ပျော်ရွှင်တဲ့မိခင်ဘဝဖြစ်ဖို့ အရိုးရှင်းဆုံးနည်းလမ်း၅ခု

မိခင်ဘဝက တောင်းဆိုစရာတွေနဲ့ ပူပန်စရာတွေများတယ်လို့ခံစားမိနေတယ်ဆိုရင် အခြားသူများနဲ့ အတူမရှိနိုင်ဘဲ ကိုယ်တစ်ယောက်ထဲလို့ခံစားနေရတယ်ဆိုရင် ပင်ပန်းလွန်းလို့ မိခင်တစ်ယောက်အနေနဲ့ ထိန်းချုပ်သင့်တာတွေကို မထိန်းချုပ်နိုင်တော့ဘူးလို့ ခံစားနေရတယ်ဆိုရင် သင်အရမ်းပင်ပန်းနေပါပြီ။ မိခင်ဘဝဆိုတာက အရမ်းကို ခက်ခဲပင်ပန်းပြီး ဖိစီးမှုများလှပါတယ်။ ဒါပေမယ့် မိခင်ဘဝမှာ ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာဖြစ်အောင်နေလို့ရနိုင်မယ့်အချက်လေးတွေရှိပါတယ်။


၁) အချိန်ဇယား ဒါမှမဟုတ် ဒီနေ့လုပ်ရမယ့်အလုပ်တွေ သတ်မှတ်ထားပါ။
အမေတစ်ယောက်ဖြစ်လာတဲ့အခါ တစ်အိမ်လုံးရဲ့အလုပ်အားလုံးကို လုပ်ဖို့ သတ်မှတ်ပြီးသားဖြစ်သွားပါတယ်။ အမြင်မတော်တာမှန်သမျှလည်း မနေနိုင်မထိုင်နိုင်လုပ်မိတတ်ပါတယ်။ အိမ်သန့်ရှင်းရေး၊ အဝတ်လျှော်၊ ပန်းကန်ဆေး၊ ဟင်းချက်၊ ထမင်းချက် စသည်ဖြင့် တစ်နေ့လုံး လုပ်လို့မကုန်နိုင်တဲ့အလုပ်တွေနဲ့ အားတယ်ဆိုတာ မရှိတော့ပါဘူး။ အလုပ်တွေက မြင်မြင်သမျှ ပေါ်နေတာဆိုတော့ အလုပ်ချိန်တောင်သတ်မှတ်ထားလို့မရနိုင်ပါဘူး။ အဲဒီ့အခါ မပြီးနိုင်တာတွေအတွက် ဖိစီးမှုပိုဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ဒီနေ့တော့ ဘာတွေကို ဦးစားပေးပြီးလုပ်မယ်၊ တပတ်လုံးလုပ်လို့ရတဲ့အလုပ်မျိုးကျတော့ တစ်ရက်တစ်မျိုးစီ အချိန်ဇယားထဲထည့်ဆွဲလိုက်ပါ။ နေ့တိုင်းလုပ်ရမယ့်အလုပ်ကျတော့ နေ့တိုင်းဆွဲတဲ့အချိန်ဇယားထဲထည့်ပါ။ အဲဒါက တစ်ပတ်အတွင်းမှာလည်း အလုပ်ပြီးသင့်တာပြီးသလို၊ နေ့တိုင်းမလုပ်မဖြစ် လုပ်ရမှာတွေလည်း ပြီးနိုင်ပါတယ်။
၂) အကူအညီလိုအပ်ရင်တောင်းပါ။
အမေတွေက super women တွေမဟုတ်ပါဘူး။ လုပ်နိုင်သလောက်လုပ်ပါ၊ ကိုယ်မတတ်နိုင်တာတွေအတွက်တော့ လုပ်နိုင်မယ်ထင်တဲ့သူကို တာဝန်ခွဲဝေပေးပါ။ အဲဒါမှ ဖိစီးမှုတွေ သက်သာမှာပေါ့။ ကလေးအဖေကိုလည်း ပြောပြတိုင်ပင်ပါ။ ကိုယ်မထမ်းနိုင်တဲ့ဝန်တွေအတွက် မျှကူပေးဖို့ ပြောပြထားပါ။ ဒါမှမဟုတ်ရင်လည်း မိသားစု၊ မိဘဆွေမျိုး၊ မောင်နှမတွေကို အကူအညီတောင်းသင့်တာတောင်းဖို့ ဝန်မလေးပါနဲ့။
