သင့်ရဲ့ passion ကို professional ဖြစ်အောင် ဘယ်လိုပြောင်းမလဲ။

Passion က အရမ်းအံ့သြစရာကောင်းပါတယ်။ သင့်ရဲ့အတွင်းစိတ်ထဲက တစ်စုံတစ်ရာကို ပိုပြီးထက်မြက်လာစေတယ်။ သင့်ကိုလည်း အမြဲတက်ကြွဖြတ်လတ်လာစေပါတယ်။ နောက်ဆုံးကမ္ဘာကြီးကိုလည်း ပြောင်းလဲပစ်နိုင်တဲ့အထိပါပဲ။ တခါတရံမှာ သင့်ရဲ့ရှုပ်ထွေးမှုတွေကနေ သင့်ရဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေပေါ်ထွက်လာတတ်ပါတယ်။ အဲဒါကြောင့် လူတော်တော်များများက သူတို့ရဲ့အလုပ်တွေပြီးဆုံးတဲ့အခါ သူတို့ရဲ့နှစ်သက်ရာတခုခု၊ သူတို့ကို ပျော်ရွှင်စေတဲ့အရာ၊ စိတ်အာရုံကိုနှိုင်းဆွပေးနိုင်တဲ့ ဝါသနာတစ်ခုခုကို လုပ်နေတတ်ကြပါတယ်။ အဲလိုကိုယ်က အပျော်တမ်းသဘောထားပြီး လုပ်နေတဲ့အရာက အသက်မွေးဝမ်းကျောင်းတဲ့အထိ ဖြစ်အောင်လုပ်မယ်လို့ တွေးဖူးကြရဲ့လား။ အဲလိုသာဆိုရင် ဘယ်လောက်များ ဘဝက နေပျော်စရာကောင်းလိုက်မလဲ၊ ဘဝက ဘယ်လောက်အဓိပ္ပါယ်ရှိလိုက်မလဲ။


၁) စတင်ဖို့လိုပါတယ်။
ကိုယ်လုပ်ချင်တာတွေ မလုပ်ရရင်၊ ကိုယ်ပုံဖော်ချင်တာတွေ မလုပ်ရရင် ကိုယ့်ကိုကိုယ်ရှုံးနိမ့်နေတဲ့လူတစ်ယောက်လို ခံစားလာတတ်ပါတယ်။ ကိုယ့်ဘဝကလည်း အဓိပ္ပါယ်မရှိသလိုမျိုး ထင်လာတတ်ပါတယ်။ ရှင်သန်နေရတာ ထမင်းစားဖို့၊ အလုပ်လုပ်တယ်၊ အလုပ်လုပ်ဖို့ ထမင်းစားတယ်ဆိုတာမျိုးပေါ့။ အဲဒီလိုခံစားချက်မျိုးမခံစားရအောင် သင့်ဘဝကို အဓိပါ္ပယ်ရှိအောင်ဖန်တီးဖို့လိုပါတယ်။ အလုပ်လုပ်တယ်၊ ထမင်းစားတယ်၊ လေ့လာသင်ယူတယ်၊ အဓိပ္ပါယ်ရှိစွာ ဘဝကို ကုန်ဆုံးဖို့ပေါ့။ အဲဒါကြောင့် “ငါလုပ်ချင်တာတွေဖြစ်မလာဘူး” လို့ ထိုင်ညည်းနေမယ့်အစား ခုပဲ စတင်လိုက်ပါ။ သင်ပြောင်းလဲချင်တဲ့အရာကို ခုပဲ ပြောင်းလဲပစ်လိုက်ပါ။ တစ်ခုခုကို ခြားနားသွားအောင် လုပ်ဖို့ သင်ရွေးချယ်နိုင်ပါတယ်။ ဖြစ်ချင်စိတ်ပဲလိုပါတယ်။ အိပ်မက်မက်နေတာထက်စာရင် ခုချက်ချင်း ကိုယ့်အိပ်မက်နဲ့ပတ်သက်တဲ့တစ်စုံတစ်ရာကို ချက်ချင်း စတင်အကောင်အထည်ဖော်လိုက်ပါ။

