ချစ်သူအဖြစ်လက်မခံသင့်တဲ့ယောကျ်ားအမျိုးအစားများ

အချို့သူတွေက ချစ်တာကလွဲပြီး ကျန်တာပြုပြင်ယူလို့ရတယ်လို့ တွေးတတ်ကြပါတယ်။(တကယ်တော့အဲဒါက မလွယ်ပါဘူး) ချစ်သူဘဝမှာတင် ပြုပြင်လို့ရမယ်ထင်တဲ့အချက်လေးတွေကို ပြုပြင်ခိုင်းကြည့်တတ်ကြပါတယ်။ နောက်ဆုံး နှစ်ဦးနှစ်ဖက် ပြုပြင်သင့်တာပြုပြင်ကြရင်း လက်ထပ်ပြီး ဘဝတစ်ခုထူထောင်နိုင်သွားကြတာပါပဲ။ ဒါပေမယ့် တစ်ချို့တွေကျပြန်တော့ လက်ထပ်တဲ့အဆင့်ထိတောင်မရောက်လိုက်ရဘဲ ပြုပြင်ချင်စိတ်မရှိတဲ့ချစ်သူကြောင့်၊ ပြုပြင်ရကောင်းမှန်းမသိတဲ့ချစ်သူကို လမ်းတစ်ဝက်မှာတင် လမ်းခွဲတတ်ကြပြန်ပါတယ်။ အချို့တွေကျပြန်တော့လည်း လက်မထပ်ခင်ချစ်သူဘဝမှာတည်းက ကိုယ်လိုချင်တဲ့ပုံစံမျိုး ဟုတ်မဟုတ် အကဲခတ်ပြီးမှ လက်ခံနိင်တဲ့အခြေအနေမျိုးကျမှ ချစ်သူအဖြစ်လက်တွဲပြီး နောက်ဆုံးလက်ထပ်တဲ့အဆင့်ထိရောက်ကြပါတယ်။


