Stay Home ကာလမှာ ကလေးငယ်တွေအတွက် ပုံပြင်တိုလေးများ
အခုလိုမျိုး အိမ်တွင်းအောင်းနေကြရတဲ့ကာလမှာ သားသားမီးမီးတွေ လက်လက်ထအောင်ဆော့လွန်းလို့ မေမေတွေစိတ်ညစ်နေကြပြီလား။ ကလေးတွေရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းတိုးတက်စေဖို့၊ စိတ်ကူးဉာဏ်ကွန့်မြူးနိုင်စေဖို့၊ ငြိမ်ငြိမ်လေးထိုင်ပြီး ပြောစကားနားထောင်နိုင်စေဖို့ ခုလိုအချိန်မျိုးမှာ ပုံပြင်လေးတွေပြောပြပေးပါ။ ပုံပြင်လေးတွေပြောပြပေးခြင်းဟာ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို ပံ့ပိုးပေးနိုင်သလို နောင်တစ်ချိန်မှာ ကလေးရဲ့စာဖတ်ကျင့်ဖြစ်လာစေဖို့ အခြေခံအကြောင်းအရာလည်းဖြစ်ပါတယ်။ အဲဒါကြောင့် Stay Home ကာလမှာ ကလေးငယ်တွေအတွက် ပုံပြင်တိုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁) ကုန်သည်နဲ့ သူ့ရဲ့ မြည်း ကုန်သည်တစ်ယောက်ဟာ ဆားအပြည့်ထည့်ထားတဲ့ အိတ်၂လုံးကို မြည်းရဲ့ကျောပေါ်တင်ပေးလိုက်ပြီး မြည်းနဲ့အတူ စျေးမှာ ဆားရောင်းဖို့ ထွက်လာခဲ့ပါတယ်။ လမ်းတစ်ဝက်မှာ မြစ်ကိုဖြတ်ကျော်ရပါတယ်။ မြည်းဟာ ရေထဲဆင်းလမ်းလျှောက်ရပါတယ်။ ရေလယ်လောက်အရောက်မှာ မြည်းဟာမတော်တဆ ခြေခေါက်လဲပါတော့တယ်။ အဲဒီ့အခါ ကျောပေါ်ကဆားတွေရေစိုကုန်ပါတော့တယ်။ ဟိုဘက်ကမ်းအရောက်မှာ သူ့ရဲ့ကျောပေါ်က ဆားတွေက အရည်ပျော်ကုန်တဲ့အတွက် အိမ်က ထွက်လာကာစကထက် ပိုပြီးပေါ့ပါးသွားပါတယ်။ အဲဒါနဲ့ ကုန်သည်ဟာလည်း ဆားတွေအရည်ပျော်ကုန်တဲ့အတွက် မြည်းကို ဆွဲရင်း အိမ်ကိုပြန်လှည့်ပြီး တခါ မြည်းရဲ့ကျောပေါ်ကို ဆားထုပ်တွေပြန်တင်၊ စျေးထဲကို တစ်ခါ ပြန်သွားဖို့လုပ်ပြန်ပါတယ်။ ရေလယ်ဖြတ်ရတဲ့အခါ ပထမအခေါက်တုန်းကလိုပဲ ရေထဲကို မြည်းဟာ ချော်ကျပြန်ပါတယ်။ ကုန်သည်ဟာလည်း မြည်းကိုပြန်ခေါ်ကာ အိမ်ပြန်ရပြန်ပါတယ်။ မြည်းဟာ ရေထဲချော်ကျလိုက်ရင် ကျောပေါ်က အထုပ်ကပေါ့သွားတာကို သဘောပေါက်သွားပြီး အိမ်ပြန်လိုက် ဆားထုပ်တင်လိုက်၊ ရေလည်မှာချော်ကျလိုက်နဲ့ လုပ်ပြန်ပါတယ်။ မြည်းရဲ့တမင်လုပ်ပုံကို သိသွားတဲ့အခါ ကုန်သည်ဟာ သူ့ရဲ့မြည်းကို ပညာပေးဖို့ တွေးလိုက်ပါတယ်။ အဲဒီလိုနဲ့ ၄ခေါက်မြောက်အိမ်ပြန်ချိန်မှာတော့ မြည်းရဲ့ကျောပေါ်ကို ဆားတွေမတင်တော့ဘဲ ဝါဂွမ်းတွေ အပြည့်ထည့်ကာ မြည်းရဲ့ကျောပေါ်တင်ပေးလိုက်ပါတော့တယ်။ ပထမအခေါက်တွေလိုပဲထင်နေတဲ့မြည်းဟာ ရေလယ်ခေါင်အရောက်မှာ ချော်ကျသလို ဟန်ဆောင်လိုက်ပြန်ပါတယ်။ အဲဒီ့အခါမှာတော့ မြည်းရဲ့ကျောပေါ်ကအထုပ်ဟာ အရင်အခေါက်တွေလို မပေါ့တော့ဘဲ ဝါဂွမ်းတွေေ၇စိုကုန်တာဖြစ်တဲ့အတွက် ပိုပြီးလေးလံသွားပါတော့တယ်။ ပေါ့ပါးမယ်ထင်ပြီး ရေထဲချော်ကျဟန်ဆောင်တဲ့မြည်းဟာလည်း ခုတစ်ခါမှာတော့ ကုန်သည်ရဲ့ပညာပေးခြင်းကိုခံရပြီး လေးလံတဲ့ဂွမ်းတွေကို သယ်ကာ အိမ်ပြန်လာရပါတော့တယ်။ ဒီပုံပြင်လေးဟာဆိုရင် ဘဝမှာလည်း အမြဲလို လူလည်ကျပြီး တပါးသူအပေါ်လူလည်လုပ်ခြင်းဟာ အမြဲတမ်း အသာစီးရနေမှာမဟုတ်ပါဘူး လို့ပြောချင်တာဖြစ်ပါတယ် ။ တခါမဟုတ်တခါတော့ ပြန်ပြီး ကိုယ့်အလှည့်ရောက်လာတတ်ပါတယ်ဆိုတာကို ပြောပြထားတာပဲဖြစ်ပါတယ်။ ငါတော့လည်လှချည်ရဲ့ ကိုထင်ပြီး တပါးသူအပေါ် လူလည်ကျသူအများစုဟာ နောက်ဆုံးမှာ ကိုယ့်အလှည့်ပြန်ရောက်မယ်ဆိုတာ မမေ့စေချင်ပါဘူး။
နောက်တစ်ပုံ၃) တပါးသူရဲ့အပေါ်ယံသွင်ပြင်ကို မဝေဖန်မိပါစေနဲ့။ တော်အုပ်တစ်ခုရဲ့အလယ်မှာ နှင်းဆီပင်တစ်ပင်ဟာ နှင်းဆီပန်းပွင့်တွေနဲ့ လှပစွာဖူးပွင့်နေပါတယ်။ နှင်းဆီပန်းတွေကိုကြည့်ပြီး ဘေးမှာရှိတဲ့ထင်းရှုးပင်ဟာ အားကျနေမိပါတယ်။ “ဟယ် နှင်းဆီပန်းတွေကလှလိုက်တာ၊ ငါ့စိတ်ထင်တစ်ထောတစ်ခုလုံးမှာ ဒီနှင်းဆီပန်းပင်ကသာအလှဆုံးလို့ထင်တာပဲ၊ ငါတို့ကျတော့လည်း ဘာမှကို လှပတဲ့အရာမရှိပါလားနော” လို့ညည်းတွားလိုက်ပါတယ်။ အဲဒီ့အသံကိုကြားတဲ့အခါ အခြားသောအပင်တွေက ဝိုင်းပြောအားပေးကြပါတယ်။ “အို...အားမငယ်ပါနဲ့ထင်ရှုးပင်ရယ်။ လောကမှာ လူတိုင်းကပြည့်စုံတယ်ဆိုတာမရှိပါဘူး။ အားလုံးအားနည်းချက်အားသာချက်ဆိုတာရှိတာ” လို့ပြန်ပြောကြပါတယ်။ အဲဒီ့အခါ နှင်းဆီပင်က မခံနိုင်ဘဲ “အို.....ဒီတောထဲမှာ ငါကအလှဆုံးမို့ အလှဆုံးပြောတာပေါ့။ ဘာတွေမနာလိုဖြစ်နေတာ” ဟု ဒေါသတကြီးပြန်ပြောလိုက်ပါတယ်။ အဲဒီ့အခါ အခြားအပင်တွေက ပြောပါတယ်။ “အို.....အပင်တိုင်းမှာ သူ့ဟာနဲ့သူအလှတရားရှိကြတာပါပဲ။ နင့်ကိုယ်နင်အလှဆုံးလို့ဘာလို့ပြောနိုင်တာ” လို့ပြန်မေးကြပါတယ်. အဲဒီ့အခါနှင်းဆီပင်က ပြန်ပြောပါတယ်။ “အို.....