စိတ်ဓာတ်ကျနေတဲ့အချိန်သင့်ကိုသင်ပြောသင့်သောစကားများ

လူတိုင်းမှာ မှန်းထားတာတွေဖြစ်မလာတဲ့အချိန်၊ ယုံကြည်ထားတာတွေ ပျက်ယွင်းသွားတဲ့အချိန်၊ ကိုယ့်ကိုကိုယ်ဘာမှမလုပ်နိုင်ဘူးလို့ထင်တဲ့အချိန်၊ အသုံးမကျတဲ့သူတစ်ယောက်လို ခံစားရတဲ့အချိန် စသည်ဖြင့် ကြုံဖူးကြမှာပါ။ ဘဝဆိုတာက တစ်စုံတစ်ခုကို အမြဲတိုက်နေရတဲ့တိုက်ပွဲမဟုတ်လား။ အဲဒါကြောင့် သင့်ဘဝမှာ စိတ်အားတက်တဲ့အချိန်ရယ်၊ စိတ်ဓာတ်ကျမိတဲ့အချိန်ရယ်လို့ ရှိနေမှာပါပဲ။ အဓိကက ကိုယ့်စိတ်ကို ကိုယ်သိနေဖို့ပါပဲ။ ကိုယ့်စိတ်ကို ကိုယ်သတိလေးထားပြီး သိနေတဲ့အခါ စိတ်ပျော်နေတဲ့အချိန်မှာလည်း အလွန်အကျွံ့မပျော်ဖြစ်တော့ဘဲ ဒါလည်း ပြီးသွားမှာပါလို့ နှလုံးသွင်းတတ်လာပါလိမ့်မယ်။ စိတ်အားငယ်နေတဲ့အချိန်မှာလည်း စိတ်ဓာတ်ပြန်လည်ခိုင်မာလာဖို့ ဘာလုပ်သင့်သလဲဆိုတာကို သိနေပါလိမ့်မယ်။ အဲဒါကြောင့် စိတ်ထောင်းကိုယ်ကြေဆိုသလို မဖြစ်ရအောင် သင့်စိတ်ဓာတ်ကျနေတဲ့အချိန်မျိုးမှာ သင့်ကိုသင်ပြန်လည်အားပေးနိုင်တဲ့စကားမျိုးကို ဖော်ပြပေးလိုက်ပါတယ်


၁) အရာရာတိုင်းက ဖြစ်ချိန်တန်လို့ ဖြစ်လာတာပါ။
တချို့အရာတွေက ကျွန်တော်တို့ မထိန်းချုပ်ထားနိုင်ပါဘူး။ မထိန်းချုပ်နိုင်တဲ့ကိစ္စတွေကို ထိန်းချုပ်ဖို့ လိုက်ကြိုးစားနေရင်တော့ ကိုယ်ပဲစိတ်ဆင်းရဲသထက်ဆင်းရဲရမှာပါ။ အဲဒီ့တော့ အရာရာတိုင်းက ဖြစ်ချိန်တန်လို့ဖြစ်လာတာလို့သာ နှလုံးသွင်းလိုက်ပါ။

၂) ပိုကောင်းတာတွေဖြစ်လာဖို့အတွက်ပါ။
အဆိုးတွေဖြစ်လာတဲ့အခါ အဆိုးကိုပဲအာရုံစိုက်ပြီး ကောင်းတာတွေကို မမြင်နိုင်တော့ပါဘူး။ တကယ်တော့ အဆိုးတစ်ခုဖြစ်တိုင်း အကောင်းတစ်ခုလည်း မြင်တတ်ရင် တွဲပါလာတတ်ပါတယ်။ သင်ခန်းစာယူတတ်ရင် ပိုကောင်းတာတွေဖြစ်လာဖို့အတွက်ပဲပေါ့။

၃) သင်ထက်အရေးကြီးတဲ့သူမရှိပါဘူး။
သင်ကအရေးကြီးဆုံးပါပဲ။ သင့်ကို ခွန်အားပေးနိုင်တာလည်း သင်ပဲ။ သင့်ကို ဘာမှလုပ်ချင်ကိုင်ချင်စိတ်မဖြစ်ပေါ်စေတာလည်း သင်ပါပဲ။ အဲဒါကြောင့် သင့်ကိုသင်ဂရုစိုက်ရမယ်ဆိုတာ သတိထားပါ။ သင့်ကိုသင်ထိခိုက်မယ့်ကိစ္စတွေထဲမှာ စိတ်ဓာတ်ကျနေတာလည်း အပါအဝင်ပါပဲနော်။
၄) သင့်မှာ အံ့အားသင့်ဖွယ်ရာ အရည်အချင်းတွေရှိပါတယ်။
လူတိုင်းမှာ အစွမ်းအစကိုယ်စီရှိပါတယ်။ သင့်မှာလည်း သင်တောင်မသိသေးတဲ့ အံ့အားသင့်ဖွယ်ရာ အရည်အချင်းတွေရှိတာပေါ့။ သိဖို့ကြိုးစားပါ။ အားထုတ်ပါ။ စိတ်ညစ်စိတ်ပျက်ပြီး ငိုင်မနေဘဲ သင့်အရည်အချင်းတွေကို ဖော်ထုတ်လိုက်ပါ။