၂) ကုန်ကျစရိတ်ကို တွက်ချက်ပါ။
များသောအားဖြင့် လူငယ်တွေကပြောတတ်ကြပါတယ်။ အိပ်မက်တွေက ဈေးကြီးတယ်တဲ့။ အခြေခံလူတန်းစားများတဲ့မြန်မာနိုင်ငံမှာ အိပ်မက်တွေမက်ဖို့တောင်ငွေတွေအများကြီးလိုပါတယ်။ ဒါပေမယ့် ငွေမရှိလို့ဆိုပြီး အိပ်မက်ကိုလက်လွှတ်ပြီး ကိုယ်မကြိုက်တဲ့၊ ကိုယ့်ရဲ့ထမင်းစားရပ်တည်ရေးအတွက်ပဲ သေတဲ့အထိ အလုပ်လုပ်နေမယ်ဆိုရင်ကော ဘဝက အဓိပ္ပါယ်ရှိပါ့အုံးမလား။ အဲဒီ့တော့ ဘာလုပ်ရမလဲ။ ကိုယ်ဖြစ်ချင်တဲ့အိပ်မက်ကိုလည်း သိရမယ်၊ ကုန်ကျစရိတ် ဒါမှမဟုတ် စတေးရမယ့်အရာတွေကိုလည်း သိရပါလိမ့်မယ်။ သိထားမှ ဘယ်လိုသွားနိုင်မလဲဆိုတာကို စဉ်းစားနိုင်ပါလိမ့်မယ်။ သင်က သင်ဖြစ်ချင်တဲ့အရာကို ဖြစ်အောင်လုပ်ဖို့ ငွေမတတ်နိုင်ဘူးဆိုရင် ငွေရဖို့အတွက် ခိုင်မာတဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုခုကို လုပ်ကိုလုပ်ရပါလိမ့်မယ်။ သင်က အဆိုတော်ဖြစ်ချင်တယ်ဆိုပါတော့။ တစ်ဖက်မှာ ဝင်ငွေရတဲ့လခစားအလုပ်တစ်ခုကို တစိုက်မတ်မတ်လုပ်နေမယ်၊ တဖက်က အဆိုသင်တန်းတခုခုတက်မယ်၊ အားလပ်ချိန်မှာ သီချင်းတွေရေးမယ်၊ သီချင်းစပ်မယ်၊ သင့်ဝါသနာကိုသွေးထားမယ်၊ သင့်အရည်အချင်းကို ပိုပြီးထက်မြက်လာအောင်လုပ်မယ်၊ သင့်ဝါသနာအတွက် ရည်မှန်းပြီး ငွေစုနိုင်သလောက်စုမယ်၊ အဆိုပြိုင်ပွဲတချို့ဝင်ပြိုင်ကြည့်မယ် စသဖြင့်ပေါ့။
အိပ်မက်တွေက ဈေးကြီးတယ်ဆိုတိုင်း သင်မမေ့သင့်တာတခုရှိပါတယ်။ အရည်အချင်းအစစ်အမှန်မရှိတဲ့သူတစ်ယောက်အတွက် ငွေတွေအများကြီးပုံပေးပြီး ဖြစ်တည်လာလည်း အခြေမခိုင်တဲ့တိုက်လိုပဲ လေပြင်းဒဏ်ကြာကြာခံနိုင်မှာမဟုတ်ပါဘူးနော်။

၃) သင်ဖြစ်ချင်တဲ့အရာကိုလုပ်တဲ့အခါမှာ ရည်ရွယ်ချက်ကောင်းတွေပါပါစေ။
ဥပမာ သင်က သီချင်းစပ်တယ်ဆိုရင် သီချင်းထဲမှာ အခြားသူတစ်ယောက်အတွက် ကောင်းမွန်တဲ့မက်ဆေ့ပေးလိုက်တာမျိုး၊ စာတစ်ပုဒ်ရေးလိုက်တယ်ဆိုရင် အခြားသူအတွက် အသိပညာရစရာတခုခုထည့်ရေးတာမျိုး၊ သုတရသတစ်ခုခုပေးတာမျိုးပေါ့။ ပြောချင်တာက ကိုယ်လုပ်လိုက်တဲ့အလုပ်အပေါ်မှာ စေတနာလေးထည့်ပြီးလုပ်ဖို့ပါ။ အဲလိုစေတနာနဲ့လုပ်လိုက်တဲ့အလုပ်က အခြားအရာတွေထက်ကို ထင်ရှားလာတတ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ကိုယ်ပေးလိုက်တဲ့အရာ၊ ကိုယ့်စေတနာကို အခြားသူတစ်ယောက်က သိသွားတယ်ဆိုတဲ့အရသာ၊ ခံစားချက်၊ ပီတိက ဘာနဲ့မှ မလဲနိုင်ပါဘူး။
နောက်တစ်ခုက သင့်ရဲ့ဖန်တီးမှုမှန်သမျှကို ဖော်ပြမယ့် ကြားခံနယ်ကိုသိဖို့လိုပါတယ်။ ခုခေတ်မှာဆိုရင် ဖေ့ဘုတ်က အရမ်းကိုလူသုံးများလာတဲ့အတွက် သင့်ရဲ့ ဖန်တီးမှုတစ်ခုခုကို၊ အပြင်မှာ လုပ်ပြီး ဖေ့ဘုတ်မှာ ပြသလိုက်တာမျိုးကလည်း အရမ်းကိုထိရောက်နိုင်ပါတယ်။

