ကိုယ့်သမိုင်းကိုသာ အကောင်းဆုံးဖြစ်အောင်ရေးပါ။

ကိုယ့်သမိုင်းကို အကောင်းဆုံးဖြစ်အောင်ရေးတယ်ဆိုတာ ဘာကိုဆိုလိုတာပါလဲ။ ကိုယ်သေဆုံးသွားတဲ့အခါ ကိုယ့်ကိုယ်ဘယ်သူလူမျိုးအဖြစ်နဲ့လူတွေကို သတ်မှတ်ကြသလဲ။ ကိုယ့်ကိုယ်ဘယ်လိုမျိုးတန်ဖိုးသတ်မှတ်ကြသလဲဆိုတာ ကိုယ့်သေပြီးတဲ့အခါ ကျန်ခဲ့ရမယ့်ကိုယ့်သမိုင်းပါ။ ထိုသမိုင်းလှဖို့အတွက်က ငွေတွေအများကြီးနဲ့ဆိုင်ပါသလား။ စည်းစိမ်ဥစ္စာတွေအများကြီးနဲ့ဆိုင်ပါသလား။ တကယ်တော့ မဆိုင်ပါဘူးနော်။ ကိုယ်သေဆုံးသွားတဲ့အခါ ကိုယ်ဘယ်လောက်ချမ်းသာပါတယ်ဆိုတာလည်း ချန်ခဲ့ရမှာပါပဲ။ ကိုယ်ဘယ်လောက်ဆင်းရဲတယ်ဆိုတာလည်း ဘယ်သူကမှ အချိန်အတော်ကြာအောင် မှတ်မိမှာမဟုတ်နိုင်ပါဘူး။


ဆရာမကြီးမစန္ဒာရဲ့ စာပေဆုရစာအုပ်တစ်အုပ်ဖြစ်တဲ့ ဘဝအိပ်မက်၊ ပန်းအိပ်မက်ဆိုတဲ့ စာအုပ်ထဲမှာ “လူတစ်ဦးချင်းသည် သူ၏တန်ဖိုးကို သူ၏လုပ်ရပ်ဖြင့် ဘဝဇာတ်ခုံတွင် တင်ဆက်၍ သက်သေပြသွားကြမြဲဖြစ်လေသည်။” ဆိုတဲ့စာသားလေးပါပါတယ်။ လူတစ်ဦးချင်းက သူတို့ဘဝကို သူတို့ဘယ်လိုရှင်သန်နေထိုင်ခဲ့သလဲဆိုတဲ့ပေါ်မူတည်ပြီး ထိုလူရဲ့တန်ဖိုးဆိုတာဖြစ်လာတာပါ။ အဲဒီ့စကားက အရမ်းမှန်ပါတယ်။ လူတစ်ယောက်တန်ဖိုးရှိမရှိဆိုတာက ထိုလူရဲ့ ငွေကြေးချမ်းသာမှု၊ ပိုင်ဆိုင်မှုပစ္စည်းဥစ္စာတွေနဲ့ ပိုင်းခြားသတ်မှတ်ရတာမဟုတ်ပါဘူး။ ထိုလူရဲ့ဘဝကို တန်ဖိုးရှိစွာရှင်သန်တတ်မှုပေါ်မှာပဲ မူတည်တာပါ။ အဲဒါဆိုရင် ဘဝကို တန်ဖိုးရှိစွာရှင်သန်တတ်မှုဆိုတာက ဘာဖြစ်မလဲ။ ကိုယ့်ဘဝကြီးပိုပြီး အဆင့်အတန်းမြင်လာအောင် ငွေအများကြီးရှာတာမျိုးလား၊ ဇိမ်ခံကားတွေအများကြီးနဲ့ အိမ်ပေါင်းများစွာပိုင်ဆိုင်လာအောင် ငွေတွေအပုံလိုက်ရှာနိုင်တာမျိုးလား ဆိုတော့ မဟုတ်ပါဘူး။ အထက်ကပြောခဲ့သလိုပါပဲနော်။ ပစ္စည်းဥစ္စာ၊ ငွေကြေး၊ ရာထူးဂုဏ်ဒြပ်တွေအားလုံးက ကိုယ်သေသွားရင် ချန်ထားခဲ့ရမှာဖြစ်ပါတယ်။ ကိုယ်သေသွားတဲ့အခါ ချန်ထားခဲ့ရမယ့်အတူတူ မျှဝေခြင်း၊ စာနာနားလည်ခြင်း၊ ကိုယ်ချင်းစာခြင်း၊ သနားကြင်နာခြင်းဆိုတဲ့စိတ်တွေနဲ့ ကိုယ့်နိုင်သလောက် အခြားသူများအပေါ် တစ်စုံတစ်ခုအကျိုးရှိသွားအောင် အကျိုးပြုချင်တဲ့စိတ်လေးက ကိုယ့်အတွက်လည်း ငွေနဲ့မလဲနိုင်တဲ့ပီတိခံစားရမှာဖြစ်သလို အခြားသူတွေအတွက်လည်း အကျိုးရှိသွားစေမှာပါ။
မာသာထရီဇာကို ကျွန်တော်တို့ မမြင်ဖူးလိုက်ပေမယ့် သူမရဲ့နာမည်ကို မှတ်မှတ်ရရ သိကြပါတယ်။ မာသာထရီဇာလို့ ပြောလိုက်ရင် အကြင်နာဂရုဏာအပြည့်နဲ့ ပရဟိတသမားအဖြစ်မြင်ကြမှာဖြစ်သလို မြင့်မြတ်သူအဖြစ်သတ်မှတ်ကြပါလိမ့်မယ်။ မာသာထရီဇာကို မြင်လည်းမမြင်ဖူး၊ ရင်းနှီးကျွမ်းဝင်မှုမရှိကြဘဲ ဘာလို့များ အဲဒီလိုသတ်မှတ်ကြတာလဲဆိုရင် သူမအသက်မသေဆုံးမီ ပြုမူခဲ့တဲ့ အပြုအမူတွေကြောင့်ပါပဲလို့ ပြောကြမှာပါ။ အဲဒါက မာသာထရီဇာကို ကျွန်တော်တို့သတ်မှတ်တဲ့တန်ဖိုးပဲဖြစ်ပါတယ်။ မာသာထရီဇာနဲ့ပတ်သက်ပြီး အပြင်မှာ ရင်းနှီးမကျွမ်းဝင်ခဲ့ဖူးပါဘဲနဲ့ သူမကသူမရဲ့သမိုင်းကို လှအောင်ရေးခဲ့လို့သာ ကျွန်တော်တို့လိုမျိုးဆက်တွေက သူမအပေါ် ကောင်းတဲ့အမြင်၊ ချစ်ခင်လေးစားတဲ့စိတ်၊ ကြည်ညိုတဲ့စိတ်ဖြစ်ပေါ်ကြတာဖြစ်ပါတယ်။
အဲဒါဆိုရင် ဂျူးလူမျိုးတွေကို မျိုးတုံးသတ်ဖြတ်ခဲ့ပါတယ်လို့ နာမည်ကြီးတဲ့ ဟစ်တလာဆိုရင်ရော…..ကျွန်တော်တို့ ဘယ်လိုမြင်ကြပါသလဲ။ ဟစ်တလာဆိုတာနဲ့ ရက်စက်သူ၊ အတ္တကြီးသူ၊ တစ်ဖက်သတ်ဆန်သူ စသဖြင့် မကောင်းတဲ့အမြင်နဲ့သာတန်းမြင်ကြတာဖြစ်ပါတယ်။ ဟစ်တလာကိုလည်း မပတ်သက်ဖူး၊ မရင်းနှီးမကျွမ်းဝင်ဖူးဘဲနဲ့ ဘာလို့အဲဒီလို သတ်မှတ်ပါသလဲဆိုရင် သူလုပ်ခဲ့တဲ့လုပ်ရပ်တွေကြောင့်ပါပဲ။ အဲဒါသည်သာ သူ့အပေါ်သတ်မှတ်လိုက်တဲ့သူ့တန်ဖိုးဖြစ်သလို၊ သူ့ရဲ့သမိုင်းလည်း ဖြစ်နေပြန်ပါတယ်။ အဲဒါကြောင့် ကိုယ့်သမိုင်းကို လှအောင်ရေးဖို့လိုတယ်လို့ ပြောကြတာဖြစ်ပါတယ်။ ဥပမာ။ ဆေးသမားတစ်ယောက်ဟာ သူ့ဘဝကို