၅) သင်ကချစ်ခင်နှစ်သက်စရာကောင်းတဲ့သူပါ။
ဘယ်သူတွေဘယ်လိုမုန်းမုန်း၊ ဘယ်လိုပဲ မချစ်ခင်ပါစေ။ လောကမှာ ချစ်သူနဲ့မုန်းသူနှစ်မျိုးပဲရှိတာမဟုတ်လား။ ဘယ်သူတွေဘယ်လိုမုန်းပါစေ ကိစ္စမရှိပါဘူး။ သင့်ကိုချစ်ခင်တဲ့သူတွေကိုသာ အာရုံထဲထည့်ပါ။ ပျော်စရာကြီးဖြစ်နေပါလိမ့်မယ်။

၆) ခုလက်ရှိအချိန်က လုပ်စရာရှိတာလုပ်ဖို့အကောင်းဆုံးပါပဲ။
ခုချိန်လောက် ပိုကောင်းပြီး ပိုသင့်တော်တဲ့အချိန်လည်း မရှိနိုင်ပါဘူး။ လုပ်ချင်တာ၊ လုပ်သင့်တာမှန်သမျှ ခုချက်ချင်းလုပ်လိုက်တာအကောင်းဆုံးပါပဲ။

၇) ပြီးတော့လည်း ပြီးသွားမှာပါ။
ဘယ်လောက်ကြီးမားတဲ့ ကိစ္စမဆို ပြီးတော့လည်း ပြီးသွားတာပါပဲ။ ဘယ်အရာမှ အမြဲတစေ တည်မြဲပြီး ခက်ခဲနေတာမရှိပါဘူး။ ခုလက်ရှိကြုံနေတဲ့အခက်အခဲက နောင်တစ်ချိန်မှာ ရယ်စရာဖြစ်သွားတာပါပဲ။ ဘယ်လိုအခက်အခဲကြုံကြုံ ပြီးတော့လည်း ပြီးသွားမှာပါလို့ နှလုံးသွင်းလိုက်ပါ။ အဆိုးဆုံးတွေလို့ သင်ထားတာတွေကြုံပြီးရင် အကောင်းဆုံးတွေလာတော့မှာပါ။

၈) သင်က သင့်ပုံစံအတိုင်းနေလို့ရပါတယ်။
သင့်ပုံစံအတိုင်း သင်နေလို့ရပါတယ်။ ဘယ်သူက ဘယ်လိုပြောပါစေ….လူတိုင်းမှာ ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ်ပဲလေ။ အခြားသူတွေ ကျေနပ်အောင် အမြဲနေဖို့မလိုအပ်ပါဘူး။ ကိုယ်ပုံစံက အခြားသူကို စိတ်ပိုင်းဆိုင်ရာအရကော၊ ရုပ်ပိုင်းဆိုင်ရာအရကော မထိခိုက်ရင် ကိုယ့်ပုံစံအတိုင်းကိုယ်နေလို့ရတာပါပဲ။

၉) အကောင်းဆုံးတွေဖြစ်လာတော့မှာပါ။
အဆိုးဆုံးတွေကြုံပြီးတာနဲ့ အကောင်းဆုံးတွေလာတော့မှာပါ။ အရမ်းဆိုးဝါးတာတွေကြုံပြီးနောက်မှာတော့ ဒီထက်ဆိုးတာမရှိနိုင်တော့ဘူးလို့ မှတ်ထင်နေတတ်တယ်လေ။ အဲဒါကြောင့် ထပ်ကြုံလာသမျှက သူ့ထက်တော့ ပိုကောင်းတဲ့ဖြစ်ရပ်တွေချည်းဖြစ်မှာပါ။ အဲဒါကြောင့် အဆိုးတွေကြုံရတယ်ဆိုတာ ပိုကောင်းတာရလာဖို့ပါ။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။