၃) ပစ္စပ္ပုန်မှာ ရှင်သန်ပါ။
တခါတရံမှာ ကျွန်မတို့ပြီးဆုံးအောင် လုပ်ရမယ့်အရာတွေကိုချည်းတွေးနေပြီး စိတ်ပူပန်၊ စိတ်ရှုပ်ထွေး နေတတ်ပါတယ်။ အဲလို ပြီးဆုံးအောင် လုပ်ရမယ့်အရာတွေက ဒီနေ့လည်း ရှိနေမှာဖြစ်သလို၊ နောက်နေ့တွေမှာလည်း ရှိနေအုံးမှာပါပဲ။ အဲဒါကြောင့်မပြီးဆုံးနိုင်တဲ့ကိစ္စတွေအတွက် အမြဲပူပန်မနေဘဲနဲ့ ခုလက်ရှိအချိန်မှာပဲ ပျော်ရွှင်အောင်၊ စိတ်ကိုပေါ့ပါးစွာထားပြီး ရှင်သန်ပါ။ ခုလက်ရှိ ပျေ်ာရွှင်နေတဲ့အချိန်မှာ တခြားအာရုံနောက်စရာတွေကိုမစဉ်းစားပါနဲ့။ သင့်ကလေးနဲ့ သင်ကိုယ်တိုင်လည်း ကလေးတစ်ယောက်လို ဆော့ကစားခြင်းက ကလေးလည်း ပျော်ရွှင်နိုင်သလို၊ သင့်အတွက်လည်း ပျော်စရာအခိုက်အတန့်ဖြစ်မှာပါ။ အဲဒါကြောင့် ဘယ်လောက်စိတ်ပူပန်စရာတွေတန်းစီနေပါစေ။ ခုလက်ရှိအချိန်မှာ ပျော်အောင်နေကြည့်ပါ။
၄) အနားယူပါ။
တစ်နေ့လုံး လုပ်ရမယ်ဆို အလုပ်တွေက အများကြီးပါပဲ။ ဒါပေမယ့် ဒီနေ့အတွက် အရေးကြီးတာလေးတွေဖြစ်ဖြစ် ပြီးသင့်သလောက်ပြီးတယ်ဆိုရင် ခဏတဖြုတ်အနားယူပါ။ အနားယူခြင်းက နောက်ထပ်အလုပ်တွေထပ်လုပ်နိုင်ဖို့ အားဖြစ်စေသလို ပြန်ပြီး လန်းဆန်းစေနိုင်ပါတယ်။ အထူးသဖြင့် ကလေးငယ် အိပ်စက်နေချိန်မှာ အမေလည်း အတူအိပ်စက်တာပိုကောင်းပါတယ်။
၅) ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့အကျင့်လုပ်ပါ။.
ကလေးအမေဖြစ်ရင် ကိုယ့်ကိုကိုယ်တောင် လှပအောင် ဂရုမစိုက်နိုင်တော့တာမျိုး မဖြစ်စေပါနဲ့။ ကိုယ့်ကိုကိုယ်ပုံမှန်ဂရုစိုက်တဲ့အကျင့်လေး လုပ်ပါ။
နေ့ရက်တိုင်းမှာ ကိုယ့်ကိုကိုယ် ပိုချစ်ဖို့လည်း အချိန်လေးထားပေးပါ။ ဥပမာ။ မောလာရင် အနားယူမယ်ဆိုတာမျိုး၊ အိမ်မှာနေပေမယ့် သပ်ရပ်သန့်ရှင်း ကြော့ကြော့မော့မော့နေမယ်ဆိုတာမျိုး၊ ကိုယ်စားချင်တာလေး ဝယ်စားမယ်ဆိုတာမျိုး၊ ကိုယ်လိုချင်တာလေး ဝယ်မယ်ဆိုတာမျိုးပေါ့။ အလွန်အကျွံ့သုံးဖြုန်းနေတာမျိုးမဟုတ်ဘဲ ကိုယ့်ကိုကိုယ် နှစ်သက်တာလေးတွေလုပ်ရင်းနဲ့ ပျော်အောင်နေပါလို့ တိုက်တွန်းလိုက်ရပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။