မိန်းကလေးတွေအတွက်ကတော့ ချစ်မိသွားရင် တစ်ယောက်ကနေ နှစ်ယောက်မဖြစ်ချင်တဲ့စိတ်မျိုးရှိတတ်ကြပါတယ်။ အကုန်လုံးကိုတော့ မဆိုလိုပါဘူးနော်။ တော်တော်များများပါ၊ အဲဒီ့တော့ မျက်စိစုံမှိတ်လို့ ပြုပြင်နိုင်သည်ဖြစ်စေ၊ မပြုပြင်နိုင်သည်ဖြစ်စေ ချစ်သူကာလရှည်ကြာလာလေ၊ ချစ်သူရည်းစားယောကျာ်းလေးဘက်က လက်ထပ်ခွင့်တောင်းလာတာကိုပဲ မျှော်လင့်လာကြရပြန်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ ပတ်ဝန်းကျင်ရဲ့အမြင်ကော၊ မိဘအသိုင်းအဝန်းရဲ့အမြင်ကောကိုသာ ထည့်စဉ်းစားတတ်ပါတော့တယ်။ သူက ပြုပြင်ယူလိုရမရ ထည့်မတွေးတတ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ “နင်တို့တွဲနေတာ ကြာလှပြီ၊ ဘယ်တော့စားရမှာလဲ” တို့၊ “နင်တို့ဘယ်တော့လက်ထပ်မှာလဲ၊ လက်မထပ်လို့မကောင်းတော့ဘူးနော်၊ တွဲလာတာကြာလှပြီ” တို့နဲ့ ဝိုင်းပြောတတ်ကြတာကိုး။ အဲဒီလိုအခြေအနေမျိုးမှာ အများရဲ့အမြင်အရ ချစ်သူအဖြစ်တွဲလာတဲ့သက်တမ်းကြာလေလေ၊ သူသည် လူဆိုးဖြစ်စေ ၊ လူကောင်းဖြစ်စေ၊ ပြုပြင်လို့ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ လက်ထပ်ဖို့သာ တိုက်တွန်းတတ်ကြပါတော့တယ်။ အဲဒါကြောင့် ထိုအချိန်ကျမှ ရှေ့တိုးရအခက် နောက်ဆုတ်ရအခက်အခြေအနေမျိုးမကြုံရအောင် ကိုယ့်နဲ့ချစ်သူမဖြစ်ခင်ကတည်းက ကိုယ်နဲ့အဆင်ပြေမယ့်သူဟုတ်မဟုတ် ကြိုတင်စဉ်းစားပြီးမှ ချစ်သူအဖြစ်ရွေးချယ်စေချင်ပါတယ်။ (ဒါတောင် ချစ်သူဖြစ်တုန်းက ကိုယ်မသိသေးတဲ့သူ့ရဲ့အကျင့်တွေကို လက်ထပ်ပြီးမှ ထပ်သိလာရတာတွေရှိနေအုံးမှာပါ)
အဲဒါကြောင့် ချစ်သူအဖြစ်မရွေးချယ်သင့်တဲ့ယောကျာ်းအမျိုးအစားတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁) လိမ်တတ်တဲ့ယောကျာ်းမျိုး
လွယ်လွယ်လေးနဲ့ လိမ်တတ်တဲ့ယောကျာ်းမျိုးပါ။ မလိမ်မဖြစ်လို့ အခြားသူဒုက္ခရောက်ရမယ့်ကိစ္စမျိုးမို့ မတတ်သာလို့ လိမ်တာမျိုးမဟုတ်ဘဲ တစ်ခုခုဆို ဘာမှမဟုတ်တဲ့အကြောင်းအရာသေးသေးလေးတောင် လျှာအရိုးမရှိတိုင်းလိမ်တတ်တဲ့ယောကျာ်းမျိုးပါ။ ထိုယောကျာ်းမျိုးက ဘယ်တော့မှ အမှန်အတိုင်းပြောတတ်မယ့်သူမျိုးမဟုတ်ပါဘူး။ သင့်နဲ့ချစ်သူဖြစ်ပြီးရင်လည်း သူ့ဆီက သင်အမှန်အတိုင်းပြောတာကြားရမှာမဟုတ်လို့ သူလိုလူမျိုးကို ချစ်သူအဖြစ်မရွေးသင့်ပါဘူး။ အခန့်မသင့်ရင် သင့်ကိုချစ်တယ်ပြောတာတောင် လွယ်လွယ်လေးလိမ်လိုက်တာဖြစ်နေနိုင်ပါသေးတယ်။ လိမ်တယ်ဆိုတာ မရိုးသားခြင်းတစ်မျိုးပါပဲ။ အခြားသူများ၊ ဒါမှမဟုတ် လုပ်ငန်းခွင်မှာ ငွေကြေးကိစ္စနဲ့ပဲဖြစ်ဖြစ်၊ လူမူရေးကိစ္စနဲ့ပဲဖြစ်ဖြစ် ထိုသူမျိုးအတွက်ကတော့ လိမ်ဖို့ရာ သိပ်မခက်ပါဘူး။ အဲဒါကြောင့် လိမ်တတ်ပြီး မရိုးသားတဲ့ယောကျာ်းမျိုးကို ချစ်သူအဖြစ်မရွေးပါနဲ့လို့။

၂) ရည်မှန်းချက်မရှိတဲ့ယောကျာ်းမျိုး
တစ်နေ့မှာ ဘာဖြစ်ရမယ်လို့ ရည်မှန်းချက်မရှိတဲ့အခါ ခုလက်ရှိမှာလည်း ဘာအစီအစဉ်မှလည်းရှိမှာမဟုတ်ပါဘူး။ တစ်နေရာရာမှာ ဖြစ်မြောက်အောင်မြင်ချင်တဲ့ယောကျာ်းက သူရဲ့အချိန်တွေကို သူ့ရဲ့ကြိုးစားအားထုတ်မှုအတွက် သေချာစီစဉ်နေရင်း ကြိုးစားရင်းအချိန်ကုန်နေမှာဖြစ်သလို သင်နဲ့ချစ်သူဖြစ်တဲ့အခါမှာလည်း သင်တို့ရဲ့ရှေ့ရေးအတွက် ဘာလုပ်ရမယ်ဆိုတာ စီစဉ်နေပြီး ကြိုးစားပါလိ့မ်မယ်။ အဲလိုမဟုတ်ဘဲ ဘာမှ ရည်မှန်းချက်မရှိ၊ တစ်နေ့တစ်နေ့ မိဘကျွေးတာစား၊ မိဘကိုလက်ဖြန့်တောင်း၊ ဘွဲ့တစ်ခုရချင်တာသည် မိဘက ကျောင်းတက်ခိုင်းလို့သာ တက်နေရတာဆိုတဲ့ပုံစံမျိုးနဲ့ ရှေ့အနာဂတ်မှာ ဘာလုပ်ရမယ်မှန်းမသိတဲ့သူမျိုးကို ချစ်သူအဖြစ်လုံးဝမရွေးချယ်သင့်ပါဘူးနော်။

