အကောင်းမြင်စိတ်ရရှိစေဖို့ လက်တွေ့ကျင့်သုံးသင့်သော နည်းလမ်း ၇ချက်

ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာအရကော အကောင်းမြင်စိတ်နဲ့ မြင်တတ်ခြင်းက အကျိုးကျေးဇူးတွေအများကြီး ရှိပါတယ်။ အကောင်းမြင်စိတ်က သင့်ကို ပိုပြီး ယုံကြည်မှု တိုးလာစေပါတယ်။ သင့်ရဲ့ခံစားချက်ကိုလည်း ကောင်းမွန်စေပါတယ်။ စိတ်ဂဏှာမငြိမ်ဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်နိင်တဲ့အခြားသော ရောဂါများကို လျော့ကျစေနိုင်ပါတယ်။ အဲဒါဆိုရင် အကောင်းမြင်တတ်ခြင်းရဲ့စွမ်းအင်က ဘာလဲဆိုတာ ပြောပြပေးပါရစေ။


ကိုယ့်ကိုကိုယ်အကောင်းမြင်ခြင်း၊ ယေဘုယျအတွေးအမြင်တွေမှာ ဒါမှမဟုတ် ကိုယ်လုပ်ရမယ့်အရာတွေအပေါ်မှာ အကောင်းမြင်စိတ်ဖြစ်ပေါ်ခြင်းဖြစ်ပါတယ်။
သင့်ရဲ့အတွေးတွေ ပိုပြီး အကောင်းမြင်တဲ့ဘက်ကို ရောက်ချင်တယ်ဆိုရင် သင်ကြုံတွေ့နေရတာတွေအပေါ်မှာ သင်တွေးတဲ့အတွေးတွေကို ဂရုစိုက်ရမှာဖြစ်ပါတယ်။

၁) နေ့တစ်နေ့ရဲ့အစကို အကောင်းမြင်တဲ့စိတ်နဲ့စတင်ပါ။
အလုပ်တွေကို ညည့်နက်တဲ့အထိ လုပ်နေမိတာလား။ မနက်အိပ်ရာထချိန်မှာ စိတ်ရှုပ်နေပြီး ဘယ်အရာမှ အဆင်မပြေဘူးလို့ခံစားရတယ်ဆိုရင်တော့ သင့်ရဲ့တစ်နေ့တာကို မကောင်းတဲ့ခံစားချက်နဲ့နိုးထစေတာပဲဖြစ်ပါတယ်။ အဲဒါဆိုရင် ထိုအကျိုးဆက်ကနေ အခြားဖြစ်ရပ်တွေအပေါ်ကိုပါ မကောင်းတဲ့အမြင်တွေဆက်သွားပါလိမ့်မယ်။ အဲဒါကြောင့်မနက်အိပ်ရာထတာနဲ့ သင့်ကိုသင် မှန်ထဲမှာကြည့်ပြီး “ဒီနေ့ကို အကောင်းဆုံးဖြစ်အောင် ရှင်သန်မယ်” “ဒီနေ့ တစ်နေ့လုံး အံ့သြစရာကောင်းတဲ့ဖြစ်ရပ်တွေနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်” စသည်ဖြင့် ကိုယ့်ကိုကိုယ်ပြောကြည့်ပါ။ တစ်နေ့တာလုံးကို စိတ်ကြည်လင်စွာနဲ့ အကောင်းမြင်တတ်ဖို့ အရေးကြီးပါတယ်။

၂) ဘယ်လောက်သေးငယ်တဲ့ကိစ္စဖြစ်ပါစေ ကောင်းတဲ့အရာတွေအပေါ်မှာသာ အာရုံစိုက်ပါ။
တစ်နေ့တာလုံးမှာ ကျွန်တော်တို့ကြုံတွေ့သမျှ အကောင်းချည်းပဲတော့ ရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က မကောင်းတဲ့အကြောင်းအရာပေါ်မှာချည်း အာရုံထားနေရင် တစ်နေ့လုံးအဆင်ပြေတော့မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် တစ်နေ့လုံးကြုံတွေ့လာသမျှထဲမှာမှ ဘယ်လောက်ပဲသေးငယ်တဲ့ကိစ္စဖြစ်ပါစေ၊ ကောင်းတဲ့အရာကိုသာ အာရုံထားပါ။ ဘတ်စ်ကားတွေ မီးပွိုင့်မိလို့ ကြပ်နေတယ်ဆိုရင် အဲဒါကို စိတ်ညစ်နေတာမှန်ပေမယ့် နားကြပ်လေးထုတ်ပြီး သီချင်းလေးနားထောင်နေလိုက်တာမျိုး၊ ဒါမှမဟုတ် listing skill တိုးတက်စေမယ့် အင်္ဂလိပ်အသံဖိုင်တစ်ခုလောက်နားထောင်နေလိုက်တာမျိုးပါ။

