Single life ကိုဖြတ်သန်းခြင်းရဲ့ ကောင်းကျိုးများ

Single ဖြစ်လို့ အပေါင်းအသင်းတွေကြားမှာ မျက်နှာငယ်နေရသလား။ မပူပါနဲ့…..single ဖြစ်နေတဲ့အတွက် relationship ဖြစ်နေတဲ့သူတွေထက် သာတဲ့အချက်တွေအများကြီး ရှိပြီးသားပါ။ တကယ်တမ်းတော့ relationship သမားတွေက သင့်ရဲ့single life ကို တိတ်တိတ်လေး အားကျနေရတာကို သင်သိရဲ့လား။ သင်က ခုချိန်ထိ single သမားတစ်ယောက်ဆိုရင်တော့ ဒီဆောင်းပါးလေးကို Share ပြီး လက်မထောင်လိုက်ပါတော့နော်။


၁) စိတ်သွားတိုင်းကိုယ်ပါနိုင်ခြင်း
သင်က single သမားတစ်ယောက်ဖြစ်နေတဲ့အတွက် ဘယ်နေရာ၊ ဘယ်အချိန်မဆို ကိုယ်စိတ်ရှိတိုင်း လုပ်ချင်တာလုပ်ခွင့်ရှိပါတယ်။ ကိုယ်ထသွားချင်တဲ့နေရာကို၊ ကိုယ်ထသွားချင်တဲ့အချိန်သွားလိုက်ရုံပါပဲ။ အဲဒါက သင့်ရဲ့မဟာအခွင့်အရေးကြီးပါနော်။ relationship သမားတွေအတွက်မှာတော့ သူတို့အချင်းအချင်း
နေရာတစ်နေရာသွားဖို့အရေး တိုင်ပင်ညှိုနှိုင်းနေရတာနဲ့တင် (ယောကျာ်းလေးဆိုလည်း မိန်းကလေးအကြိုက်ရွေး၊ မိန်းကလေးဆိုလည်း ယောကျာ်းလေးအကြိုက်ရွေး) အပြန်အလှန်ဦးစားပေးဖို့ စဉ်းစားနေရတာနဲ့တင် ခေါင်းရှုပ်နေတာမျိုး ဖြစ်နေနိုင်သေးပါတယ်။ စားချင်တာတစ်ခုစားဖို့အရေးလည်း relationship တွေမှာက အပြန်အလှန်ဦးစားပေးစဉ်းစားနေရလို့ ကိုယ့်စားချင်တာတောင် မြိုသိပ်ထားရတတ်တဲ့အခြေအနေမျိုးမှာ သင်ကတော့ ခုချက်ချင်း စားချင်တာစား၊ လုပ်ချင်တာလုပ်၊ သွားချင်တာသွားခွင့်ရနေတာ ဘယ်လောက်ကောင်းတဲ့အခွင့်အရေးမျိုးလဲ။
၂) နောက်ဆံငင်စရာမလိုခြင်း
Relationship တစ်ခုမှာဆိုရင် နှစ်ယောက်အတူမို့ ပိုပျော်ဖို့ကောင်းပါတယ်….တို့၊ အထီးကျန်ချိန်မရှိဘူး….တို့ ၊ ပျော်ရွှင်စရာ relationship ဘဝကို သင့်ကိုချပြနေတယ်ဆိုရင် သင်စိတ်မကောင်းမဖြစ်ပါနဲ့။ သူတို့မှာက တစ်ယောက်နဲ့တစ်ယောက်က တစ်နေရာစီရောက်နေရတယ်ဆိုရင်တောင် တစ်ယောက်ကိုတစ်ယောက်က နောက်ဆံငင်နေရပါသေးတယ်။ ဒါမှမဟုတ် အလုပ်ကိစ္စကြောင့်ဖြစ်ဖြစ်….လူမူရေးကြောင့်ဖြစ်ဖြစ် တစ်ယောက်တည်းသွားလာရတာမျိုးကြုံရတဲ့အခါ တစ်ယောက်က အခြားတစ်ယောက်အကြောင်းကို လှမ်းတွေးပြီး နောက်ဆံငင်နေရလို့ ကောင်းကောင်းတောင် ပျော်ခွင့်ရှိမှာမဟုတ်ပါဘူး။ အဲလိုအချိန်မှာ သင့်လို single တစ်ယောက်ကတော့ ဘယ်သူ့ကိုမှ ၊ ဘယ်သူ့အတွက်မှ နောက်ဆံငင်နေစရာမလိုဘဲ လွတ်လပ်ပျော်ရွှင်စွာ စိတ်အေးလက်အေး လည်ပတ်ပျော်ရွှင်နိုင်မှာဖြစ်ပါတယ်။ အဲဒါအပြင် relationship တွေမှာဆိုရင် ချစ်သူအတွက် ဝယ်ပေးရတာမျိုးတွေ၊ မုန့်လိုက်ကျွေးရတာမျိုးတွေမို့ ပိုတောင် ငွေကုန်ကြေးကျများနိုင်သလို၊ အိမ်ထောင်ရှင်တွေမှာ တစ်ခုခုဆိုရင် အသုံးအစွဲလက်လွန်မှာမျိုး၊ အိမ်မှာ ဘယ်သူတော့ဖြင့် စောင့်နေမယ်ဆိုတာမျိုးတွေဖြစ်နေရအုံးမှာပါ။ သင်ကတော့ အသုံးအစွဲလက်လွန်လည်း ကိစ္စမရှိ၊ သင့်ဟာသင် လုံလောက် လောက်ငှအောင် သုံးစွဲနိုင်ပြီး၊ ပြန်လည်ရှာဖွေနိုင်ပါသေးတယ်။ အိမ်မှာတော့ ဘယ်သူကဖြင့် မအားလို့။ ဘယ်သူကဖြင့် စောင့်နေလို့၊ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေ တော်တော်များများက သင့်ရဲ့ single ဘဝမှာ မရှိနိုင်ပါဘူးနော်။ အဲဒါကြောင့် သင့်ကို single မို့ အထီးကျန်နေပါတယ်တို့….၊ သနားလိုက်တာတို့…. ပြောတတ်တဲ့သင့်သူငယ်ချင်းကို ဘယ်လောက်လွတ်လပ်ပြီး နောက်ဆံတင်းစရာမလိုတဲ့အကြောင်း ပြန်ပြောလိုက်ဖို့မမေ့ပါနဲ့နော်။
၃) လွတ်လပ်ခြင်း
Single ဘဝက လွတ်လပ်မယ်ဆိုတာ အထူးပြောစရာလိုမယ်မထင်ပါဘူးနော်။ ထင်ထားတာထက်ကို ပိုပြီး လွတ်လပ်ပါတယ်။ ချစ်သူရည်းစားဘဝမှာ ပျော်စရာကောင်းပေမယ့် သဝန်တိုတတ်တဲ့ချစ်သူမျိုးဆိုရင် ဘယ်သူနဲ့ဘယ်လို အနေအထိုင်ဆင်ခြင်ခိုင်းတာမျိုး၊ ဘယ်အစားအစာတော့ မစားနဲ့ဆိုပြီး ပိတ်ပင်တာမျိုး၊ ကိုယ့်ဟာကိုယ်အခြားနေရာတခုရောက်နေရင်တောင် ကိုယ့်ချစ်သူမပါဘဲ မသွားနဲ့ဆိုတာမျိုး စသည်ဖြင့် အနုနည်းနဲ့ ချုပ်ချယ်တာခံနေရမှာဖြစ်ပါတယ်။ အိမ်ထောင်သည်ဆိုရင်လည်း ဘယ်လိုဖြစ်ဖြစ် စည်းတစ်ခုတော့ ရှိသွားပြီမို့ စောင့်ထိန်းသင့်တာ စောင့်ထိန်းလို့၊ အချိန်တန်အိမ်ပြန်ရမယ့် စည်းကမ်းကို လိုက်နာရအုံးမှာပါ။
သင်က single တစ်ယောက်ဖြစ်နေရင်တော့ ဒါတွေ ဘာမှကို မကြုံနိုင်လို့ ဘယ်လောက်တောင် လွတ်လပ်လိုက်ပါသလဲ။ မိဘနဲ့နေရင် အချိန်တန် မိဘကို ဖုန်းဆက်ထားလိုက်ရုံပါပဲ။
ပြန်သင့်တဲ့အချိန်ပြန်ရုံပေါ့၊ နောက်ဆံငင်စရာမရှိသလို၊ ကိုယ်စိတ်ကျဉ်းကြပ်အောင် ဘယ်သူကမှ သင့်ကိုချည်နှောင်ဖို့မရှိပါဘူး။
၄) ငွေကြေးအရ ပူပန်စရာမလိုခြင်း
