စာဖတ်မယ်ဆို ဘယ်လိုစာအုပ်မျိုးရွေးဖတ်သင့်သလဲ
စာဖတ်သောလူမျိုးသည် တိုးတက်ပြီး တိုးတက်သောလူမျိုးသည် စာဖတ်ကြသည် ဆိုတဲ့စကားကို ကြားဖူးကြမယ်ထင်ပါတယ်။ စာဖတ်တဲ့အခါ စဉ်းစားချင့်ချိန်ဉာဏ်ရင့်သန်ပြီး အမှားအမှန်ခွဲခြားနိုင်တာလည်း လူတိုင်းသိကြမှာပါ။ စာဖတ်ခြင်းက ရတဲ့အကျိုးကျေးဇူးတွေက အများကြီးရှိတဲ့အပြင် စာဖတ်သူနဲ့ စာမဖတ်သူူရဲ့ ဘဝကလည်း မတူကွဲပြားသွားလေ့ရှိပါတယ်။ ဟုတ်ပါပြီ။ စာဖတ်သူက စာဖတ်နေကျသူတစ်ယောက်ဆိုရင်တော့ ဘာမှထွေထွေထူးထူးပြောစရာမလိုပါဘူး။ ခုကတော့ စာမဖတ်တဲ့သူတွေအတွက်ပြောပြပေးချင်တာပါ။
ကဲ…..စာအုပ်တွေတော့ ဖတ်ဖြစ်နေပြီ ဆိုရင် စာအုပ်ကို ဖတ်တယ်၊ ခဏလေးနဲ့ ဘယ်နှစ်အုပ်ဖတ်ပြီးသွားတယ်ဆိုပြီး ဂုဏ်ယူတတ်ကြတာတွေ့ဖူးပါတယ်။ (အက်မင်ကတော့ တစ်အုပ်ကို အကြာကြီးဖတ်ရပါတယ်။ ဘာလို့ဆို ဖတ်ပြီးတိုင်း မျက်လုံးထဲမှာ ပုံဖော်တယ်၊ စဉ်းစားတယ်၊ စာအုပ်ထဲက ဇာတ်ကောင်နေရာမှာသာ ကိုယ်ဆို..ဘယ်လို၊ ဇာတ်ကောင်က ဘယ်လောက်တောင်ဆိုးသလဲ ဆိုတာမျိုး၊ ဇာတ်ကောင်က ဘယ်လောက်တောင် တော်သလဲ၊ ဒီလိုလူမျိုးတွေများလာရင်ကောင်းမှာပဲဆိုတာမျိုး၊ ဖတ်လိုက် ပုံဖော်လိုက်၊ စဉ်းစားလိုက်နဲ့ တစ်အုပ်ကို တော်တော်ကြာအောင်ဖတ်ရပါတယ်။)
ပြောချင်တာက စာဖတ်ပြီးရင် မြန်မြန်ဖတ်ပြီး မြန်မြန်ပြီးသွား၊ စာအုပ်ထဲက တကယ့်ပေးချင်တဲ့မက်ဆေ့က ဘာလဲ မသိလိုက်တာမျိုး မဖြစ်စေချင်ပါဘူး။ စာဖတ်ရင်း တွေးတော စဉ်းစားပေးပါလို့။ အဲဒီ့အကျင့်ကို သင့်ရဲ့ဦးနှောက်ကို အလုပ်လုပ်ခိုင်းတာဖြစ်တဲ့အတွက် သင့်ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေ ၊ စွမ်းရည်တွေ တိုးလာစေနိုင်ပါတယ်။
စာစဖတ်ချင်း ရှောင်သင့်တာ တစ်ခုရှိတာက စာအုပ်က သင့်အကြိုက်ဖြစ်မယ်၊ ရိုးရှင်းပြီး တွေးတောနိုင်တဲ့စာအုပ်မျိုးဖြစ်ဖို့တော့ လိုပါတယ်။ အရမ်းခက်တာမျိုးတော့ မရွေးပါနဲ့။ အရမ်းခက်ခဲတဲ့စာအုပ်မျိုးကို သူများကညွှန်းတိုင်း ရွေးပြီး ဖတ်မိရင် ငါးပါးမှောက်ပါလိမ့်မယ်။ ဖတ်နေကျသူအတွက် လွယ်ချင်လွယ်နေပေမယ့် ခုမှ စဖတ်မယ့်သူအတွက်ကတော့ ဖတ်လိုက်တာနဲ့ ပြန်တွေးလို့ နားမလည်နိုင်တဲ့စာအုပ်မျိုး၊ ဘာကိုဆိုလိုမှန်းမသိတဲ့စာအုပ်မျိုး၊ ဖတ်ပြီးစဉ်းစားတဲ့အခါ အဖြေဖော်ရခက်တဲ့စာအုပ်မျိုး (ပဟေဋ္ဌိ စာအုပ်မျိုး ဆိုလိုတာမဟုတ်ပါ)၊ မှတ်ရခက်တဲ့စာအုပ်မျိုးတွေကိုတော့ ရှောင်သင့်ပါတယ်။ ထိုစာအုပ်မျိုးဖတ်မိရင် စာဖတ်တာကို စိတ်ညစ်သွားတတ်ပါတယ်။ နောက်နေ့ စာအုပ်ကို ကိုင်ချင်စိတ်ဖြစ်တော့မှာမဟုတ်ပါဘူး။ ဘာစာအုပ်ကြီးမှန်းလည်း မသိပါဘူး၊ နောက်နေ့မှဖတ်တော့ပါမယ်၊ ဆိုရာကနေ ထပ်ပြီး စာဖတ်တဲ့ဆီရောက်တော့မှာမဟုတ်ပါဘူး။
အဲဒါကြောင့် စာဖတ်ကျင့်လည်း တကယ်ဖြစ်ချင်တယ်၊ စာလည်း စဖတ်ဖို့ တကယ်ကြိုးစားမယ်ဆိုရင် ကိုယ်ကြိုက်တာကိုသာရွေးဖတ်ပါ၊ ဖတ်လိုက်တာနဲ့ စာအုပ်ထဲမှာ အလိုက်သင်နစ်ဝင်သွားမယ်စာအုပ်မျိုးဖြစ်ပါစေ။ ဖတ်ပြီးတွေးတောတဲ့အခါ ကိုယ်သဘောပေါက်လွယ်တဲ့စာအုပ်မျိုးဖြစ်ပါစေ လို့ တိုက်တွန်းပြောပြလိုက်ရပါတယ်။
အားလုံးပဲ စာဖတ်ကျင့်လေး စတင်နိုင်ကြပါစေ။#Bawa101