အောင်မြင်သူရဲ့အားလပ်ချိန်မှာ လုပ်တတ်တဲ့အကျင့်များ

အောင်မြင်တဲ့သူတွေက သူတို့ရဲ့အချိန်ပိုတွေမှာ ဘာတွေလုပ်ကြသလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပိုပြီး အလုပ်ပြီးမြောက်နိုင်စွမ်းတိုးစေဖို့၊ ပိုကောင်းတဲ့အကျိုးရလဒ်တွေဖြစ်စေဖို့ဆိုတာက အလုပ်တွေချည်းဖိလုပ်နေတာထက် အားလပ်ချိန်ကလည်း အရေးကြီးပါတယ်။ သင့်မှာအားလပ်ချိန်မရှိလောက်အောင် အလုပ်ရှုပ်နေပေမယ့်လည်း အောင်မြင်နိုင်တာမဟုတ်ပါဘူး။ စိတ်ဖိစီးမှုတွေများနေပြီး၊ အားလပ်ချိန်မရှိတဲ့အတွက် လူကတောင် ရူးကြောင်ကြောင်ဖြစ်သွားနိုင်ပါသေးတယ်။ အဲဒါကြောင့် အောင်မြင်နေတဲ့သူတွေက သူတို့ရဲ့ အချိန်ပိုလေးတွေမှာ ဘာလုပ်သလဲဆိုတာ ဖတ်ကြည့်လိုက်ရအောင်။


၁) လေ့ကျင့်ခန်းလုပ်ခြင်း
လှုပ်ရှားမှုပြုခြင်းက ခန္ဓာကိုယ်အတွက်ကော စိတ်အတွက်ပါ ကောင်းမွန်စေပါတယ်။ အမျိုးမျိုးသော လေ့လာချက်တွေအရ တစ်နေ့လျှင် လေ့ကျင့်ခန်း မိနစ် ၃၀ခန့်လှုပ်ရှားတဲ့သူအနေနဲ့ ဦးနှောက်လုပ်ဆောင်ချက်ပိုကောင်းစေပြီး၊ စိတ်ခံစားချက်ပိုမိုကောင်းမွန်စေပါတယ်။ စိတ်ဖိစီးမှုကိုလျှော့ကျစေပါတယ်။ ဖန်တီးနိုင်စွမ်းတိုးလာစေပြီး စိတ်ကြည်လင်စေပါတယ်။ လေ့ကျင့်ခန်းက သင့်ကို တက်ကြွစေပြီး သင်လုပ်စရာရှိတဲ့အလုပ်တွေကို ပိုပြီး စိတ်ကြည်လင်စွာလုပ်ဆောင်နိုင်လို့ အလုပ်တွေလည်း ပိုပြီးပြီးမြောက်စေနိုင်ပါတယ်။

၂) ဝါသနာပါရာလုပ်ခြင်း
အောင်မြင်သူတွေကို လေ့လာကြည့်သလောက်မှာ အောင်မြင်သူတော်တော်များများက သူတို့ရဲ့ဘဝနေထိုင်မှုပုံစံမှာ အလုပ်အပြင် သူတို့စိတ်ဝင်စားရာ၊ ဝါသနာတစ်ခုခုကို ဖန်တီးနေတာမျိုး၊ ကြိုးစားနေတာမျိုး ရှိတတ်ကြပါတယ်။ ဖန်တီးနိုင်စွမ်းရဲ့ အရင်းအမြစ်ဖြစ်ပြီး စိတ်ဖိစီးမှုတွေကိုလည်း ပြေပျောက်စေပါတယ်။

၃) သင်ယူခြင်း
အောင်မြင်ခြင်းက တခါတရံမှာ သင်ယူရတာကိုနှစ်သက်ခြင်းလည်းဖြစ်ပါတယ်။ သင့်ကိုသင်သိအောင် သင်ယူခြင်းကလည်း သင့်ကို တခုခုရသွားစေနိုင်ပါတယ်။ တချို့ကတော့ အသစ်တွေသင်ယူဖို့နှစ်သက်ကြသလို၊ အချို့ကတော့ ဘာသာစကားအသစ်တွေသင်ယူကြပါတယ်။ အချို့ကတော့ နည်းပညာဆိုင်ရာအသစ်တွေကိုသင်ယူချင်ကြပါတယ်။ တစုံတခုကို အမြဲသင်ယူနေခြင်းက သင့်ရဲ့အသက်မွေးဝမ်းကျောင်းအတွက် အထောက်အကူဖြစ်နိုင်သလို၊ စီးပွားရေးဆိုင်ရာမှာလည်း အကျိုးရှိလာနိုင်ပါတယ်။ အဲဒါကြောင့် အောင်မြင်သူတွေက တစုံတခု အကျိုးရှိလိုရှိငြား အမြဲသင်ယူနေတာပါပဲ။

၄) စိတ်တည်ငြိမ်ခြင်း
ယောဂကျင့်သင့်တဲ့အဓိက အကြောင်းရင်းကတော့ စိတ်တည်ငြိမ်အေးချမ်းခြင်းပါပဲ။ စိတ်တည်ငြိမ်တဲ့အခါ စိတ်ပြေလျော့စေဖို့ အထောက်အကူဖြစ်စေပါတယ်။ အလုပ်ပြီးမြောက်အောင်ပိုပြီးလုပ်ဆောင်နိုင်လာပါတယ်။ သင့်ရဲ့ယေဘုယျကျန်းမာရေးအားလုံးကို ကောင်းမွန်စေပါတယ်။ တရားထိုင်ခြင်း ဒါမှမဟုတ် ယောဂကျင့်ခြင်းကိုပြုလုပ်ခြင်းက သင့်ရဲ့စိတ်တည်ငြိမ်စေပါတယ်။ အလုပ်တာဝန်တစ်ခုလို တစ်နေ့လျှင် မိနစ် ၂၀ခန့်ပုံသေထားပြီး လုပ်ကြည့်ပါ။ ပြင်ပကဖြစ်ပျက်နေသမျှကို အားလုံးမေ့ထားလိုက်ပြီးတော့ လုပ်ကြည့်သင့်ပါတယ်။