ဘာလို့မပြောနိုင်၇မှာလဲ။ အပင်တိုင်းက ငါ့ကိုကြည့်ပြီး အားကျနေကြတာပဲဟာ။ ဟိုမှာကြည့်လိုက်အုံး၊ ဂန္ဓာရဆူးပင်တွေဆို ပိုဆိုးသေး.....သူတို့က ဒီတောထဲမှာ ရုပ်အဆိုးဆ့ုးအပင်တွေပဲလေ။ သူတို့နဲ့ယှဥ်ကြည့်ပါလား” လို့ မောက်မာစွာပြန်ဖြေလိုက်ပါတယ်။ င်းရှုးပင်က ဆူးပင်တွေဘက်ကနေ ပြန်ပြောပါတယ်။ “ အို......ဘယ်လိုပြောလိုက်တာလဲ၊ ဆူးပင်တွေက ရုပ်ဆိုးတယ်ဆို၇င် နင်ကေ၇ာဘာထူးသေးလို့လဲ၊ နင်လည်းဆူးပင်တစ်မျိုးပဲမဟုတ်လား၊ ” “အို.....ကိုယ်တွေက ဆူးပင်ပေမယ့် အများကြီးလှတယ်၊ သူတို့နဲ့တခြား” လို့ နှင်းဆိပင်က မောက်မာစွာပြန်ပြောပါတယ်။ မကြာခင်မှာပဲ အရမ်းကိုပူပြင်းတဲ့နွေရာသီကိုရောက်လာပါတော့တယ်။ နှင်းဆီပင်ဟာ အပူဒဏ်ကြောင့် ညိုးနွမ်းပြီး အပွင့်တွေကြွေကျပြိး မလှမပဖြစ်ကုန်ပါတော့တယ်။ မိုးမရွာတဲ့အတွက် အပင်တွေဟာ ရေလိုချင်နေကြပါပြီ။ ငှက်လေးတွေဟာ ဆူးပင်ထံကိုရောက်လာကြီးပြီး နှုတ်သီးဖြင့်ဆူးပင်ကိုထူးဆွကာ အပေါက်လေးတွေဖြစ်အောင်လုပ်နေကြတာကို မြင်တဲ့အခါ နှင်းဆီပင်က ထင်းရှုးပင်ကိုမေးပါတယ်။ “ အဲဒီ့ငှက်တွေက ဆူးပင်ဆီကိုလာလာပြီးဘာလုပ်ကြတာလဲ ” “ ဆူးပင်ရဲ့ခန္ဓာကိုယ်ထဲမှာရေတွေရှိတယ်လေ။ ငှက်လေးတေွ ရေရဖို့ ဆူးပင်ဆီကိုလာကြတာပေါ့ ” လို့ ထင်းရှုးပင်ကပြန်ဖြေလိုက်ပါတယ်။ အဲဒီ့အခါကျမှ နှင်းဆိပင်က တအံ့တသြနဲ့မေးလိုက်ပါတယ်။ “ ဟယ် ဆူးပင်တွေက ရေရသလား။ ဟုတ်လား” “ဟုတ်တာပေါ့။ အဲဒါကြောင့်ပြောတာပေါ့....ဘုရားသခင်က လူတိုင်းကို ရည်ရွယ်ချက်မရှိဘဲ ဖန်တိးခဲ့တာမဟုတ်ဘူးလေ။ ဘယ်နေ၇ာမှာမဆို အသုံးဝင်တဲ့အရာတစ်ခုတော့ရှိကြာတာချည်းပဲ၊ အားနည်းချက်အားသာချက်ရှိကြတာချည်းပါ” လို့ ပြန်ပြောလိုက်ပါတယ်။ ဘဝမှာ ကိုယ့်ကျမှ ရူပ်ဆိုးလိုက်တာ၊ အားနည်းချက်တွေအများကြီးနဲ့မို့ အားငယ်လိုက်တာဆိုတာမျိုးဖြစ်စရာမလိုပါဘူးလို့ပြောချင်တာပါ။ လူတိုင်းဟာ အားနည်းချက်ကိုယ်စီရှိသလို၊ အားသာချက်လည်းကိုယ်စီရှိပြိးသားပါ။ အဓိကက ကိုယ့်ရဲ့အားနည်းချက်ကို အားသာချက်ဖြင့်ကြိုးစားပြီး ဘဝကို ရှင်သန်ရမှာပါပဲလို့ သင်ခန်းစာပေးသွားတာဖြစ်ပါတယ်။
