နေဝင်သွားတဲ့အခါ မငိုပါနဲ့၊ မျက်ရည်တွေကြောင့် ကြယ်တွေကို မမြင်ရဘဲနေပါလိမ့်မယ်။

ဒီစကားလေးဟာ အများကြီးအဓိပ္ပါယ်တွေရှိပါတယ်။ ကိုယ့်ဘဝမှာ နေဝင်သွားပြီလို့ ထင်ရတဲ့အချိန်တွေအများကြီးကို ကြုံဖူးရမှာပါ။ အဲဒီ့အခါ နေဝင်သွားလေခြင်း…..တနည်းအားဖြင့် ရှုံးနိမ့်သွားလေခြင်း၊ ကျဆုံးသွားလေခြင်းဆိုတဲ့ ဝမ်းနည်းစိတ်ကြောင့် မျက်ရည်ကျနေမယ်ဆိုရင် မျက်ရည်တွေကြောင့်ပဲ နေဝင်ချိန်မှာ ပေါ်ထွက်လာမယ့် ကြယ်တွေနဲ့တူတဲ့ (အဆိုးတွေထဲက အကောင်းတွေကို) မမြင်နိုင်ဘဲ နေလိမ့်မယ်လို့ ဆိုလိုချင်တာပါ။


အဆိုးတွေ ကြုံနေပါတယ်ဆိုမှ ဘယ်အကောင်းတွေရှိပါ့မလဲလို့ တွေးစရာရှိပါတယ်။ မဟုတ်ပါဘူး…...တကယ်တော့ ဘဝရဲ့ ကြုံလာသမျှတိုင်းမှာ ယူတတ်ရင် တစ်ခုခုတော့ သင်ခန်းစာရသွားတာချည်းပါပဲ။
ပေါ်လီယာနာဖတ်ဖူးကြမယ်ထင်ပါတယ်။ အကောင်းမြင်စိတ်ဆိုတာကိုလည်း ကြားဖူးကြမှာပါပဲ။ တကယ်လိုက်နာဖို့ကျတော့ ခက်ခဲပါတယ်။ အကောင်းမြင်စိတ်ဆိုတာက ဘယ်အခြေအနေကြုံကြုံ ပြုံးပြုံးကြီး မျက်နှာသေနဲ့ နေခိုင်းတာမျိုးမဟုတ်ပါဘူး။

ကြုံလာတဲ့အခြေအနေတွေထဲမှာမှ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေထိုင်တာမျိုးပါပဲ။ ဥပမာ။ သင်က လက်ကျိုးသွားတယ်ဆိုပါစို့၊ လက်ကျိုးတာက မကောင်းတဲ့အခြေအနေတစ်ခုပါပဲ၊ ဒါပေမယ့် အဲဒီ့ဆိုးဝါးတဲ့အခြေအနေမှာမှ လက်နှစ်ဖက်လုံးမကျိုးဘဲ တစ်ဖက်ထဲကျိုးသွားတာက ကျန်တဲ့လက်တစ်ဖက်နဲ့ သင်လုပ်ချင်တာလုပ်လို့ရနိုင်သေးတယ်မဟုတ်လား၊ အဆိုးထဲက အကောင်းကိုမြင်အောင်ကြည့်ဆိုတာလည်း ဒီသဘောပါပဲ၊ Violeta Parra ပြောတဲ့ “ Don't cry when the sun is gone, because the tears won't let you see the stars” ဆိုတာကလည်း ဒီသဘောတရားပါပဲ။ နေဝင်သွားပေမယ့် ညဘက်မှာထွက်တဲ့ကြယ်လေးတွေကိုတော့ မြင်အောင်ကြည့်တတ်ဖို့ ငိုနေလို့တော့မဖြစ်ဘူးလေနော်။
‌ပြောချင်တာက လူအတော်များများဟာ စိတ်ညစ်စရာ၊ အဆိုးတွေ၊ စိတ်ဆင်းရဲမှုတွေနဲ့ ကြုံလာရင် အဲဒီ့အဆိုးတွေထဲမှာတင် သံသရာလည်ပြီးအတွေးလွန်နေတတ်ကြပါတယ်။ မငိုရဘူး၊ ဝမ်းနည်းရဘူး၊ စိတ်မညစ်ရဘူးလို့ မဟုတ်ပါဘူးနော်၊ ပုထုဇဥ်ဖြစ်တဲ့အတွက်ကြောင့်ကို ခံစားပါ၊ နာကျင်ပါ၊ ဝမ်းနည်းပါ။ ဒါပေမယ့် အဲဒါနဲ့တင် မရပ်တန့်သွားပါနဲ့။ အချိန်တစ်ခုအရောက်မှာ ပြန်ပြီး နလန်ထူနိုင်အောင် ကိုယ်တိုင်ပဲကြိုးစားမှရမယ်ဆိုတာကို သိပါ။

ကိုယ်တိုင်က မထချင်တဲ့ လဲနေသူကို ဘယ်သူကမှ တွဲထူပေးလို့မရပါဘူး။ ကိုယ်တိုင်လှေကားပေါ်မတက်ချင်တဲ့လူကို ဘယ်သူမှ အပေါ်ရောက်အောင် မတင်ပေးနိုင်ပါဘူး။ အဲဒါကြောင့် နေဝင်သွားလို့ဆိုပြီး ငိုမဆုံးဖြစ်နေရင်တော့ ညဘက်ထွက်လာမယ့်ကြယ်လို အခွင့်အ‌ရေးကောင်းတွေကိုပါ လက်လွှတ်သွားနိုင်ပါတယ်။
အဲဒါကြောင့် ကိုယ့်ဘဝမှာ နေဝင်သွားသလို ရှုံးနိမ့်ချိန်ကြုံလာခဲ့ရင် ခံစားသင့်တာ ခံစားပါ၊ ဒါပေမယ့် ရှုံးနိမ့်ခြင်းနဲ့တော့ ဇာတ်မသိမ်းလိုက်ပါနဲ့၊ ကြုံလာရတဲ့အဆိုးတွေထဲကနေ ကောင်းတဲ့သင်ခန်းစာကို ရွေးယူပြီး ပြန်လည်ကြိုးစားပါ။ အဲဒီ့အခါ သင်ပြန်ပြီးအနိုင်ရနိုင်ပါသေးတယ်လို့ အားပေးလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။