ်လို့ ပြန်တွေးသင့်ပါတယ်။

၃) အားနာတတ်တဲ့အကျင့်ကိုဖျောက်ပါ။
အားနာတတ်တဲ့သူတွေက ချနင်းလို့ အကောင်းဆုံးလူတွေပါပဲ။ ပြဿနာကြားအမြဲပါနေတတ်ပါတယ်။ အားနာပြီး ကူညီလိုက်လို့ ငွေပြန်မရတာ၊ အားနာပြီးကူညီအာမခံပေးလိုက်လို့ ကိုယ်ပဲငွေတွေစိုက်လျော်လိုက်ရတာ၊ အားနာပြီး ဝင်ဖြေရှင်းပေးကာမှ ထောင်ထဲဝင်လိုက်ရတာမျိုးတွေ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အများကြီးမြင်ဖူးမယ်ထင်ပါတယ်။ ကို်ယ်အရေးကြုံလာတဲ့အခါ ဘယ်သူမှ အားနာပြီး လာဖြေရှင်းပေးမယ်လို့တော့မထင်ပါနဲ့။ တကယ်က အားနာတတ်တဲ့သူတွေကသာ ချနင်းခံလိုက်ရတာချည်းပါပဲ။ အဲဒါကြောင့် အားနာသင့်တာကို အားနာပါ။ အားမနာသင့်တဲ့ကိစ္စမျိုးမှာ အမုန်းခံပြီး အပြတ်ငြင်းလိုက်တာက တစ်ခါမုန်းပဲခံရတာပါ။ ကိုယ်ဖိစီးမခံနိုင်တဲ့ကိစ္စမျိုးကို အားမနာဘဲ ငြင်းဆန်တတ်ခြင်းက ကိုယ့်ကိုကိုယ်ချစ်ခင်ခြင်းဖြစ်ပြီး အတ္တကြီးတာမဟုတ်ပါဘူးနော်။

၄) အယုံမလွယ်ပါနဲ့။
ချနင်းခံရတဲ့သူတော်တော်များများက အယုံလွယ်တဲ့သူတွေပဲဖြစ်ပါတယ်။ တခုခုဆို သနားတတ်လွန်းပြီး ကိုယ်ချင်းစာတတ်တဲ့စိတ်များတဲ့သူက အယုံလွယ်တတ်လို့ပါပဲ။ ယုံလွယ်တဲ့စိတ်ကိုလည်း ဆင်ခြင်သည့်ပါတယ်။ ယုံလွယ်ရင် အမြဲအနင်းခံရဖို့ သေချာသလောက်ပါပဲ။

၅) ရိုးသားပါ၊ မအပါနဲ့။
ဘဝမှာ ရိုးသားလွန်းရင် နုံအတဲ့သူအဖြစ် အနင်းခံရတတ်ပါတယ်။ ရိုးသားသင့်တာ ရိုးသားပါ။ ရိုးသားခြင်းက ရွှေလိုအဖိုးတန်ပါတယ်။ ဒါပေမယ့် ရိုးသားခြင်းနဲ့ နုံအခြင်းကတော့ မတူပါဘူး။ အခြားလူတစ်ယောက်ကို ကတုံးပေါ်ထိပ်ကွက်ပြီး အနိုင်ကျင့်ဖို့၊ အသာစီးရဖို့ ကြိုးစားခိုင်းတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ဖြောင့်မတ်တည်ကြည်မှုကို အရာမယွင်းအောင် ကိုယ်တိုင်ဆောက်တည်ရမှာဖြစ်ပြီး ရိုးသားလို့ရပါတယ်။ ဒါပေမယ့် တပါးသူက ကိုယ့်ကို ခုတုံးလုပ်အနိုင်ကျင့်နိုင်တာကို ကြိုတင်မတွေးတောနိုင်လောက်အောင် နုံအလွန်းရင်တော့ ကိုယ်ပဲခံရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ရိုးသားပါ၊ မအပါနဲ့။
လောကမှာ လူရယ်လို့ဖြစ်လာရင် စောင့်ထိန်းသင့်တာစောင့်ထိန်းရမယ်၊ ရိုးသားသင့်တာ ရိုးသားရမယ်၊ အလိမ္မာသုံးပြီး ဖယ်ရှားသင့်တာ ဖယ်ရှားရမယ်။ ရှောင်တိမ်းသင့်တာ ရှောင်တိမ်းတတ်ဖို့တော့လိုပါတယ်။ လောကရဲ့ သဘာဝအရကိုက လူဖြစ်ပေမယ့် လူတွေရဲ့အတ္တအနည်းအများအလိုက် အတ္တကြီးပြီး အသာစီးရလိုသူက အနိုင်ကျင့်တတ်တာချည်းပါပဲ။ အဲဒါကြောင့် အမြဲတမ်း သူများမျက်ခုံးမွှေးပေါ် စင်္ကြန့်လျှောက်စရာမလိုပါဘူး။ ကိုယ့်ရဲ့ရိုးသားမှု၊ ဖြောင့်မတ်မှန်ကန်မှုကို လက်ကိုင်ထားပါ၊ ဒါပေမယ့် သူများမျက်ခုံးမွှေးပေါ် စင်္ကြန့်လျှောက်ဖို့မလိုသလို၊ ကိုယ့်မျက်ခုံးမွှေးပေါ်လည်း စင်္ကြန့်လျှောက်တာ မခံရဖို့ ရေးသားဖော်ပြပေးလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။