တန်ဖိုးထားဖို့ထိုက်တန်တဲ့သူတွေကိုသာ တန်ဖိုးထားပါ။

အမျိုးတစ်ယောက်ရဲ့ကော်ဖီဆိုင်မှာ "လူရင်းမို့ ယုံကြည်လို့...."ဆိုတဲ့အပြောနဲ့ ငွေကိုင်လုပ်ပေးဖူးခဲ့ပါတယ်။ ကိုယ်ကလည်း အလုပ်နားနေတဲ့အချိန်လည်းဖြစ်တော့ "အတော်ပဲပေါ့...."ဆိုပြီး ဘာကိုမှမတွေးဖြစ်ဘဲ စိတ်ရင်းအမှန်နဲ့တွေးပြီးလုပ်ပေးဖြစ်ခဲ့တာပေါ့။ တစ်နေ့ကျတော့ ကော်ဖီလာသောက်တဲ့ နိုင်ငံခြားပြန် မြန်မာလူမျိုး (ဆိုင်ပိုင်ရှင်ရဲ့မိတ်ဆွေ) က ကိုယ့်ကိုခြေအစခေါင်းအဆုံးကြည့်ပြီး မျက်မှောင်ကျုံ့တာခံခဲ့ရတယ်။ “ငွေကိုင်တဲ့နေရာမှာ အမျိုးဖြစ်တာနဲ့ခန့်လို့မဖြစ်ဘူးလေ...” တဲ့။ “ စာရင်းအင်းသေချာနိုင်တဲ့လူဖြစ်မှဖြစ်မှာပေါ့....ဒါတောင်ယုံကြည်ရအုံးမှ” တဲ့ ကိုယ့်ရှေ့တင်အဲဒီ့စကားကိုပြောပြီး ကိုယ်ကို တစက်မှအသုံးမကျတဲ့လူတစ်ယောက်လိုဆက်ဆံသွားတာခံဖူးပါတယ်။


သူပြောတာမှန်သလိုလိုရှိပေမယ့် ကိုယ့်ကိုကြည့်ပြီးပြုမူသွားတဲ့ပုံစံအရ မရှိခိုးနိုး....ဆိုတဲ့စတိုင်လ်နဲ့ အပြောခံလိုက်ရတာကတော့ ကိုယ်ပဲသိတယ်လေ။ ကိုယ်ကခံလိုက်ရလို့ ကိစ္စမရှိပေမယ့် တစ်သက်လုံး အစွန်းအထင်းမရှိ နေထိုင်ခဲ့တဲ့ကိုယ့်ကိုယ်ကျင့်တရားကိုပါ စော်ကားသလိုခံစားလိုက်ရတယ်။ ခံစားရတာမကောင်းပေမယ့် ကိုယ်ဘာမှမပြောဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် အဲဒီ့ဖြစ်ရပ်ကိုတော့ မှတ်ထားခဲ့တယ်။ ဘာလို့ဆို အဲဒီလို လူတစ်ဖက်သားရဲ့ အပြင်ပန်းသွင်ပြင်ကို မြင်ရုံနဲ့ ကိုယ်ကျင့်တရားကို ချိုးနှိမ်တတ်တဲ့အဆင့်မရှိတဲ့လူတွေနဲ့ဝေးရာကိုသွားဖို့ပေါ့။ အဲဒီလိုလူမျိုးတွေက ကိုယ်တွေလိုလူမျိုးတွေနဲ့ တန်ဖိုးထားပုံခြင်းမှမတူတာလေ။ တချို့ခံစားချက်တွေက သိမ်းထားဖို့လိုတယ်၊ ပြန်ခံစားမိတိုင်း အဲဒီ့လူတွေကို ဝေးဝေးရှောင်နိုင်ဖို့ပေါ့။
ကိုယ့်ရဲ့အပြင်ပန်းသွင်ပြင်ကို ကြည့်ပြီး ကိုယ့်ရဲ့အကျင့်သိက္ခာကို အထင်သေးခံလိုက်ရတဲ့ဖြစ်ရပ်မျိုး ကြုံဖူးကြမှာပါ။ စတိုးဆိုင်ကို အိမ်နေရင်း အကျီနဲ့သွားလို့ မဝယ်နိုင်ဘူးအထင်ခံလိုက်ရတာမျိုးကအစ၊ အခုလိုဖြစ်ရပ်မျိုးအဆုံးပေါ့။ အဲဒီလိုလူမျိုးတွေနဲ့ကြုံရတဲ့အခါ Wayne Dyer ရဲ့ ဒီစာသားလေးကိုသတိရပါ။