၃) စီးပွားရေးအကွက်မမြင်တဲ့ယောကျ်ားမျိုး
တစ်ချို့ယောကျာ်းတွေက ဆင်းရဲပေမယ့် ပညာတတ်အောင်သင်ရမယ်၊ ဒီထက်မြင့်တဲ့နေရာရောက်အောင် ကြိုးစားရမယ်ဆိုတာကို သိပြီး ကြိုးစားတတ်ပါတယ်။ တစ်ချို့ကျတော့လည်း ပညာပြည့်ဝအောင်မသင်ယူခဲ့ရပေမယ့် အတတ်ပညာတစ်ခုခုတော့ ကျွမ်းကျင်အောင်သင်ယူပြီး ဆရာနေရာရောက်သည်အထိ ကြိုးစားတတ်ပါတယ်။ အဲလိုယောကျာ်းအမျိုးအစား၂မျိုးကတော့ တစ်ချိန်ချိန်မှာ နေရာတစ်ခုခုမှာ တိုးတက်အောင်မြင်မယ့်သူတွေဖြစ်ပါတယ်။ ဒါပေမယ့် အဲလိုမျိုး ငွေမရှိတာက ကြိုးစားချင်စိတ်ရှိရင် ရှာလို့ရပေမယ့်၊ ပညာလည်းမတတ်၊ စီးပွားရေးလည်း အကွက်မမြင်တဲ့ယောကျာ်းမျိုးကတော့ ဘယ်တော့မှ တိုးတက်မယ့်သူမျိုးမဟုတ်ပါဘူး။ အဲလိုလူမျိုးကို ချစ်သူဖြစ်ပြီးမှ ပြုပြင်ယူမယ်လို့များ တွေးမိရင်တော့ မှားသွားပါလိမ့်မယ်။

၄) အိမ်ထောင်ဦးစီးအဓိပ္ပါယ်ကို သေချာနားမလည်သောယောကျာ်းမျိုး
တစ်ချို့မိသားစုတွေမှာ မြင်ဖူးပါတယ်။ ချစ်သူဘဝတုန်းကတော့ မိဘဆီက လက်ဖြန့်တောင်းပြီး ရတာသမျှကို ချစ်သူဆီမှာ မျက်နှာလိုမျက်နှာရ လက်ဆောင်တွေဝယ်ပေးမျက်နှာလုပ်တတ်တဲ့ယောကျာ်းမျိုးကို အရမ်းချစ်တတ်တဲ့ယောကျာ်းလို့ထင်ပြီး လက်ထပ်မိကာမှ ငါးပါးမှောက်တော့တာပါပဲ။ လက်ထပ်ပြီး အိမ်ထောင်ဦးစီးဖြစ်လာတဲ့တိုင်အောင် ကိုယ့်မိသားစုအတွက် လိုအပ်သမျှကိုပါ မိဘဆီက လက်ဖြန့်တောင်းဖို့သာ စဉ်းစားနေတဲ့ယောကျာ်းမျိုးပါ။ ထိုယောကျာ်းမျိုးက အိမ်ထောင်ဦးစီးဆိုတာ မိသားစုဘဝတစ်ခုလုံးအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ လုံးဝကို နားမလည်တဲ့ယောကျာ်းမျိုးပါပဲ။ မိဘဆီက လက်ဖြန့်တောင်းမရတဲ့အခါ ဘာမှမလုပ်တတ်ဘဲ မိန်းမလုပ်သူထံကပါ ပြန်ပြီးလက်ဖြန့်တောင်းတဲ့ယောကျာ်းမျိုးပါ။ သားသမီးတွေရလာတဲ့အခါ သားသမီးအတွက် စံပြဖြစ်ရမယ်ဆိုတာလည်း နားမလည်သလို၊ မိသားစုအတွက် ရှေ့ဆုံးက ရင်ကော့ပြီး လက်မထောင်နိုင်အောင် ကာကွယ်ရမှာကို နားမလည်တတ်သောယောကျာ်းမျိုးကို လုံး၀ ချစ်သူအဖြစ်မရွေးချယ်သင့်ပါဘူး။

