မနေ့ကထက် ဒီနေ့မှာ ပိုတော်လာပါစေ။
လူဆိုတဲ့သဘောက အခြားလူတွေရဲ့ အကျင့်စရိုက်၊ ကောင်းခြင်း၊ ဆိုးခြင်းစသဖြင့် မြင်လွယ်ပါတယ်။ အဲဒါကြောင့် ဝေဖန်ရတာပိုလွယ်တယ်လို့ပြောကြတာပါ။ ပြုပြင်ဖို့သာ ခက်တာပါ။ အဲဒါကြောင့်လည်း အပြစ်မြင်စရာရှိ ပိုမြင်တတ်သလို၊ အားကျစရာရှိလည်း ပိုပြီးအားကျတတ်ပါတယ်။ အဲဒီ့လိုပါပဲ ဝေဖန်စရာရှိလည်း ကိုယ့်ကိုယ်ကိုယ်ဝေဖန်တာထက် အခြားသူကို ဝေဖန်ရတာက ပိုပြီး ဝေဖန်လို့ကောင်းနေတတ်ပါတယ်။ အဲဒါဆိုရင် အခြားသူကို ဝေဖန်လိုက်ပါပြီတဲ့။ ဝေဖန်ခြင်း ၂မျိုးခွဲနိုင်ပါတယ်။ အပြုသဘောနဲ့ ဝေဖန်ခြင်း ရယ်၊ အပျက်သဘောနဲ့ ဝေဖန်ခြင်းရယ်ပါ။ အပြုသဘောနဲ့ဝေဖန်ခြင်းရဲ့ ရည်ရွယ်ချက်ကတော့ စေတနာနဲ့ သူ့ကို ပိုကောင်းစေချင်တဲ့စိတ်ကိုအခြေခံပြီး အကြံပေးလိုက်တဲ့သဘောပါ။ အဲဒီ့ဝေဖန်ချက်ကို တစ်ဖက်လူကလည်း ကောင်းမွန်စွာလက်ခံပြီး ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ပြုပြင်မယ်ဆိုရင် ပိုပြီး အမှားနည်းသွားမယ်၊ ပိုတော်လာမယ်၊ ပိုကောင်းမယ့်အခြေအနေတစ်ခုဖြစ်လာနိုင်တာပေါ့။
အဲဒီလိုအပျက်သဘောဝေဖန်ခြင်းမျိုးကို လုပ်တဲ့အခါ ကာယကံရှင်က နားမထောင်၊ လက်မခံ၊ မခံစားဖူးဆိုရင် ဘာမှမဖြစ်ပေမယ့် နားထောင်၊ ခံစားမယ်ဆိုရင် ကာယကံရှင်မှာ စိတ်ထိခိုက်ပြီး ပြောတဲ့သူမှာလည်း မကောင်းနိုင်ပါဘူး။ နောက်ဆုံး ပြောတဲ့သူဟာ ကိုယ့်အကျိုးရှိတဲ့ကိစ္စတစ်ခုမှမဖြစ်လာဘဲ ပြောတဲ့သူရဲ့ တန်ဖိုးရှိတဲ့အချိန်တွေဟာအလကားကုန်ဆုံးသွားတာပါပဲ။
အဲဒါဆိုရင် ဝေဖန်ခြင်းမှာ အပျက်သဘောဝေဖန်ခြင်းဟာ လုံးဝမလုပ်သင့်တဲ့အထဲမှာ ပါပါတယ်။ အခြားလူတစ်ယောက်ရဲ့ပြောကွက်ကိုရှာရင်း ကိုယ့်အတွက် ဘာမှအကျိုးရှိတာဖြစ်မလာနိုင်ဘဲ အလကားအချိန်ကုန်သွားတာကြောင့် အချိန်တန် ကိုယ်ပဲ ဆုတ်ယုတ်တာမျိုးပါ။ ဖေ့ဘုတ်သုံးတာ ခေတ်စားလာတဲ့အခါမှာ လူတွေအကြောင်းကို ပိုပြီး ပွင့်လင်းစွာသိလာရပါတယ်။ တစ်ယောက်ယောက်အပြစ်ပြောစရာတွေ့လိုက်ရင် အဲဒီ့ပိုစ့်တစ်ခုရဲ့အောက်မှာ အပျက်သဘောဆောင်တဲ့ ဝေဖန်မှုစကားလုံးတွေကို အချိန်အကုန်ခံပြီး မန့်ကြ၊ ဆဲကြ၊ ရေးကြတာတွေ အတွေ့များလာရပါတယ်။ အဲဒီလိုအပျက်သဘောဆောင်တဲ့စကားတွေမန့်ခြင်းက သေချာပြန်တွေးကြည့်ရင် ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်တောင်ပဲ့ပါသွားပါသေးတယ်။
တကယ်တော့ သူမှားနေတယ်ဆိုရင်တောင် သူ့အမှားဖြစ်ပါတယ်။ တနည်းအားဖြင့် သူ့ကိစ္စပါ၊ ကိုယ်က တဖက်လူ့ရဲ့အမှားကိုကြည့်ပြီး “အော်…..အဲလိုဖြစ်တတ်ပါလား..ငါ့အလှည့်ကျရင် အဲလိုမဖြစ်အောင် ဆင်ခြင်ရမယ်” ဆိုတဲ့အတွေးမျိုးနဲ့ သင်ခန်းစာယူတတ်မယ်ဆိုရင် အချိန်တွေအလကားမကုန်တော့သလို၊ ကိုယ်လည်း အမှားနည်းလာပါလိမ့်မယ်။ “လူတွေဟာ ပြဿနာကို မဖြေရှင်းဘဲ ထိုပြဿနာတွေထဲမှာတင်အချိန်ကုန်နေတတ်ကြပါတယ်” တဲ့။ အဲဒါကြောင့် ပြဿနာကြားထဲရောက်ပြီးရင်းရောက်နေကာ အဖြေမထွက်နိုင်ကြပါဘူး။ ကိုယ်တိုင်လည်း မတိုးတက်နိုင်တော့ပါဘူး။ “အခြားသူတွေကို သင်ဘယ်လိုမြင်လဲဆိုတဲ့အမြင်ထက် ကိုယ့်ကိုယ်ကိုယ်ဘယ်လိုမြင်လဲ” ဆိုတာက ပိုအရေးကြီးတာပါ။ အခြားသူကို ဝေဖန်မယ့်အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဝေဖန်သုံးသပ်ကြည့်လိုက်ပါ။ “ဟယ်….သူက ဆိုးလိုက်တာ” လို့ဝေဖန်မယ့်အစား ကိုယ်ရော….အဲလိုဆိုးနေသလားဆိုတာပြန်တွေးကြည့်တာက ကိုယ့်အတွက် အမှားနည်းစေပါတယ်။
အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဝေဖန်သုံးသပ်တာက ပိုအကျိုးရှိပါတယ်။ မနေ့က ကိုယ်ထက် ဒီနေ့ကိုယ်က ပိုတော်လာသလားဆိုတာ တွေးရမှာဖြစ်ပါတယ်။ မနေ့တုန်းကတော့ ဘာတွေသင်ယူခဲ့သလဲ၊ ဘာအမှားတွေပြင်ခဲ့သလဲ၊ ဘယ်လောက်ကြိုးစားခဲ့သလဲ ဆိုတာကိုသာ ပြန်တွေးပြီး ဒီနေ့မှာရော…..ကိုယ်ဘာလုပ်နေသလဲ၊ ဘာတွေပိုတော်လာသလဲ၊ ဘယ်အရည်အချင်းတွေ ပိုတိုးတက်လာသလဲလို့ ပြန်ဝေဖန်ပါ။ သုံးသပ်ကြည့်ပါ။ ကိုယ့်စိတ်လေးကို သတိလေးထားပြီး အခြားလူကို ဝေဖန်တော့မယ့်အချိန်မှာ ကိုယ့်ကိုယ်ကိုယ်ဝေဖန်သုံးသပ်လိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။