၄) ကန့်သတ်ရက်တစ်ခုကို သတ်မှတ်ပြီး ပြန်သုံးသပ်လေ့လာပါ။
သင်ဖြစ်ချင်တာတွေကို သိတယ်၊ စတင်နေပြီ၊ လုပ်ဆောင်နေပြီ ဆိုပေမယ့် ဘယ်တော့မှ အကောင်အထည်ပေါ်လာမယ်မှန်းမသိတာမျိုးကတော့ မဖြစ်သင့်ပါဘူး။ အဲဒါကြောင့် ဘယ်နေ့လောက်တော့ ခန့်မှန်းချေ အကောင်အထည်ဖော်နိုင်အောင် ကြိုးစားမယ်ဆိုပြီး သင့်ကိုယ်သင်သတ်မှတ်ထားသင့်ပါတယ်။ အဲနေ့မတိုင်မီ သင့်ရဲ့ငွေကြေးကို အဆင်သင့်ဖြစ်အောင် စုဆောင်းထားတာမျိုး၊ သင့်ရဲ့အရည်အချင်းကို ပိုပြီး ထက်မြက်လာအောင်လုပ်ဆောင်နေတာမျိုး၊ သင်သတ်မှတ်ထားတဲ့ရက်မှာ သင်အခြားသူတွေကို ချပြချင်တာတွေအတွက်လုပ်ဆောင်နေတာမျိုးတွေ လုပ်ထားသင့်ပါတယ်။ သင့်ရဲ့တစ်နေ့တာအချိန်ကိုပြန်သုံးသပ်သင့်ပါတယ်။ သင့်ရဲ့တစ်နေ့တာအချိန်မှာ သင့်စားဝတ်နေရေးအတွက် ပုံမှန်အလုပ်ချိန် ၈နာရီကုန်ဆုံးပြီးတဲ့အခါ အခြား ဘတ်စ်ကားစီးတဲ့အချိန်၊ ရေချိုး၊ထမင်းစား၊ လက်ဖက်ရည်သောက်ချိန်၊ အိမ်မှုကိစ္စလုပ်ချိန်တွေကို သေချာစီစစ်ကြည့်လိုက်ပါ။ ဘယ်အချိန်တွေမှာတော့ သင်အလကားဖြုန်းတီးနေမိပါသလဲ သေချာမလိမ်တမ်း ကိုယ့်ကိုကိုယ်မေးပါ။ အဲလိုအချိန်ကို စီစစ်လိုက်တဲ့အခါ မလိုအပ်ဘဲ ဖြုန်းနေမိတဲ့အချိန်တွေကို ကိုယ့်ဖန်တီးမယ့်အရာအတွက် အချိန်သတ်မှတ်လိုက်ပါ။ တစ်နေ့နည်းနည်းချင်းစီ လုပ်ဖြစ်အောင်လုပ်သွားခြင်းက အချိန်ကာလတစ်ခုအရောက်မှာ အကောင်အထည်တစ်ခုတော့ဖြစ်တည်လာတာပါပဲ။ ဘဝမှာ ဘာမှဖြစ်ချင်စိတ်မရှိတဲ့သူတွေထက်စာရင်တော့ တစ်စုံတစ်ခုရယ်လို့ဖြစ်ချင်စိတ်ရှိတဲ့သူတွေက ပိုရုန်းကန်ရတာထုံးစံပါပဲ။ ပင်ပန်းလိုက်တာလို့တွေးမိတဲ့အခါ ကိုယ်သွားနေတာက ပန်းတိုင်တစ်ခုကို အဓိပါ္ပယ်ရှိစွာလျှောက်လှမ်းနေတာမို့ တကယ်ကြိုးစားတဲ့အခါ ပင်ပန်းရကျိုးနပ်လာမှာပါ။