အကျိုးရှိအောင် ရှင်သန်နေထိုင်နိုင်ပါ့မလား၊ သူ့ဘဝအတွက် အချိန်တွေက ဆေးသုံးဖို့သက်သက်သာရှင်သန်နေတာဖြစ်တဲ့အပြင် ပတ်ဝန်းကျင်ကလူတွေကိုတောင် ဒုက္ခပေးနိုင်ပါသေးတယ်။ ထိုလူမျိုးသေဆုံးသွားခဲ့ရင်ရော အခြားသူတွေက တခမ်းတနားသတိရလွမ်းဆွတ်နေပါ့မလား။ အဲဒီလိုပါပဲ…….အရက်သမား၊ ဖဲသမား၊ လောင်းကစားသမားစသဖြင့် ကိုယ့်ဘဝကို အကျိုးရှိစွာမရှင်သန်တဲ့လူတွေအတွက် သူတို့ရဲ့နေ့ရက်တိုင်းက တန်ဖိုးမဲ့နေသလို၊ အခြားသူတွေကိုပါ တနည်းနည်းနဲ့ ထိခိုက်စေနိုင်ပါသေးတယ်။ ထိုလူ့အဆိပ်တွေသေဆုံးသွားရင်လည်း ဘယ်သူကမှ တမ်းတလွမ်းဆွတ်နေမှာမဟုတ်ပါဘူး ။အဲဒါသည်သာ သူတို့ရဲ့တန်ဖိုးဖြစ်ပြီး သူတို့ရဲ့သမိုင်းပါ။
တစ်ခုရှိတာကတော့ ကိုယ်ကိုယ်တိုင်တော့ မကောင်းတဲ့အကျင့်စရိုက်တွေရှိနေလို့ကတော့ ဘာကိုမှအကျိုးရှိလာအောင် နေထိုင်ကျင့်ကြံနိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် ကိုယ့်သမိုင်းလှဖို့က ကိုယ့်ကိုယ်ကိုယ်အရင်ဆုံး အကောင်းဆုံးအကျိုးရှိစွာရှင်သန်တတ်ဖို့လိုပါတယ်။
ကိုယ့်သမိုင်းကိုလှအောင်ရေးဖို့အတွက် အသိဉာဏ်ရှိတဲ့လူသားအဖြစ်ရှင်သန်ရတဲ့ဘဝမှာ လူသားအချင်းချင်း အကြင်နာတရားထားကြမယ်၊ အပြန်လှန် ထောက်ထားငဲ့ညှာမယ်၊ အပြန်အလှန် အကျိုးပြုကြမယ်၊ ကိုယ်ရည်မှန်းထားတဲ့ဘဝကို ဖြစ်မြောက်အောင် ကြိုးစားမယ်၊ ကိုယ့်ဘဝကို အဓိပါ္ပယ်ရှိစွာ အကျိုးရှိရှိရှင်သန်မယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်လူမျိုး၊ ကိုယ်တိုင်းပြည်အတွက်ပါ အကျိုးရှိစေမှာဖြစ်ပါတယ်။ ဒီလိုပြောလိုက်လို့ ကြီးကျယ်လွန်းတဲ့ရည်မှန်းချက်မို့ ကျွန်တော်တို့လို သာမန်လူတွေအဖို့ မဖြစ်နိုင်ပါဘူးလို့ မတွေးစေချင်ပါဘူး။ တကယ်တော့ ကြီးကျယ်ခမ်းနားတဲ့အရာမှန်သမျှကို ကျွန်တော်တို့မလုပ်နိုင်ဘူးဆိုရင်တောင် အသေးအဖွဲလေးတွေက စလုပ်နိုင်ပါတယ်။ ဥပမာ။ ကျွန်တော်တို့ နေ့စဉ်ရှင်သန်နေတဲ့ဘဝမှာ တစ်နေ့တာလုံးကို အကျိုးရှိစွာအသုံးချမယ်၊ ကိုယ့်အတွက် ဘာသာစကားတခုခုတိုးတက်အောင်သင်ယူမယ်၊ ကိုယ့်ကျင့်တရားကိုဖျက်ဆီးစေမယ့် မကောင်းမှုမှန်သမျှမလုပ်မိအောင်နေမယ်၊ အလုပ်နဲ့ပတ်သက်တဲ့ ကျွမ်းကျင်တဲ့ skills တွေ ပိုပြီးတတ်မြောက်လာအောင် သင်ယူမယ်ဆိုရင် ကိုယ့်ဘဝကို အကျိုးရှိစွာရှင်သန်နေထိုင်တာပါပဲ။ အဲဒီလို ကိုယ့်ဘဝကို အကျိုးရှိစွာ ရှင်သန်နေထိုင်တတ်လာတဲ့သူတစ်ယောက်ကနေမှတဆင့် ကိုယ့်ပတ်ဝန်းကျင်ကလူသားအချင်းချင်း မလိုမုန်းထားစိတ်မထားဘူး၊ ဖေးမကူညီကြမယ်၊ ကိုယ့်ကြောင့်အခြားသူထိခိုက်နစ်နာနာကျင်သွားအောင် မလုပ်ဘူးဆိုတာမျိုးကတင် စတင်လို့ရနေပါပြီ။ ကိုယ့်ရပ်ကွက်၊ ကိုယ်ပတ်ဝန်းကျင်မှာ အကျိုးရှိစေမယ့် ပတ်ဝန်းကျင်သန့်ရှင်းရေးလိုမျိုး၊ နာရေးကူညီမှုလိုမျိုး ကနေစပြီး အကျိုးရှိအောင် နေထိုင်နိုင်ပါတယ်။ “ဘယ်အရာကိုမှကြီးကျယ်ခမ်းနားဖို့မျှော်လင့်ပြီးမလုပ်ပါနဲ့။ ဒါပေမယ့်အသေးအမွှားကိစ္စလေးတွေကိုတော့ ကြီးမားတဲ့ချစ်ခြင်းမေတ္တာနဲ့ဆောင်ရွက်ပါ။” ဆိုတဲ့စကားလိုပါပဲ။ သင့်ရဲ့နှလုံးသားနဲ့ တွေးတောခံစားကြည့်တတ်ပြီး နေထိုင်ပြုမူသွားမယ်ဆိုရင် သင့်သမိုင်းက မလှစရာမရှိတော့ပါဘူး။ အဲဒါကြောင့် ကြီးကျယ်လို့ မတတ်နိုင်လို့ မလုပ်ဘူးဆိုတာထက်စာရင် ကိုယ်တတ်နိုင်တဲ့အရာလေးတွေ အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ်အသိအမြင်ဗဟုသုတတိုးလာစေမယ့်အကျိုးရှိရှိ ဘဝကို ဖြတ်သန်းရှင်နိုင်ခြင်းက ကိုယ့်ပတ်ဝန်းကျင်နဲ့အခြားသူတွေကိုပါ အကျိုးရှိလာအောင် ကူညီနိုင်သလို ၊ လှုံ့ဆော်နိုင်လာစေမှာပါ။ ကိုယ်နိုင်တာလေးတွေကစပြီး ကိုယ့်ဘဝကို အကျိုးရှင်စွာရှင်သန်နေထိုင်ပါ။ ထိုကဲ့သို့ရှင်သန်နေထိုင်နိုင်လာခြင်းက သင့်သေဆုံးသွားတဲ့အခါ သင့်ကိုလူတွေအမှတ်ရနေစေမယ့် သမိုင်းကြောင်းဖြစ်လာမှာပါလို့ ဖော်ပြလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။