၅) ကူညီပေးခြင်း
အလုပ်တာဝန်အရမဟုတ်ဘဲ လူတစ်ယောက်ယောက်ကို အဆင်ပြေသွားအောင် ကူညီပေးလိုက်ခြင်းက သင့်ကို စိတ်ခံစားချက်အရကောင်းမွန်စေပါတယ်။ သင့်ရဲ့ လူမှုဆက်ဆံရေးမှာ အဆင်ပြေစေသလို၊ ကိုယ့်ရဲ့စီးပွားရေးမှာလည်း အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဥပမာ။ သင့်ရဲ့မုန့်ဆိုင်မှာ လာပြီး အားပေးတဲ့ ကာစတန်မာကို သင်က အကောင်းဆုံးကူညီပေးခြင်းဖြင့် သင့်ကို သဘောကျသွားတဲ့အခါ သင့်ရဲ့ပုံမှန်ကာစတန်မာမဖြစ်လာနိုင်ဘူးလား။ သင့်ရဲ့ကိုယ်ပိုင်ပြဿနာတွေမှာချည်း အာရုံစိုက်နေခြင်းက သင့်ကိုစိတ်ဖိစီးမှုတွေဖြစ်ပေါ်လာစေပါတယ်။ အဲဒါကြောင့် အခြားသူတွေကိုလည်း ကိုယ်ကူညီနိုင်တဲ့ဘောင်ထဲကနေ ကူညီပေးကြည့်ပါ။ သင့်ရဲ့စိတ်ဖိစီးမှုတွေပါ ပျောက်သွားပါလိမ့်မယ်။

၆) စာဖတ်ခြင်း
အမြဲတမ်း ခေတ်ကိုလိုက်မီချင်တယ်၊ ကိုယ်မမီခဲ့တဲ့ခေတ်တွေတုန်းက အကြောင်းကိုလည်း သိချင်တယ်ဆိုရင် လုပ်စရာကတော့ စာအုပ်တွေဖတ်ကြည့်ဖို့ပါပဲ။ စာဖတ်ခြင်းက သင့်စိတ်ကိုတည်ငြိမ်အေးချမ်းစေတဲ့အပြင် သတင်းတွေဖတ်ခြင်းအားဖြင့် ခုနောက်ဆုံးဘာတွေဖြစ်နိုင်သလဲဆိုတာကို သိနိုင်ပါတယ်။ ကိုယ့်ရဲ့စီးပွားရေးနဲ့ပတ်သက်တာကို ဖတ်တဲ့အခါမှာလည်း အကြံသစ်တွေရနိုင်ပါတယ်။ ကိုယ်အောင်မြင်ချင်တဲ့နယ်ပယ်ကလူတွေရဲ့ ကိုယ်ရေးအထုပ္ပတ္တိတွေကိုဖတ်ခြင်းဖြင့် သူတို့ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေ၊ ဒုက္ခတွေ၊ ပြဿနာတွေ၊ သူတို့ရဲ့ မဆုတ်မနစ် ကြိုးစားခဲ့ပုံတွေကို ဖတ်ရပြီး ကိုယ့်ကြုံတွေ့နေရတာတွေက အသေးအဖွဲလေးတွေဖြစ်ကြောင်း သိလာနိုင်ပါတယ်။ စိတ်ဓာတ်ခွန်အားဖြစ်နိုင်ပါတယ်။ ပြန်လည်ဆောက်တည်နိုင်လာပါလိ့မ်မယ်။

၇) မိသားစုအချိန်ပေးခြင်း
သင့်ကိုချစ်တဲ့ သင်ကလည်းချစ်ရတဲ့ သင့်ရဲ့မိသားစုတွေကို လျစ်လျူရှုမထားသင့်ပါဘူး။ တစ်ပတ်မှာ အချိန်လေးအနည်းငယ်ပေးလိုက်ရုံနဲ့ သူတို့အတွက်လည်း ပျော်စရာဖြစ်နိုင်ပါတယ်။ သင့်အလုပ်မှာဖြစ်ပျက်ခဲ့တာတွေ၊ စိတ်ဖိစီးနေတာတွေကိုမေ့ပစ်ပြီး အိမ်ပြန်ချိန်မှာ ပျော်ရွှင်စွာနေလိုက်ပါ။ အဲဒါက သင့်ကို စိတ်ဖိစီးမှုသက်သာစေနိုင်ပါတယ်။ ကျန်းမာပြီး ပျော်ရွှင်နေတဲ့သူတွေက အားလပ်ချိန်မှာ သူတို့ချစ်တဲ့သူတွေကို အချိန်ပေးသင့်တာကို နားလည်တတ်ပါတယ်။ အဲဒါက တကယ်တော့ အောင်မြင်မှုဆီသွားတဲ့ လှေကားကိုတက်နေတာပါပဲ။
https://www.success.com/want-to-be-successful-do-these-7-things-in-your-spare-time/ လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။