နောက်တစ်ပုံ၂) အခြားသူတွေကို ပြောင်းလဲခိုင်းဖို့ထက် သင့်ကိုယ်သင်သာပြောင်းလဲရမှာပါ။ ဘုရင်တစ်ပါးဟာ သူ့ရဲ့တိုင်းပြည်ကို မင်းကျင့်တရားနဲ့အညီအုပ်ချုပ်နေပါတယ်။ တခါမှာတော့ သူ့တိုင်းပြည်ကို လေ့လာကြည့်ရှုဖို့ရာ ခြေလျင်ဖြင့်ပဲ လှည်ပတ်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့တိုင်းပြည်ရဲ့ဝေးလံခေါင်းဖျားတဲ့နေရာတွေနဲ့ သွားလာရခက်ခဲတဲ့နေ၇ာတွေကို သူကိုယ်တိုင်လေ့လာချင်တဲ့အတွက် တခြားသောအချွေအရံတွေကို မခေါ်ဘဲ တစ်ယောက်တည်းနန်းတော်ကနေထွက်ခွာလာခဲ့ပါတယ်။ ရက်သတ္တပတ်ကြာပြီးတဲ့အခါမှာတော့ ဘုရင်ဟာ နန်းတော်ကိုပြန်ရောက်လာခဲ့ပါတယ်။ အဲ့ဒီ့အခါမှာ သူ့ရဲ့မှုးမတ်တွေကို ဆင့်ခေါ်ပြီး သူကြုံခဲ့ရတာတွေကို ဆွေးေနွးပါတော့တယ်။ “တိုင်းပြည်ရဲ့အချို့သောနေရာတွေမှာ လမ်းပန်းသွားလာရေးအင်မတန်ခက်ခဲနေတာကိုတွေ့ခဲ့ရပါတယ်။ အဲဒီ့အတွက် တိုင်းသူပြည်သားတွေဟာ အင်မတန် ပင်ပန်းခက်ခဲစွာ သွားလာနေရတာကို စိတ်မကောင်းစွာသိခဲ့ရပါတယ် ” ဆိုပြီး ဘုရင်ဟာ သူ့ရဲ့မှုးမတ်တွေကိုပြောပါတယ်။ လမ်းတွေက ကြမ်းတမ်းလွန်းလို့ ဘုရင်ဟ သူ့ရဲ့ခြေထောက်မှာတောင်မှ အနာတရတွေ ဖြစ်လာခဲ့တဲ့အကြောင်း မှုးမတ်တွေကို ပြောပြပြီး သူသွားလေ့လာခဲ့တဲ့နေရာအချို့ရဲ့လမ်းတွေကို အကောင်းစားသားရေတွေနဲ့ ခင်းပေးဖို့ မှုးမတ်တွေကို အမိန့် ပေးလိုက်ပါတယ်။ အဲဒီ့အခါမှာ ပညာရှိအမတ်တွေက ဘုရင်ကိုအကြံပေးကြပါတယ်။ “အရှင်မင်းကြီး တိုင်းပြည်အသီးသီးက မြို့နယ်တိုင်းအတွက် အကောင်းစားသားေ၇းတွေနဲ့ခင်းကျင်းပေးဖို့ဆိုတာက ငွေကုန်ကြေးကျများသလို၊ အခြားသော တိရိစ္ဆန်တွေသွားလာတဲ့အခါမှာလည်း သားရေတွေဟာ အလကား ပျက်စီးကုန်မှာပါပဲ။ အဲဒါကြောင့် ငွေကုန်ကြေးကျခံပြီး အလကားဖြစ်သွားနိုင်ပါတယ်” ဆိုပြီးပြောကြပါတယ်။ ဘုရင့်ရဲ့ပညာရှိအမတ်ဟာဆိုရင် “အရှင်မင်းကြီးသာခွင့်ပြုမယ်ဆိုရင် ကျွန်တော်မျိုးမှာ အကြံတစ်ခုရှိပါတယ် ” ဆိုပြီးခွင့်တောင်းပါတယ်။ ဘုရင်ကလည်း ပညာရှိရဲ့အကြံကိုကြားတဲ့အခါ သဘောကျလျက် ခါင့်ပြုလိုက်ပါတယ်။ အဲဒီ့အကြံကတော့ တိုင်းပြည်မှာရျိသမျှ ပြည်သူအားလုံးကို ဖိနပ်တစ်ရံစီ ပြုလုပ်ပေးပြီး ဖိနပ်စီးခိုင်းလိုက်ဖို့ပါပဲ။ တကယ်တော့ဒီပုံပြင်လေးဟာ ဟိုးအရင်နှစ်ပေါင်းများစွာ ဖိနပ်တွေတောင်မပေါ်သေးခင်က ဇာတ်လမ်းမျိုးဖြစ်မယ်ထင်ပါတယ်။ ဒါပေမယ့် ပေးချင်တဲ့မက်ဆေ့ကတော့ တခါတလေ ကျွန်တော်တို့ဘဝမှာ မထင်မှတ်ထားတဲ့အရာလေးတွေရှိပါတယ်။ အရမ်းခက်ခဲတယ်လို့ထင်ပေမယ့် အဲဒီ့အရာဟာ ကိုယ်တိုင်ပြုပြင်ပြောင်းလဲလိုက်ရင် ဘာမှမဟုတ်တဲ့အရာလေးတွေဖြစ်သွားတာမျိုးပေါ့။ တခါတလေကျရင် ကျွန်တော်တို့တွေဟာ အခြားသူတွေကို ပြောင်းလဲဖို့ မျှော်လင့်တတ်ကြပါတယ်။ ပုံပြင်ထဲက ဘုရင်လိုခြေထောက်နာမှာစိုးလို့ တစ်ပြည်လုံးကိုလမ်းခင်းပေးရမယ့်အစား ကိုယ်တိုင်ဖိနပ်စီးလိုက်တော့ ခြေထောက်အနာမသက်သာသွားဘူးလား။ အဲဒီလိုပါပဲ။ ဘဝမှာ သင်မပြုပြင်နိုင်တဲ့အရာတွေအများကြီးကြုံရပါလိမ့်မယ်။ သင့်ဘဝရဲ့အခြေအနေ၊ သင့်မိဘ၊ သင့်အသိုင်းဝန်း စသဖြင့်ပေါ့။ သူတို့ကိုသင်မပြောင်းလဲနိုင်ဘူးဆိုရင် သူတို့ဆီကနေ သင်ခန်းစာယူပြီး သင့်ကိုယ်သင်သာ ပြောင်းလဲပစ်နိုင်ပါတယ်။ အရမ်းအဆဲသန်တဲ့လူတစ်ယောက်ကို သင်မနှစ်မြို့ဘူးဆိုပါစို့။ အဲဒီ့လူကို “ဆဲတာမကောင်းဘူး၊ မဆဲပါနဲ့၊ ပြုပြင်ကြည့်ပါ၊ မကြာခင် တတ်တဲ့အကျင့်ပျောက်သွားမှာပါ” လို့ မပြုပြင်ချင်တဲ့လူကို ပြုပြင်ပြောင်းလဲပါလို့ တိုက်တွန်းမယ့်အစား အဲဒီ့လူကို သင်ခန်းစာယူပြီး သင်ကိုယ်တိုင်မဆဲဘူးရယ်လို့ သင့်ကိုသင်ပဲ ပြုပြင်ယူလို့ရနိုင်ပါတယ်။ အဲဒီ့သဘောတရားပါပဲ။ သင်မွေးဖွားလာခဲ့တဲ့ မိသားစုဟာ ပျော်ရွှင်စရာမကောင်းဘူး၊ စိတ်ဒဏ်ရာတွေအများကြီးရခဲ့တယ်ဆိုရင် သင်ရဲ့မွေးဖွားရာ မိသားစုဘဝကို ပြုပြင်လို့မရနိုင်တော့တဲ့အတွက် သင်ကိုယ်တိုင်တည်ဆောက် တဲ့မိသားစုဘဝကျရင် ပျော်စရာကောင်းပြီး စိတ်ဒဏ်ရာကင်းတဲ့မိသားစုဘဝလေးဖြစ်အောင် သင်ကိုယ်တိုင်ပြုပြင်ပြီး ပြောင်းလဲသင့်တာမျိုးပေါ့။ တကယ်က ကိုယ်တိုင်ပြောင်းလဲလိုက်ရင်ကို ရလဒ်ကအများကြီးကွားသွားတတ်ပါတယ်ဆိုတာကို သတိထားနိုင်ဖို့ တင်ပြပေးလိုက်ပါတယ်နော်။