ငွေကြေးအရဆိုလည်း အင်မတန်မှ ပေါ့ပါးရိုးရှင်းပါတယ်။ ကိုယ်ရှာနိုင်သလောက် ကိုယ့်အတွက် သုံးရုံပဲမို့ ဘာအတွက်ကြောင့်မှ စိတ်ဖိစီးမှုမဖြစ်နိုင်ပါဘူး။ ကိုယ်စားချင်တာ၊ ကိုယ်ဝယ်ချင်တာ၊ ကိုယ်သုံးချင်တာ အကန့်အသတ်တခုနဲ့ ပိတ်ပင်တားဆီးမယ့်သူလည်း မရှိသလို၊ ကိုယ်စိတ်ကြိုက်မို့ ဘယ်လောက်ကောင်းလိုက်ပါသလဲ။ ချစ်သူရည်းစားမရှိလို့ ဘယ်သူ့အတွက်မှ ရည်စူးပြီး ဝယ်စရာမလိုတော့ ဝယ်သမျှအားလုံးက ကိုယ့်အတွက်သာ၊ ကိုယ်ကြိုက်ရာကိုယ်ဝယ်၊ ကိုယ်စားချင်တာစား၊ သွားချင်ရာသွား စိတ်ကသွားချင်တာနဲ့ ကိုယ်ပါလိုက်သွားရုံပါပဲ။ ငွေကြေးအရလည်း ပူပန်နေစရာမလိုတော့ ငွေကြေးလုံလောက်တာနဲ့ ကိုယ်စိတ်ရှိတဲ့နေရာသွားနိုင်လို့ ခရီးထွက်ဖြစ်ဖို့လည်း လွယ်ပါတယ်။ နေရာစုံ၊ လည်နိုင်ပတ်နိုင်လို့ single ဘဝက သူဌေးပါပဲ။ “ငွေရေးကြေးရေး ခြေသလုံးမွှေး….” လို့သာ သင့်သူငယ်ချင်း relationship တွေကို ပြောလိုက်ပါနော်။
၅) ငဲ့ညှာစရာမလိုခြင်း
Single သမားဖြစ်နေတဲ့အတွက် ကိုယ်ဘာလုပ်လုပ် ဘယ်သူ့ကိုမှ ငဲ့ညှာနေစရာမလိုပါဘူး။ (ကိုယ့်ဘဝအတွက်မကောင်းတာတွေကို တန်းစီလုပ်ဖို့ပြောတာမျိုးမဟုတ်ပါဘူးနော်) အိမ်ထောင်သည်တွေဆိုရင် ကိုယ့်ရဲ့လုပ်ရပ်က ကိုယ့်မိသားစု၊ ကိုယ့်ဇနီးမယား၊ ကိုယ့်သားသမီးအပေါ်သွားသက်ရောက်မှာကို တွေးတောဆင်ခြင်နေတတ်ရပါတယ်။ (လူတိုင်းတော့ ဆင်ခြင်သင့်တာဆင်ခြင်ရတာပါပဲ။) အထူးသဖြင့် single သမားတွေက ပိုပြီး စိတ်ရှင်းနိုင်တဲ့အကြောင်းပြောချင်တာပါ။ ကိုယ့်ရဲ့လုပ်ရပ်က ကိုယ့်အပေါ်ပဲသက်ရောက်မှုရှိတာမို့ ကိုယ့်ရဲ့ကောင်းခြင်းဆိုးခြင်းက ကိုယ့်အပေါ်မှာပဲ မူတည်တာပါ။ အဲဒီ့တော့ ကိုယ့်အတွက် ကိုယ်စဉ်းစားရုံပါပဲ။ ဘယ်သူ့အတွက်၊ ဘယ်သူ့ကိုယ်စားဆိုတာတွေ မရှိလို့ အာရုံနှောက်တောင် သက်သာပါသေးတယ်။ ကိုယ့်မှာ ရည်မှန်းချက်ရှိတယ်ဆို ကိုယ့်အတွက် ကိုယ်ကြိုးစားရုံပါပဲ။ တစ်မိသားစုလုံးအတွက် တွေးပြီး ကိုယ်လုပ်ချင်တာတွေ လုပ်ချင်ရက်မလုပ်ဘဲ လက်လျော့လိုက်ရတာမျိုးတွေ မကြုံနိုင်ပါဘူး။
အဲဒါကြောင့် single life ဆိုတာ ဘယ်လောက်တောင် ပျော်ရွှင်လွတ်လပ်စရာကောင်းတဲ့ဘဝပါလဲ။ အထီးကျန်ခြင်းဆိုတာမျိုးထက် ကိုယ့်ဘဝကို ကိုယ်လိုရာဆွဲပြီး ခရီးဆက်နိုင်တာမို့ ကိုယ်လုပ်ချင်ရာတွေလုပ်ရင်း အထီးကျန်ဖို့တောင် အချိန်ရလိုက်မှာမဟုတ်ပါဘူးနော်။
single ဘဝက ဘယ်လောက်တောင် လွတ်လပ်ပျော်ရွှင်နိုင်သလဲဆိုတာကို relationship သူငယ်ချင်းတွေ၊ အိမ်ထောင်သည်သူငယ်ချင်းတွေ အားကျနိုင်အောင် ပြောပြလိုက်ပါအုံး။ #Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။