ဖုန်းပြောချိန်မှာသတိထားသင့်သော ယဉ်ကျေးမှုများ

နည်းပညာတွေတိုးတက်လာတဲ့ ဒီနေ့ခေတ်မှာ လူတိုင်းလိုလို ဖုန်းတစ်လုံးတော့ရှိကြမှာချည်းပါပဲ။ သတင်းတွေဖတ်ဖို့၊ ဆယ်လီတွေရဲ့အင်တာဗျူးတွေကြည့်ဖို့၊ သူငယ်ချင်းတွေနဲ့ စကားပြောဖို့၊ ဖုန်းပြောဖို့ စသဖြင့် နေရာစုံမှာအသုံးတည့်တာမို့ လူသုံးများလာကြပြီး အဝေးကလူတွေနဲ့ အနီးဆုံးဆက်သွယ်ဖို့လည်း အဆင်ပြေစေပါတယ်။ ဒါပေမယ့် ထိုကဲ့သို့ ဖုန်းအသုံးများလာကြတဲ့အချိန်မှာ တချို့တွေက ဖုန်းကိုသာ ဝယ်ယူအသုံးချတတ်ကြပေမယ့် ဖုန်းပြောချိန်မှာ နားလည်သင့်တဲ့ယဉ်ကျေးမှုကို နားမလည်ကြတာကိုတွေ့ရပါတယ်။ ဘယ်လိုယဉ်ကျေးမှုမျိုးဖြစ်မလဲ…..ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။


၁) ဖုန်းအခါခါ ခေါ်လို့မှ မကိုင်ရင် ဆက်မခေါ်သင့်ပါ။
တဖက်လူကို ဖုန်း လေးငါးခါ ခေါ်ကြည့်လို့မှ မကိုင်ရင် ဆက်မခေါ်သင့်ပါဘူး။ တဖက်လူက တခြားသော အရေးကြီးကိစ္စတခုခုရှိနေလို့ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ဖုန်းတခြားလူတခြားဖြစ်နေလို့ ဖြစ်နိုင်ပါတယ်။ ကိုယ်ဆိုရင်လည်း ထိုကဲ့သို့သော အခြေအနေမျိုးဖြစ်ဖူးကြမှာပါ။ အဲဒါကြောင့် တဖက်လူက ဖုန်းမကိုင်တာကို နားလည်ပေးသင့်ပါတယ်။ တခါတလေဆို ဘတ်စ်ကားပေါ်က ဆင်းခါနီး လက်မှာ ကအထုပ်တွေအပိုးတွေနဲ့မအား၊ အိတ်ထဲက ဖုန်းက ဆက်တိုက်လာနေတာမျိုး ကြုံဖူးကြမှာပါ။ တဖက်လူအတွက် အင်မတန် အနှောင့်အယှက်ဖြစ်စေတာပါ။ အဲဒါကြောင့် ကိုယ်ဖုန်းခေါ်လို့ တဖက်လူက မကိုင်ဘူးဆိုရင် နားလည်ပေးသင့်ပါတယ်။

၂) ဖုန်းပြောလို့ အဆင်ပြေမပြေ အရင်မေးသင့်ပါတယ်။
ဖုန်းဝင်သွားတဲ့အခါ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်ပြောချင်တာတွေကို အရင်ပြောချလိုက်တာထက် တဖက်လူက ဖုန်းပြောလို့ရတဲ့အခြေအနေမျိုးမှာလားဆိုတာ အရင်မေးသင့်ပါတယ်။ “ဖုန်းပြောလို့ရရဲ့လား…” လို့ အရင်ဆုံးမေးလိုက်တာက တဖက်လူအတွက်လည်း ဖြေနိုင်တယ်….မဖြေနိုင်ဘူးဆိုတဲ့အခြေအနေတခုကို ကိုယ်ကသိနိုင်ပါတယ်။ တခါတလေကျရင် အစည်းအဝေးခန်းထဲရောက်နေကာမှ ဖုန်းကလဲ တရစပ်တွေလာနေလို့ အစည်းအဝေးခန်းမထဲကလူတွေကို အားနာစိတ်နဲ့ ဖုန်းကိုကောက်ကိုင်ပြီး နားထောင်လိုက်တာမျိုးဖြစ်နေတတ်ပါတယ်။ တဖက်လူရဲ့အခြေအနေကို အရင်မေးခြင်းက တဖက်လူရဲ့အခြေအနေကို နားလည်ပေးခြင်းတမျိုးပါပဲ။

