ဆင်းရဲခြင်းက မအောင်မြင်ခြင်းရဲ့ အကြောင်းရင်းလား

မအောင်မြင်တဲ့သူတော်တော်များများမှာ အကြောင်းပြချက်ကောင်းကောင်းတွေရှိတတ်ကြပါတယ်။ အဲဒီ့အကြောင်းပြချက်ကောင်းကောင်းတွေကို လက်ခံထားတဲ့အတွက်ကြောင့်ပဲ သူတို့က မအောင်မြင်ကြတာပါ။


ဘောလုံးသမားဖြစ်ချင်တယ်ဆိုတဲ့သူတစ်ယောက်က ဘောလုံးကန်စရာ ဖိနပ်မရှိလို့ဆိုတာမျိုး၊ စီးပွားရေးအတွက် ဘာတွေဖြစ်သင့်တယ် ၊ ဘယ်အရာက ဘယ်လိုအောင်မြင်နိုင်တယ်ဆိုတာသိပေမယ့် ငွေမရှိလို့ဆိုတာမျိုး၊ စသည်ဖြင့်ပေါ့ အကြောင်းပြချက်တွေပေးတတ်ပါတယ်။ အကြောင်းပြချက်တွေကိုနားထောင်လိုက်ရင် အောင်မြင်ချင်တဲ့သူတစ်ယောက်အတွက်တော့ ပါမွှားလေးတွေဖြစ်ပေမယ့် သူတို့အတွက်တော့ သူတို့ဘဝ၊ သူတို့ရည်မှန်းချက်ကို ဖျက်ဆီးတဲ့ အဓိက ရန်သူကြီးတစ်ယောက်လိုတွေးနေတတ်ပါတယ်။ မအောင်မြင်တဲ့သူတော်တော်များများက ဆင်းရဲခြင်းကြောင့်လို့လည်း လွှဲချတတ်ပါသေးတယ်။
မအောင်မြင်ရခြင်းရဲ့အဓိကအကြောင်းရင်းကတော့ အောင်မြင်ချင်စိတ်ပါပဲ။ အောင်မြင်အောင်မကြိုးစားခင် အဟန့်အတားတွေကို အရင်ကြိုတွေးပြီး အားလျော့လိုက်ခြင်းက မအောင်မြင်နိုင်တော့ပါဘူး။ သင်က ဆင်းရဲသားလူတန်းစားဖြစ်နေပါစေအုံး ၊ အောင်မြင်ဖို့ပဲတွေးမယ်၊ ဘယ်လိုအောင်မြင်အောင်လုပ်ရမလဲလို့ပဲတွေးနေရင် လမ်းကြောင်းတစ်ခုခုတော့တွေ့တတ်ပါတယ်။ အဲလိုမဟုတ်ဘဲ “ဘယ်လိုလုပ်အောင်မြင်နိုင်ပါ့မလဲ…..ငါတို့က ဆင်းရဲတာကိုး” ဆိုတဲ့အဟန့်အတားအတွေးကို အရင်တွေးလိုက်တာနဲ့တစ်ပြိုင်တည်း လမ်းပျောက်သွားတတ်ပါတယ်။

ဆင်ပေါက်လေးဘဝတုန်းက ဆင်ထိန်းက ဆင်ပေါက်လေးရဲ့ခြေထောက်ကို ငုတ်တိုင်နဲ့ချည်ထားလိုက်ပါတယ်။ ဆင်ပေါက်လေးက လမ်းလျှောက်ချင်တဲ့အခါ ခြေကိုကြွပြီးလှမ်းပါတယ်။ တစ်ခါလှမ်းလည်း လှမ်းမရ၊ နှစ်ခါလှမ်းလည်း လှမ်းမရ အခါခါ လှမ်းလည်းမရဘဲ ချည်နှောင်ထားတာကို သိတဲ့အခါ ထပ်ပြီး လမ်းလျှောက်ဖို့ မကြိုးစားတော့ပါဘူး။ အဲဒီလိုနဲ့ ဆင်ပေါက်လေးဘဝကနေ ဆင်ကြီးအဖြစ်ကိုရောက်သွားလည်း ဆင်ပေါက်လေးဘဝထဲကအတွေးက ဆင်ကြီးအရွယ်ရောက်တဲ့အထိ မပြောင်းလဲပါဘူး။ ဆင်ထိန်းအတွက်ကတော့ ဆင်ကြီးကိုလည်း ဆင်ပေါက်လေးဘဝက ကြိုးလေးနဲ့ပဲ ချည်နှောင်ပြီး စိတ်ချလက်ချထားလိုက်ရုံပါပဲ။ အဲဒါက ဘာလဲဆိုရင် တကယ်မကြိုးစားကြည့်တော့ဘဲ ကြိုးစားလည်းရမှာမဟုတ်ဘူးဆိုတဲ့ အတွေးကြောင့်ပါပဲ။ အတွေးလေးတစ်ခုတည်းကပဲ သင့်ဘဝကို ပြောင်းလဲပစ်လိုက်တာပါ။
ဖြစ်အောင်လုပ်မယ်လို့တွေးလို့ ဖြစ်အောင်ကြိုးစားနိုင်တာလဲ သင်ပါပဲ။ ဆင်းရဲလို့ မဖြစ်နိုင်ပါဘူးလို့ တွေးပြီး ဘာမှမဖြစ်မြောက်နိုင်မှာလဲ သင်ပါပဲ။ သင်တွေးတဲ့အတွေးလေးတစ်ခုက အဓိကသော့ချက်ပါပဲ။
ဆင်းရဲလို့ မအောင်မြင်နိုင်ဘူးထင်နေတဲ့အတွေးလည်း ထို့အတူပါပဲ။ ဘာမှမကြိုးစားကြည့်ရသေးဘဲ မဖြစ်နိုင်ပါဘူးဆိုတဲ့အတွေးက သင်စလုပ်မယ့်အလုပ်ကို ဖျက်ဆီးပစ်လိုက်တာပါပဲ။