၃) ဆိုးတဲ့အခြေအနေမျိုးမှာတောင် ရယ်စရာဟာသကို ရှာပါ။
ခက်ခဲနေတဲ့အချိန် ဒါမှမဟုတ် ဆိုးရွားတဲ့အခြေအနေမျိုးမှာတောင် ရယ်စရာတွေပြောပြီးရယ်နေတာမျိုး၊ ဒါမှမဟုတ် ဆိုးတဲ့ဖြစ်ရပ်ကို ရယ်စရာလုပ်ပစ်လိုက်တာမျိုးပါ။

၄) ကျရှုံးမှုတွေကို သင်ခန်းစာအဖြစ်ပြောင်းလိုက်ပါ။
သင်က အရာအားလုံး ပြည်စုံတဲ့သူမဖြစ်နိုင်ပါဘူး။ သင်လည်းအမှားလုပ်မိနိုင်ပါတယ်။ ကျရှုံးမှုမျိုးကြုံရနိုင်ပါတယ်။ ကျရှုံးမှုကြုံလာတဲ့အခါ နောင်တစ်ချိန်ဘယ်လိုပြန်ပြီး ကြိုးစားမလဲဆိုတာတွေးပါ။ သင့်ရဲ့ကျရှုံးမှုကို နောင်တစ်ကြိမ်အောင်မြင်ဖို့ သင်ခန်းစာအဖြစ်ပြောင်းလဲပစ်လိုက်ပါ။

၅) ကိုယ့်ကိုကိုယ်အဆိုးမြင်တဲ့စကားတွေကို အကောင်းမြင်တဲ့ဘက်ကိုပြောင်းလဲပစ်လိုက်ပါ။
“ဟယ်…ငါက ဝလိုက်တာ၊ ငါက ရုပ်ဆိုးလိုက်တာ၊ ငါလုပ်နိုင်မှာမဟုတ်ဘူး၊ ငါ့အတွက် မဖြစ်နိုင်ပါဘူးလေ” စတဲ့ အဆိုးမြင်စကားတွေ ကိုယ့်ကိုကိုယ်ပြောမိတတ်ကြပါတယ်။ အဲဒါက သင့်ကိုသင်ယုံကြည်မှုကို ပျောက်ဆုံးစေပါတယ်။ ထိုကဲ့သို့အဆိုးမြင်စကားတွေပြောနေမိရင် ကိုယ့်ကိုကိုယ်အကောင်းမြင်တဲ့စကားမျိုးပြောတတ်အောင် ပြုပြင်ပါ။ “ငါဘာလို့မလုပ်နိုင်ရမှာလဲ၊ ငါလုပ်ကိုလုပ်နိုင်တယ်၊ ငါဖြစ်အောင်လုပ်ပြမယ်” စသည်ဖြင့်ပေါ့။ အဲလိုတွေးလိုက်တာနဲ့ သင့်ကိုယ်သင်ယုံကြည်မှု ပိုတိုးလာပါလိမ့်မယ်။ တကယ်လည်းမဖြစ်ဖြစ်အောင် ကြိုးစားဖြစ်လာပါလိမ့်မယ်။

၆) လက်ရှိပစ္စုပ္ပန်ကိုသာ အာရုံစိုက်ပါ။
ဖြစ်ပြီးသမျှကို မေ့ပစ်လိုက်ပါ။ အတိတ်ကို ပြန်တွေးပြီး ဝမ်းနည်းအားမငယ်နေပါနဲ့။ လက်ရှိပစ္စုပ္ပန်ကိုသာ အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲတွေးပါ။ အဲဒါက အချိန်ကုန်လည်းသက်သာစေပါတယ်။ သင့်ခံစားနေရတာတွေလည်း ခဏတဖြုတ်အာရုံလွှဲထားနိုင်ပါတယ်။ လက်ရှိလုပ်စရာရှိတာကိုသာ အာရုံစိုက်ထားတဲ့အတွက် သင့်ဘဝလည်း ပိုတိုးတက်လာစေနိုင်ပါတယ်။

၇) အကောင်းမြင်စိတ်ရှိတဲ့သူငယ်ချင်းတွေရှာပါ။
“ဒီလောက်တော့ နင်လုပ်နိုင်ပါတယ်။ လုပ်ကြည့်စမ်းပါ။ နင့်အသားအဲလောက်မမည်းပါဘူး။ နင်အဲလောက်လည်းမဝပါဘူး” စသည်ဖြင့် ကိုယ့်ကိုအကောင်းမြင်တဲ့စိတ်နဲ့အားပေးတတ်တဲ့ အပေါင်းအသင်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ သင့်ကိုသင်ဝန်းရံပါ။ အဲဒါက သင့်အတွက် ပိုပြီး အကောင်းမြင်စိတ်ဖြစ်ပေါ်စေပါတယ်။ အကောင်းမြင်စိတ်ဖြစ်လာအောင် ကျင့်ယူဖို့လည်း လွယ်စေပါတယ်။ #BAWA101

ဘဝ စာမျက်နှာ

ကြော်ငြာများ

အခြား စိတ်ဝင်စားဖွယ် စာဆောင်များ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။