၃) နှုတ်ခွန်းဆက်တဲ့စကားမျိုးပြောပေးပါ။
တဖက်လူက ကိုယ့်ရဲ့အကြီးအကဲဖြစ်နေတာမျိုး၊ ကိုယ့်ထက် စီနီယာကျနေတာမျိုး ဆိုရင် “ဆရာရေ မင်္ဂလာပါနော်။ ဖုန်းပြောလို့ အဆင်ပြေရဲ့လား” စသဖြင့် အဲဒီလိုမျိုး နှုတ်ဆက်စကားပြောရင်း ဖုန်းပြောလို့အဆင်ပြေမပြေမေးသင့်ပါတယ်။ အဆင်ပြေတယ်ဆိုမှ ကိုယ်ပြောချင်တဲ့စကားကိုဆက်ပြောသင့်ပါတယ်နော်။ ကိုယ့်ရဲ့အပေါင်းအသင်း ၊ မိတ်ဆွေတွေဆိုရင်လည်း့ “ဘာတွေလုပ်နေလဲ…သူငယ်ချင်း. ….ငါပြောစရာရှိလို့….ပြောလို့ရလား” စသဖြင့် အရင်ပြောသင့်ပါတယ်။

၄) စကားကိုလုမပြောသင့်ပါ။
ကိုယ်ကဖုန်းစခေါ်လိုက်လို့ ကိုယ်ပြောချင်တာတွေချည်းတန်းစီပြောသွားတာထက် ကိုယ်ပြောတဲ့စကားကို တဖက်လူက စိတ်ဝင်တစားရှိရဲ့လား၊ တဖက်လူက ဘယ်လိုမျိုးပြန်ပြောမလဲဆိုပြီး တဖက်လူစကားပြန်ပြောဖို့ ခွင့်ပေးသင့်ပါတယ်။

၅) ဟုတ်ကဲ့လို့ပြောပေးပါ။
တဖက်လူပြောတာကို ဘာမှပြန်ပြီးမတုံ့ပြန်ခြင်းက တဖက်လူရဲ့စကားကို မလေးစားရာရောက်ပါတယ်။ အဲဒါကြောင့် တဖက်လူရဲ့စကားကို နားထောင်နေကြောင်း၊ အလေးထားကြောင်း၊ နားလည်ကြောင်းကို ပြသတဲ့အနေနဲ့ “ဟုတ်ကဲ့…..” “ဟုတ်ကဲ့ပါ…” စသဖြင့် စကားပြန်သင့်ပါတယ်။

၆) “အဲဒါဆိုရင်….ဒါပဲနော်…” ဆိုတဲ့စကားမျိုးနဲ့အဆုံးသတ်စကားပြောသင့်ပါတယ်။
အပြန်အလှန်စကားပြောလို့ပြီးပြီဆိုတာသေချာအောင် “အဲဒါဆိုရင် ဒါပဲနော်……” ဆိုတာမျိုးနဲ့ စကားကို အဆုံးသတ်ပေးပါ။ အဲဒါမှ တဖက်လူကလည်း သင်ဖုန်းပြောပြီးတာ သေချာကြောင်းသိမှာဖြစ်ပါတယ်။ တခါတလေ ပြောနေရင်းနဲ့ အဆုံးသတ်မသွားဘဲ ဖုန်းကို ဘာမှန်းမသိချပစ်လိုက်တာမျိုး ကြုံဖူးမှာပါ။ သင်ကတော့ ဒီဖက်ကနေ ပြောမဆုံးသေးဘူး၊ တဖက်လူက ဖုန်းချသွားတာမျိုးပေါ့။ အဲဒါကြောင့် ဖုန်းပြောပြီးပြီဆိုတဲ့ အဓိပါ္ပယ်အနေနဲ့ “ဒါပဲနော်…” ဆိုတာမျိုးတော့ ပြောသင့်ပါတယ်။

၇) miss call တွေ့ရင်ပြန်ခေါ်ပေးပါ။
ကိုယ့်ကိုခေါ်ထားတဲ့ဖုန်းတွေ့ရင် ကိုယ်အဆင်ပြေတဲ့အချိန်မျိုး ၊ ဒါမှမဟုတ် ကိုယ်အေးအေးဆေးဆေး စကားပြောနိုင်တဲ့အချိန်မျိုးမှာ ပြန်ခေါ်ပေးသင့်ပါတယ်။

အထက်က အချက်တွေက ဖတ်ကြည့်လိုက်ရင်တော့ ရိုးရှင်းပြီး လိုက်နာရလွယ်ကူတဲ့အချက်လေးတွေဖြစ်ပေမယ့် မသိဆိုးဝါးတဲ့လူတွေကြောင့် ကိုယ်အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုအနှောင့်အယှက်ဖြစ်လာရင် ကိုယ်မကြိုက်သလို၊ အခြားသူကိုလည်း ကိုယ်ကြောင့်အနှောင့်အယှက်မဖြစ်စေဖို့ သတိထားသင့်ပါတယ်။ ဒီပို့စ်လေးကို ရှယ်ရင်း အခြားသူငယ်ချင်းတွေကိုလည်း ပြောပြလိုက်ပါအုံး။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။