နောက်တစ်ပုံ၄)ကိုယ့်အိပ်မက်ကိုကိုယ်တိုင်အသက်သွင်းပါ။ တခါတုန်းက မင်းထိန်းသမားရဲ့သားလေးဟာ ကျောင်းမှာ စာစီစာကုံးရေးဖို့ ကြုံရပါတယ်။ သူ့ဘဝရဲ့ရည်ရွယ်ချက်အကြောင်းကို စာစီစာကုံး ၇မျက်နှာခန့်ရေးပြီး ဆရာမကိုပြလိုက်ပါတယ်။ ဒါပေမယ့် ဆ၇ာမက လက်တွေ့နဲ့နီးစပ်မှုမရှိဘူးဆိုပြီး အမှတ်မပေးဘဲ ပြန်ပြင်ရေးဖို့ စာစီစာကုံးစာအုပ်ကို အိမ်ကိုပြန်ပေးလိုက်ပါတယ်။ ငွေလည်းအလုံအလောက်မရှိ၊ အိမ်တွေခြံတွေတောင်မပိုင်တဲ့လူက ဘာလို့ခြံအကျယ်ကြီးပို်ငဆိုင်ဖို့ ဖြစ်နိုင်ပါ့မလဲ.....လို့ ဆရာမက ပြောလိုက်ပါတယ်။ သနားစရာကောင်းတဲ့ ကောင်လေးဟာ သူ့ရဲ့အဖေကို အဲဒီ့အကြောင်းပြောပြပြီး သူ့အဖေကို စာစီစာကုံးကို ဖတ်ပြလိုက်ပါတယ်။ သူ့ရဲ့ရည်မှန်းချက်ဟာ မြင်းတွေအများကြီးပိုင်တဲ့ ပိုင်ရှင်ကြီးဖြစ်လိုကြောင်း၊ ခြံအကျယ်ကြီးတစ်ခုထဲမှာ တိရိစ္ဆန်တွေ အများကြီး မွေးချင်ကြောင်း၊ အဲဒီ့ခြံကြီးပိုင်ဆိုင်ချင်ကြောင်း၊ အဲဒါဆိုရင်တော့ သူ့အဖေနဲ့သူဟာ မကြာခဏ အိမ်ပြောင်းစရာမလိုတော့ဘဲ အဲဒီ့ခြံကြီးထဲမှာပဲ မြင်းတွေမွေးရမှာဖြစ်ကြောင်းပေါ့ စိတ်ကူးယဥ်ပြီး ရေးထားတာဖြစ်ပါတယ်။ စာစီစာကုံးရဲ့အကြောင်းကို နားထောင်ပြီးတဲ့အခါ အဖေလုပ်သူက သားကိုပြောလိုက်ပါတယ်။ “ဟုတ်ပြီ ငါ့သား......စာစီစာကုံးထဲမှာ ရေးထားသလိုဖြစ်ချင်တယ်ဆိုရင် နိဂုံးဟာမင်းလက်ထဲမှာသာရှိတာပဲ။ အဆုံးသတ်မှာ မင်းဟာ တကယ်ပဲ ခြံပိုင်ရှင်သူဌေးကြီးဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာ ဘယ်သူကမှ မသိနိုင်တဲ့ မင်းစာစီစာကုံးရဲ့နိဂုံးပဲ။ ဒီစာစီစာကုံးကို မပြင်ဘဲ မင်းဆရာမဆီပြန်ယူသွားပြလိုက်ပါ။ အချိန်တန် မင်းဟာ ဘယ်လိုနိဂုံးမျိုးနဲ့အဆုံသတ်နိုင်လဲဆိုတာ မင်းလက်ထဲမှာပဲရှိတာမိုံ မင်းဟာမင်းဆုံးဖြတ်ပါ” လို့ ပြန်ပြောခဲ့ပါတယ်။ ကောင်လေးဟာလည်း သူ့ဆရာမထံကို အဲဒီ့စာစီစာကုံးကိုပြန်ယူသွာခဲ့ပြီးအဲဒီ့အတိုင်းပဲ ပေးလိုက်ပါတော့တယ်။ “ဆရာမက နောက်ဆုံးအဆင့်အနေနဲ့သတ်မှတ်လည်း ဒီစာစီစာကုံးကို ကျွန်တော်မပြင်နိုင်ပါဘူး။ ဘိတ်ချေးနေ၇ာကိုရပါစေ၊ ကျွန်တော့်အိပ်မက်ကို ကျွန်တော်ကိုယ်တိုင်အဆုံးသတ်ပြမှာပါ” လို့ပြန်ပြောခဲ့ပါတယ်။ နောင်နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာ မြင်းထိန်းသမားရဲ့သားလေးဟာ တကယ်ပဲ ခြံအကျယ်ကြီးကို ပိုင်ဆိုင်ပြီး တိရိစ္ဆာန်တွေများကြီးပိုင်တဲ့ခြံပိုင်ရှင်ကြီးဖြစ်အောင်ကြိုးစားခဲ့ပါသတဲ့။ သူ့ဘဝရဲ့နိဂုံး၊ သူရေးခဲ့တဲ့စာစီစာကုံးရဲ့အဆုံးသတ်ကို သူလှပစွာနိဂုံးချုပ်နိုင်ခဲ့ပါတယ်တဲ့။ ဒီပုံပြင်ထဲကလိုတော့ ဘဝက မကြာမီမျော်ဆိုပြီး ဇာတ်သိမ်းလှလှလေးသိမ်းသွားမှာမဟုတ်ပေမယ့် ဘဝရဲ့အချို့အရာတွေမှာ ကိုယ့်ရဲ့ဖြစ်ချင်စိတ်၊ ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကအရေးကြီးပါတယ်။ မလွယ်ပေမယ့်လည်း ဖြစ်အောင်လုပ်နိုင်ခဲ့သူတွေအများကြီးပါပဲ။ဘဝကို နိဂုံးချုပ်လှဖိုံ ဇာတ်သိမ်းလှဖို့ဟာ ကျွန်တော်တို့ဖြစ်ချင်တာတွေဖြစ်အောင်လုပ်ဖို့ဆိုတာက ကျွန်တော်တို့လက်ထဲမှာပါပဲလို့ ဒီပုံပြင်လေးကပြောချင်တာပါပဲ။
နောက်တစ်ပုံ၅) ကျေးဇူးကန်းသောခြင်္သေ့ တော်ထဲကိုလမ်းလျှောက်လာတဲ့ခရီးသွားတစ်ယောက်ဟာ ခြင်္သေ့တစ်ကောင်ရဲ့ နာနာကျင်ကျင်အော်ဟစ်သံကိုကြားလိုက်ရပါတယ်။ အော်သံဟာ သူလျှောက်လာတဲ့လမ်းနဲ့တဖြည်းဖြည်းနီးကပ်လာပြီး မကြာခင်မှာတော့ ခြင်္သေ့တစ်ကောင် ထောက်ချောက်ထဲမိနေတာကို မြင်လိုက်ရပါတော့တယ်။ အဲဒီ့အခါမှာ ခြင်္သေ့က ခရီးသွားကို တောင်းပန်ပါတယ်။ “ အသင်ခရီးသွား ငါ့ကိုတချက်လောက်ထောင်ချောက်ထဲကနေ လွတ်အောင်ကူညီပေးပါလား၊ မကြာခင်မှာ မုဆိုးရောက်လာပြီး ငါ့ကို သတ်လိမ့်မယ်၊ အဲဒါကြောင့် ငါ့ကိုကယ်ပါ” လို့တောင်းဆိုပါတော့တယ်။ ခရီးသွားဟာ အသက်တစ်ချောင်းကိုကယ်ချင်ပေမယ့် ခြင်္သေ့အစားခံရမှာကိုလည်းကြောက်တာကြောင့် ခြင်္သေ့ကိုကတိတောင်းပါတယ်။ “ကယ်တာက ကယ်လို့ရပါတယ်၊ ဒါပေမယ့် မင်းကိုကယ်ပြီး လွတ်မြောက်တဲ့အခါ ငါ့ကိုသတ်မစားပါဘူး၊ အန္တရာယ်မပေးပါဘူးလို့ ကတိပေးရင်တော့ ကယ်ပေးပါမယ်” လို့ပြန်ပြောလိုက်ပါတယ်။ အဲဒီ့အခါ ခြင်္သေ့ဟာ အလွယ်တကူပဲ ကတိပေးပါတယ်။ ဒါနဲ့ခရီးသွားဟာလည်း ခြင်္သေ့ကို ထောက်ချောက်ကနေလွတ်အောင် ကူညီပေးပြီး ကယ်ဆယ်ပေးလိုက်ပါတော့တယ်။ ထောက်ချောက်ကနေလွတ်သွားတဲ့ခြင်္သေ့ဟာ အားရဝမ်းသာအော်ဟစ်လိုက်ပြီး ခရီးသွားကိုပြောလိုက်ပါတယ်။ “ဟယ် အသင်ခရီးသွား သင့်ကိုအရမ်းကျေးဇူးတင်မိပါတယ်၊ ငါ့မှာ ထောက်ချောက်ထဲ ၂ရက်လောက်အမိခံနေရတဲ့အတွက် ဘာမှလည်း မစားရသေးလို့ အင်မတန်ဆာလောင်နေတာနဲ့အတော်ပဲ။ သင့်ကိုကျေးဇူးတင်လက်စနဲ့ ငါ့ရဲ့ဟာနေတဲ့ဗိုက်ကိုပါဖြည့်ပေးလိုက်ပါ” ဆိုပြီး ကျေးဇူးကန်းတဲ့ခြင်္သေ့ဟာ ပေးထားတဲ့ကတိကိုဖျက်ပြီး ခရီးသွားကို စားမလိုလုပ်ပါတော့တယ်။ အဲဒီ့အခါ ခရီးသွားဟာလည်း “ဟုတ်ပြီ၊ အဲဒါဆို စားခွင့်ပေးရမှာပေါ့။ ဒါပေမယ့် ခဏလောက်စောင့်ပါအုံး။ နောက်ထပ်ခရီးသွားတစ်ယောက်လာတဲ့အထိခဏလေးစောင့်ပြီး သင်လုပ်တဲ့အလုပ်က မှန်ကန်လား၊ တရားရဲ့လားဆိုတာ ဆုံးဖြတ်ခိုင်းရအောင် ၊ ဒါလေးတော့ သဘောတူပေးလိုက်ပါ၊ ငါကသင့်ကိုအကုန်သဘောတူပေးထားတာပဲ” လို့ပြန်ပြောလိုက်ပါတယ်။ အဲဒါနဲ့ပဲ ခြင်္သေ့ဟာ ခဏပဲစောင့်နိုင်မယ်လို့ ပြန်ပြောလိုက်ပါတယ်။ မကြာခင်မှာ မြေခွေးတစ်ကောင်ဟာ သူတို့ရှေ့ကနေဖြတ်သွားပါတယ်။ ခရီးသွားဟာလည်း မြေခွေးကိုခေါ်လိုက်ပြီး အကူအညီတောင်းပါတယ်။ “ အသင်မြေခွေးရေ ခဏလောက် ငါတို့ကိစ္စကို ဆုံးဖြတ်ပေးပါအုံး။ ကိစ္စကတော့ ဒီလိုပါ.....”ဆိုပြီး ပြောပြလိုက်ပါတယ်။ အဲဒါနဲ့မြေခွေးဟာ အကျင့်မကောင်းတဲ့ခြင်္သေ့ကို ပညာပေးဖို့စဉ်းစားလိုက်ပါတယ်။ “ဟုတ်ပြီလေ...အဲဒါဆိုရင် ဒီပြဿနာက အပြောနဲ့ချည်းပြောလို့မဖြစ်ဘူး။ ငါ့ကို လက်တွေ့ပြတဲ့အနေနဲ့ အသင်ခြင်္သေ့ဟာ ဘယ်လိုမျိုး ထောက်ချောက်ထဲမှာ မိနေခဲ့သလဲ။ သက်သေပြပါအုံး။ အဲဒါမှပဲ အစကနေ ဖြစ်ရပ်ကိုသုံးသပ်နိုင်မှာပေါ” လို့ မြေခွေးဟာ ခြင်္သေ့ကိုပြောလိုက်ပါတယ်။ အဲဒါနဲ့ ခြင်္သေ့ဟာ ဒီလိုမျိုးပါပဲ....." ဆိုပြီး ထောက်ချောက်ထဲကိုပြန်ဝင်ပြပြီး သူ့ခြေထောက်ကို ကျော့ကွင်းနဲ့ပြန်စွပ်ပြလိုက်ပါတော့တယ်။ အဲဒီအခါကျတော့မှ မြေခွေးဟာ ခြင်္သေ့ကို “ကောင်းပြီလေ....အဲဒီလိုထောက်ချောက်မိခဲ့တယ်ဆိုရင်လည်း အဲဒီ့အတိုင်းသာနေခဲ့ပေတော့ခြင်္သေ့ရေ ၊ ကျေးဇူးမသိတတ်တဲ့သင့်အတွက် ထိုက်တန်တာက ဒီအရာပဲ၊ ငါတို့တော့သွားပြီ” လို့ပြောပြီး ခြင်္သေ့ကို ထောက်ချောက်ထဲမှာ ဒီတိုင်းပြန်ထားခဲ့လိုက်ပါတော့တယ်။ ပြောချင်တာက ဘဝမှာလည်း အဲဒီလို ကျေးဇူးမသိတတ်သူမျိုးကို ကြုံရပါလိမ့်မယ်။ ဒါပေမယ့် အဲဒီ့လူတွေကို ဘာမှလုပ်စရာမလိုဘဲ အချိန်တန် သူ့တို့စိတ်ဓာတ်က သူတို့ကိုပြန်အကျိုးပေးမှာပါပဲ။ သူတို့လိုစိတ်ဓာတ်ရှိသူနဲ့ သူတို့ပြန်ကြုံရတဲ့အခါ သူတို့အတွက် ဝဋ်ကအလိုလိုပြန်လည်လာပါလိမ့်မယ်။