၅) ဘဝအကြောင်းနားမလည်တဲ့ယောကျာ်းမျိုး
ပြောရရင် လူ့ဘော်ကြော့ပါ။ မိဘက ငွေကြေးချမ်းသာလို့ဖြစ်ဖြစ်၊ မိဘက အကုန်ဖြည့်ဆည်းပေးနေလို့ဖြစ်ဖြစ် သူဌေးသားလို ဖူးဖူးမှုတ်ခံရပြီး ဂိုက်နဲ့ဆိုက်နဲ့နေတတ်သူမျိုးပေါ့။ မိန်းကလေးတော်တော်များများကလည်း ထိုကဲ့သို့ ဂိုက်နဲ့ဆိုက်နဲ့နေတတ်တဲ့ယောကျာ်းမျိုးနဲ့သာ ချစ်သူဖြစ်ပြီး လက်ထပ်ရရင် တစ်ဘဝလုံး သူဌေးကတော်ဘဝကိုခံယူပြီး ဘဝကိုအေးချမ်းစွာဖြတ်သန်းရမယ်လို့ အထင်ရောက်တတ်ကြပါတယ်။ တကယ်တော့ အဲဒါက အပေါ်ယံတွေပါ။ ဘဝဆိုတာက အတက်အကျရှိတယ်ဆိုတာ ကြားဖူးကြမှာပါ။ ကိုယ်နဲ့ချစ်သူဖြစ်နေတုန်း ဂိုက်နဲ့ဆိုက်နဲ့ သူဌေးသားလေးက လက်ထပ်ပြီး အထိ ဘာမှမလုပ်ဘဲ ထိုင်စားနေနိုင်ပေမယ့် ထိုအချိန်ကမှ ဂိုက်နဲ့ဆိုက်နဲ့မနေနိုင်တော့တာမျိုး၊ အကုန်ဖြည့်ဆည်းပေးမယ့်မိဘတွေမရှိတော့တာမျိုးဆိုရင် ဘဝကို ဘယ်လိုမျိုးများ ရင်ဆိုင်နိုင်ပါ့မလဲ။ အဲဒါကြောင့် ဘဝအကြောင်းမသိတဲ့ယောကျာ်မျိုး၊ ဘဝကို ရဲရဲဝင့်ဝင့် ကိုယ့်ခြေကိုယ့်လက်နဲ့တိုက်ပွဲမဝင်ရဲတဲ့ယောကျာ်းမျိုးကို ချစ်သူအဖြစ်မရွေးချယ်သင့်ပါဘူးနော်။

ချစ်သူဘဝဆိုတာက လက်ထက်ပြီးဘဝတစ်ခုလုံး အတူရင်ဆိုင်တိုက်ပွဲဝင်ရဲတဲ့ ယောကျ်ားတစ်ယောက်ကို လက်မထပ်မီ ချစ်သူကာလမှာ စောင့်ကြည့်ဆဲကာလဖြစ်ပါတယ်။ အဲဒါကြောင့် ထိုကာလမှာကတည်းက အရွေးမမှားဖို့လိုပါတယ်။ ချစ်သူကာလမှာ အရွေးမှားလို့ စောစောသိပြီး စောစောလက်တွဲဖြုတ်လိုက်တာက တော်သေးပေမယ့် ချစ်သူကာလမှာလည်း မသိ၊ လက်ထပ်ပြီးမှ ကျောချမှဓားပြမှန်းသိရမယ်ဆိုရင်တော့ တစ်ဘဝလုံး ဒုက္ခရောက်ရနိုင်ပါတယ်။ အဲဒါကြောင့် အပေါ်ကဖော်ပြထားတဲ့ ယောကျာ်းအမျိုးအစားမျိုးကို သတိထားရှောင်ရှားနိုင်ကြပါစေလို့။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။