၅) အရှုံးတွေကို ပွေ့ဖက်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပါ။
သင့်ဝါသနာ၊ သင့်စိတ်ဆန္ဒအစစ်အမှန်ကို ပုံဖော်ဖို့ကြိုးစားတဲ့အခါ ကျရှုံးမှုကို ကြုံရမှာ သေချာပါတယ်။ ဘယ်အရာမဆို စစချင်းမှာ လက်ခံနိုင်သူထက် အပြစ်ပြောတဲ့သူများတာ လူ့သဘာဝပါပဲ။ လက်ခံလာအောင်ကြိုးစားရမှာ ကိုယ့်တာဝန်ပါ။ ကိုယ်ပုံဖော်ချင်တာကို ပြင်ဆင်နေတဲ့အချိန်မှာ သင့်စိတ်ထဲ ကျရှုံးမှုအတွက်လည်း ခံနိုင်ရည်ရှိအောင် ကြိုတင်ပြင်ဆင်ထားပါ။ ဝေဖန်တိုက်ခိုက်မှုကို ဘယ်လိုတုံ့ပြန်မလဲ၊ ဘယ်လိုဝေဖန်မှုတွေကိုကျတော့ ကိုယ့်အတွက်ပြန်ပြင်ဆင်ဖို့ ခွန်အားယူမလဲဆိုတာမျိုး ကြိုတွေးထားပါ။ အရှုံးကို ရဲရဲဝံ့ဝံ့ပွေ့ဖက်နိင်ဖို့ ကြိုးစားပါ။ ကျရှုံးမှုဆိုတာက ယူတတ်ရင် အကျိုးရလဒ်ဖြစ်နိုင်ပါတယ်။ ကျရှုံးမှုတွေထဲက ဘာကို ပြန်ပြီးပြင်ဆင်မလဲ၊ ဘာကို ပြန်သင်ယူမလဲဆိုတာပေါ်မူတည်ပြီး နောက်တစ်ကြိမ်ကြိုးစားမှုက ပိုပြီးအရည်အသွေးတောက်ပလာနိုင်ပါတယ်။

ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိခြင်းက သင့်ရဲ့ဘဝမှာ ဖြစ်ချင်တာတွေ၊ ပုံဖော်ချင်တာတွေဖြစ်လာဖို့အတွက် နံပါတ်တစ်အရေးကြီးဆုံးအရာပဲဖြစ်ပါတယ်။ အထက်ကဖော်ပြထားသလို တဆင့်ချင်းကြိုးစားတဲ့အခါ သင်တကယ်ဆန္ဒပြင်းပြစွာ ဖြစ်ချင်တဲ့အရာတွေက တဖြေးဖြေးချင်းပုံပေါ်လာမှာပါ။ ဇွဲရှိစွာနဲ့ နေ့ရက်တိုင်းမှာ ကြိုးစားသွားဖို့တော့လိုပါတယ်။ နေ့ရက်တိုင်းမှာ နည်းနည်းချင်း ဖြေးဖြေးကြိုးစားသွားခြင်းက သင့်အရည်အသွေးကိုလည်း ပိုပြီးထက်မြက်လာစေပါတယ်။ သင့်ရဲ့တန်ဖိုးကိုသိတဲ့သူ၊ သင့်ရဲ့အရည်အသွေးနဲ့ကိုက်ညီတဲ့နေရာတစ်ခုကို တဖက်တလမ်းကနေ အမြဲရှာဖွေနေပါ။ ကိုယ်တကယ်ဖြစ်ချင်တဲ့အရာကို အကောင်အထည်ဖော်လို့ရတဲ့အခွင့်အရေးကို လက်လွှတ်မခံပါနဲ့၊ သင့်အရည်အသွေးတိုးတက်လာချိန်မှာ အခွင့်အရေးပေးလာတာနဲ့ကြုံတဲ့အခါ သင့်ရဲ့ passion ကနေ profession အဖြစ်ရောက်သွားနိုင်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။