“When you judge another, you do not define them, you define yourself.” လူတစ်ယောက်ကို ဝေဖန်ခြင်းဟာ အဲဒီလူကိုအဓိပ္ပါယ်သတ်မှတ်လိုက်တာမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ်အဓိပ္ပါယ်သတ်မှတ်လိုက်တာပါတဲ့။ သင့်ကိုအထင်သေးသလိုဆက်ဆံလိုက်တဲ့လူဟာလည်း သင့်တန်ဖိုးကို သတ်မှတ်ပေးလိုက်တာမဟုတ်ပါဘူး။ သူ့အဆင့်အတန်းသူ့တန်ဖိုးကိုသာ ပြသွားတာပါ။
တခါတလေကျရင် ဘဝမှာ တချို့လူတွေကို ကျွန်မတို့ ရှောင်တတ်ဖို့လိုပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ကတော့ တန်ဖိုးထားမှုချင်းက တူချင်မှတူမှာပါ။ ဒါပေမယ့် တဖက်လူရဲ့ အပြင်ပန်းသွင်ပြင်၊ နေထိုင်ပုံ၊ ဆင်းရဲ၊ချမ်းသာ၊ ရာထူး၊ ငွေကြေး၊ ဂုဏ်ပကာသနတွေကို ကြည့်ပြီး အဲဒီ့လူတစ်ယောက်ရဲ့အကျင့်သိက္ခာကို တန်းညှိလိုက်လို့ မရနိုင်ပါဘူး။ လေးတန်းပဲအောင်ပြီး စားသောက်ဆိုင်မှာ စားပွဲထိုးလုပ်နေတဲ့ စားပွဲထိုးလေးမို့လို့ ဆိုင်ရဲ့ငွေကို ခိုးကိုခိုးလိမ့်မယ်လို့ တွက်လို့မဖြစ်နိုင်ပါဘူး။ သူ့ရဲ့ဘဝက သူ့ဘဝဖြစ်ပြီး သူ့အကျင့်သိက္ခာက သူ့အကျင့်သိက္ခာပါပဲ။ မကောင်းတဲ့အမျိုးသမီးအဖြစ် ခန္ဓာကိုယ်ကို ရင်းပြီးလုပ်စားနေတဲ့ မိန်းကလေးတစ်ယောက်မို့ သူ့အကျင့်သိက္ခာကိုအထင်သေးလို့မရပြန်ပါဘူး။ သူ့ရဲ့နောက်ကွယ်က ဘဝအချို့အချို့အတွက် စားဝတ်နေ‌ရေးကို သူများမိသားစုကိုမဖြိုခွဲဘဲ၊ သူများဥစ္စာပစ္စည်းမခိုးမဝှက်ဘဲ သူပိုင်တဲ့ခန္ဓာကိုယ်ကိုသာ ရင်းစားနေတာမို့ပါ။
ကျွန်မတို့ဘဝမှာ ကြုံတွေ့ရတဲ့လူတိုင်းဟာ ကျွန်မတို့ ဘဝကို တစ်ခုမဟုတ်တစ်ခုတော့ သင်ခန်းစာပေးသွားတဲ့လူတွေချည်းပါပဲ။ ဒါပေမယ့် သူတို့ပေးတဲ့သင်ခန်းစာကိုယူပြီး လက်တွေ့ဘဝမှာပြန်အသုံးချလို့ တန်ဖိုးထားဖို့မထိုက်တန်တဲ့သူတွေကိုတော့ ရှောင်သွားရမှာပါပဲ။ တနည်းအားဖြင့် ကိုယ့်တန်ဖိုးကိုနားမလည်တဲ့လူတွေကိုပေါ့။ ကိုယ့်တန်ဖိုးကို နားမလည်တဲ့သူကို ထိပ်တိုက်တွေ့ပြီး ရင်ဆိုင်ဖြေရှင်းနေစရာမလိုပါဘူး။ ကိုယ်လုပ်စရာရှိတာကိုသာ တစိုက်မတ်မတ်လုပ်သွားပါ။ အချိန်တန် ကိုယ့်တန်ဖိုးကို တန်ဖိုးထားတတ်တဲ့သူနဲ့တွေ့တဲ့အခါ ကိုယ်ကြိုးစားသမျှဟာအလကားမဖြစ်စေပါဘူး။