“အောင်မြင်တဲ့သူတစ်ယောက်နဲ့ အခြားသူတွေရဲ့ခြားနားချက်က ခွန်အားကင်းမဲ့ခြင်း၊ အသိဉာဏ်ပညာကင်းမဲ့ခြင်းမဟုတ်ပါဘူး။ အကောင်အထည်ဖော်ချင်စိတ် ကင်းမဲ့ခြင်းပါ” ဆိုတဲ့စကားအတိုင်းပါပဲ။ အကောင်အထည်မဖော်ရသေးခင်မှာပဲ မဖြစ်နိုင်ဘူးဆိုတဲ့အဖျက်စိတ်က အောင်မြင်မှုကို ဖျက်စီးပြီးသားဖြစ်နေတတ်ပါတယ်။ ခုလက်ရှိအောင်မြင်နေတဲ့သူတွေမှာ ထိုစိတ်မျိုးသာရှိနေခဲ့ရင် အောင်မြင်တဲ့ဘဝတောင်ရောက်လာနိုင်မှာမဟုတ်ပါဘူး။
အောင်မြင်သူတွေက မဖြစ်နိုင်ပါဘူးဆိုတဲ့စိတ်ကို မသိတာမဟုတ်ပါဘူး။ သိရက်နဲ့ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ရှိတာပါ။ ကျရှုံးမှုတွေအကြိမ်ကြိမ်ကြုံပေမယ့် အနိုင်ရချင်တဲ့စိတ်အားထက်သန်မှုကို မစွန့်လွှတ်လို့ပဲဖြစ်ပါတယ်။
Oprah Winfrey က ငယ်စဉ်က ဆင်းရဲလွန်းလို့ ဂုန်နီအိတ်လို အာလူးထည့်တဲ့အိတ်တွေကိုတောင် အဝတ်လိုဝတ်ဆင်ခဲ့ရတယ်ဆိုပြီး ဖတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီနေ့မှာ သူကအကျော်ကြားဆုံးရုပ်သံအစီအစဉ်တင်ဆက်သူဖြစ်နေပြီး သန်းပေါင်းများစွာချမ်းသာသူဖြစ်နေပါပြီ။

ဘီလီယံနာတွေဆိုတာက ချမ်းသာတဲ့ဘဝကဆင်းသက်လာတဲ့သူတွေမဟုတ်ပါဘူး။ ဘာမှမရှိတဲ့ဘဝကနေ ဆင်းသက်လာတဲ့သူတွေအများကြီးပါပဲ။ ဒီနိုင်ငံမှာနေလို့ ဘီလီယံနာတော့မဖြစ်နိုင်ဘူးဆိုတဲ့စကားမပြောစေချင်ပါဘူး။ ဘယ်နေရာမှာမဆို ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ပဲအရေးကြီးတာပဲ။ ကျရှုံးမှုကတော့ အခါခါ ကြုံရမှာပါပဲနော်။ ဒီနိုင်ငံမှာနေပြီး ဘီလီယံနာလောက်မဖြစ်နိင်လည်း သင်ကြိုးစားရင်ကြိုးစားသလောက်၊ ကျရှုံးမှုဒဏ်ကို ခံနိုင်ရင် ခံနိုင်သလောက်တော့ သင်ခရီးရောက်ပါလိမ့်မယ်။ အဓိကက သင့်ရဲ့ ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်အားထက်သန်မှုပါပဲ။
“သင့်ရဲ့ဒဏ်ရာတွေကို ဉာဏ်ပညာအဖြစ်ပြောင်းလဲပစ်လိုက်ပါ” ဆိုပြီး Oprah ကတိုက်တွန်းခဲ့ပါတယ်။
အော်ပရာပြောသလိုပဲ သင်ကဒီနေ့ဆင်းရဲသူဖြစ်နေတယ်ဆိုရင်တောင် သင်ဆင်းရဲရခြင်းက တစ်နေ့သင်အောင်မြင်လာဖို့ အကြောင်းရင်းတစ်ခုတောင်ဖြစ်လာနိုင်ပါသေးတယ်။ ဒီနေ့ သင်ရှုံးနိမ့်ခြင်းကလည်း သင်ပြန်အောင်မြင်လာဖို့ ဉာဏ်ပညာဖြစ်လာနိုင်ပါသေးတယ်။
အဲဒီ့တော့ ဒီနေ့ကစပြီး သင်ရထားတဲ့ဒဏ်ရာမှန်သမျှ၊ အားနည်းချက်မှန်သမျှ ခွန်အားအဖြစ် ဒါမှမဟုတ် ဉာဏ်ပညာအဖြစ်ပြောင်းလဲလိုက်ပါတော့။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။