ဘွဲရဖို့အဝေးသင်တက်ရင်း စားပွဲထိုးလုပ်နေတဲ့လူတစ်ယောက်ဟာ သူ့ကို "ပညာမတတ်၊ ဘွဲ့မရနိုင်လို့ စားပွဲထိုးလုပ်နေပါတယ်" ဆိုပြီးချိုးနှိမ်ဆက်ဆံတတ်တဲ့ပတ်ဝန်းကျင်မှာ ဘွဲ့ရပြီးသွားတဲ့အထိ အတင်းဖက်တွယ်ပြီးဆက်နေဖို့မလိုတော့ပါဘူး။ တနည်းအားဖြင့် ဘွဲ့မရခင် စားဝတ်နေရေးကြောင့် စားပွဲထိုးအလုပ်ကိုဆက်လုပ်ချင်လုပ်နေပေမယ့် ဘွဲ့ရပြီးလည်း စားပွဲထိုးနေရာမှာပဲ တစ်သက်လုံးနှိမ်ခိုင်းချင်တဲ့ အလုပ်ရှင်သူဌေးကို သူရှောင်ကျဥ်မယ်ဆို သူမမှားပါဘူး။ “ဘွဲ့ဘယ်လောက်ရရ၊ တခြားဘာအရည်အချင်းတွေရှိရှိ မင်းလိုလူက စားပွဲထိုးပဲရမှာပဲ.....”လို့ အထင်သေးတတ်တဲ့လူအနားမှာ အချိန်တွေအများကြီးရင်းနှီးမြုပ်နှံစရာမလိုပါဘူး။ ကိုယ်ရဲ့အရည်အချင်းကိုတဖြည်းဖြည်းတိုးတက်လာအောင်ကြိုးစား၊ ကိုယ့်ရဲ့တန်ဖိုးကို တကယ်တိုးတက်လာအောင် ကြိုးစားပြီးတဲ့နောက် ကိုယ့်အရည်အချင်းနဲ့ကိုက်ညီတဲ့နေရာကိုသွားပါ။
ဘွဲ့လည်းရပြီး တခြားအရည်အချင်းလည်းရှိတာမို့ အခြားရာထူးတစ်ခုကို မြင့်တင်ပေးချင်တဲ့သူဌေးမျိုးဆိုရင်တော့ တစ်မျိုးပေါ့လေ။
“If people are doubting how far you can go, go so far that you can’t hear them anymore.” – Michele Ruiz ပြောထားတဲ့စကားလို၊ လူတွေက သင်ဘယ်လောက်‌‌ဝေးဝေးသွားနိုင်တယ်ဆိုတာ သံသယရှိနေတယ်ဆိုရင် ထိုလူတွေရဲ့အသံကိုမကြားနိုင်တော့လောက်တဲ့အထိ ခပ်ဝေးဝေးကိုသာ ရောက်အောင်သွားလိုက်ပါတဲ့။
“သင်ကို အသုံးမကျဘူးလို့ ထင်နေတဲ့လူတွေအတွက် သင်လုပ်နိုင်တဲ့တစ်ခုတည်းသောအရာက အသုံးကျအောင်ကြိုးစားပြလိုက်ဖို့ပါပဲ။”
အပေါ်ယံကြည့်ပြီးအထင်သေးတတ်တဲ့သူဟာ အမြဲတမ်းကိုယ့်ကိုအထင်သေးဆက်ဆံနေမှာပဲ။ ကိုယ့်တန်ဖိုးကိုမှ သူမသိတာကိုး။ အပေါ်ယံအသွင်အပြင်ကို အများကြီးမခံစားဘဲ တန်ဖိုးကိုနားလည်တဲ့သူအတွက်ကတော့ အပေါ်ယံဆိုတာ ဟန်ဆောင်ဖုံးကွယ်မှုလည်းဖြစ်နေနိုင်တာကို သူတို့ကနားလည်ပြီးသားပါ။
ကိုယ့်တန်ဖိုးကိုနားလည်တဲ့သူဟာ ကိုယ်ဘယ်လောက်နိမ့်ကျတဲ့ဘဝဖြစ်နေပါစေ၊ ကိုယ့်တန်ဖိုးကို သိပါတယ်။ ကိုယ့်တန်ဖိုးကို မသိတဲ့လူတွေကို ဘာကြောင့်ရှောင်ရမလဲဆိုရင် သူတို့ကမှ ကိုယ့်တန်ဖိုးကို မသိတာလေ၊ ကိုယ်က တန်ဖိုးရှိပါတယ်လို့ လိုက်ပြောပြရှင်းပြနေလည်း အပိုပါပဲ။ အဲလိုတော့မဟုတ်ဘူး....”ငါက နင်တို့ထင်သလို အလကားလူမဟုတ်ဘူး၊ တန်ဖိုးရှိတယ်ဟဲ့” ဆိုပြီး ရှင်းပြနေလို့လည်း အချိန်ကုန်ရုံပဲရှိပါတယ်။ တန်ဖိုးမသိတဲ့အတွက်ကြောင့်ကို တန်ဖိုးထားမှာမဟုတ်ပါဘူး။ ကိုယ့်တန်ဖိုးကိုမသိတဲ့အပြင် သူတို့က ကိုယ့်ကိုလည်း အထင်သေးတတ်ပါသေးတယ်။ အဲဒီလို တန်ဖိုးမသိတဲ့လူအနားမှာ အချိန်တွေအများကြီး ရင်းနှီးပြီး နေလိုက်ခြင်းဟာ ကိုယ့်တန်ဖိုးကို ပိုပြီးတိုးတက်လာအောင်လုပ်ဖို့အခွင့်အရေးတွေအများကြီးဆုံးရှုံးစေပါတယ်။
အဲဒါအပြင် ကိုယ့်ကို အထင်သေးနေတဲ့အတွက် ကိုယ့်ကို အပြစ်တင်တဲ့စကား၊ ချိုးနှိမ်တဲ့စကားမျိုးတွေ၊ လှောင်ပြောင်တွေစကားမျိုးတွေနဲ့ ကိုယ့်နှလုံးသားကို ချိုးဖျက်နိုင်ပါသေးတယ်။ အဲဒီ့အတွက် ကိုယ့်တန်ဖိုးကိုမသိတဲ့လူအနားမှာ အနေကြာလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်အမှန်တကယ် အသုံးမဝင်တဲ့လူတစ်ယောက်အဖြစ် ခံစားမိရင်း စိတ်ကျလာနိုင်ပါသေးတယ်။ ကိုယ့်အရည်အချင်းတွေလည်း မတိုးတက်တော့ဘူးပေါ့။ အဲဒါကြောင့် ကိုယ့်ကို တန်ဖိုးမထားတတ်တဲ့သူတွေကို ကိုယ်ကလည်း ရှောင်ကျဥ်သင့်ပါတယ်လို့ပြောတာပါ။ အဲဒီလိုလူတွေဟာ တနည်းအားဖြင့်တော့ တန်ဖိုးထားဖို့ မထိုက်တန်တဲ့လူတွေပါပဲ။ သူတို့ရဲ့တန်ဖိုးသတ်မှတ်ပုံနဲ့ ကိုယ့်ရဲ့တန်ဖိုးသတ်မှတ်ပုံခြင်းကမတူတဲ့အတွက် ရေရှည်မှာ ဆက်ဆံပေါင်းသင်းလို့အဆင်မပြေနိုင်ပါဘူး။
အဲဒါကြောင့် ကျွန်မတို့ဘဝမှာ ကျွန်မတို့ရဲ့တန်ဖိုးကို သေချာနားလည်ပြီး တန်ဖိုးထားဖို့ ထိုက်တန်တဲ့လူကိုသာ တန်ဖိုးထားသင့်ပါတယ်။ ကျွန်မတို့ကို တန်ဖိုးမထားတဲ့သူကို ရှောင်ကျဥ်ခြင်းဟာ အပြစ်တစ်ခုမဟုတ်ပါဘူး။ ကိုယ့်ဘဝအတွက် လုပ်သင့်လုပ်ထိုက်တာကို လုပ်ခြင်းပါပဲ။ လူသားတစ်ယောက်အနေနဲ့ ကိုယ့်ကိုတန်ဖိုးထားပြီး နားလည်တဲ့သူမှသာ ကိုယ့်ရဲ့တန်ဖိုးထားမှုနဲ့ အပြန်အလှန်ကိုက်ညီအကျိုးရှိစေမှာမဟုတ်လား။ အဲဒီ့အတွက် ကိုယ့်တန်ဖိုးကိုနားမလည်တဲ့လူတွေအတွက် အာရုံနှောက်မခံပါဘဲ သူတို့မလုပ်နိုင်ဘူးလို့အထင်သေးထားတဲ့အရာကို ကိုယ်တကယ်လုပ်နိုင်ကြောင်းလုပ်ပြပြီးပျော်ရွှင်ကြည့်လိုက်ပါနော်။ The greatest pleasure in life is doing what people say you cannot do.” ဆိုတာမမေ့လိုက်ပါနဲ့။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။