ဆုံးဖြတ်ချက်ချရာတွင် အကောင်းဆုံးဖြစ်ဖို့ နည်းလမ်း ၃ချက်

နေ့စဉ်နေ့တိုင်းမှာ ဘဝရဲ့အခြေအနေအကြောင်းအရာတွေကို ကျွန်တော်တို့ရင်ဆိုင်နေရပါတယ်။ ကောင်းတာလည်း ဖြစ်နိုင်သလို၊ ဆိုးတာလည်း ဖြစ်နိုင်တာပါပဲ။ အဲဒါအကြောင်းအရာတွေကို ကျွန်တော်တို့ ရွေးချယ်မှုလုပ်ဖို့လိုအပ်ပါတယ်။ ရွေးချယ်တဲ့အခါမှာလည်း မှန်ရာကိုရွေးချယ်ဖြစ်ဖို့လိုပြန်တယ်။ အဲဒါကြောင့် ဘဝရဲ့ကောင်းခြင်းဆိုးခြင်းကို ရွေးချယ်ရမယ့်နေရာမျိုးမှာ အဖြေက ကျွန်တော်တို့ရဲ့ဘဝကို ချစ်ခင်ခြင်း၊ နှစ်သက်ခြင်း၊ မုန်းတီးခြင်းကြားမှာရှိနေတာဖြစ်ပါတယ်။ ဘာကိုမှမစဉ်းစားတဲ့သူမျိုးကတော့ ကိုယ့်ဘဝထိခိုက်လည်း ဂရုစိုက်မှာတောင်မဟုတ်ပါဘူး။ ကိုယ့်ဘဝကိုချစ်တဲ့သူတွေက ကိုယ့်ဘဝထိခိုက်နိုင်မယ့် ဆုံးဖြတ်ချက်မျိုးဆိုရင် ရှောင်ကျဉ်ပါလိမ့်မယ်။ အဲဒါကြောင့် သင့်ဘဝမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေပဲချမှတ်ချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။


၁) သင့်ရဲ့ရည်မှန်းချက်၊ သင့်ဖြစ်ချင်တာကို ရှင်းလင်းစွာသိပါစေ။
မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချနိုင်ဖို့က သင်ဖြစ်ချင်တာကို ရှင်းလင်းစွာသိဖို့လိုပါတယ်။ သင်ဖြစ်ချင်တာဘာလဲ၊ သင်လျှောက်ချင်တဲ့လမ်းကြောင်းကဘာလဲဆိုတာကို သိမှ သင်ဘယ်လမ်းကိုလျှောက်မလဲဆိုတာ သင်သိမှာပါ။ အဲဒါမှ သင်မှန်ကန်စွာရွေးချယ်နိုင်မှာပါ။ အဲဒါအပြင် သင်သွားမယ့်လမ်းကိုသိထားပြီး သင်ရွေးချယ်လိုက်တဲ့လမ်းကြောင်းရဲ့ ဖြစ်လာနိုင်တဲ့အကျိုးဆက်ကိုလည်း သင်သိနားလည်မှဖြစ်မှာပါ။ သင်ကပေါင်ချိန် ၅၀ခန့်လျော့ကျချင်တယ်ဆိုပါတော့ အဲဒါက သင်ဖြစ်ချင်တာ၊ သင်ရွေးရမယ့်လမ်းကြောင်းက ဝိတ်ချဖို့ လေ့ကျင့်ခန်းလုပ်ရမယ်၊ အစားရှောင်ရမယ်၊ ဟုတ်ပြီ ….အဲဒါဆိုဖြစ်လာမယ့်အကျိုးရလဒ်က ဝိတ်ကျနိုင်တယ် ဒါပေမယ့် သင်အစားရှောင်ရမယ်၊ စိတ်ထင်တိုင်း၊ ဗိုက်ဆာတိုင်း မစားရတာ၊ ဝိတ်ကျစေမယ့် အစားအစာတွေကိုသာ ရွေးချယ်စားရမှာဖြစ်တဲ့အတွက် သင်ကြိုက်တာလည်းဖြစ်ချင်ဖြစ်မယ်၊ မကြိုက်တာလည်း ဖြစ်ချင်ဖြစ်မယ် ။ အဲဒါတွေက အကျိုးဆက်ပေါ့။ အဲဒါကိုလည်းသိပြီး သင်ကိုယ်တိုင်လည်း အကျိုးဆက်ကိုလက်ခံနိုင်ရင် သင်ဝိတ်ချမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကို ရဲရဲချနိုင်ပါတယ်။
၂) သင်ဆုံးဖြတ်ထားတဲ့ဆုံးဖြတ်ချက်မှန်ကန်စေဖို့ နည်းလမ်းတွေကို စဉ်းစားပါ။ တကယ်လုပ်ပါ။
အထက်ကပြောသလိုပေါ့ ။ သင်ကဝိတ်ကျချင်တယ်ဆိုရင် သင်ဝိတ်ကျစေမယ့်နည်းလမ်းကို သင်စဉ်းစားရမယ်။ ပြီးရင် တခုချင်း တကယ်သေချာလုပ်ရပါလိမ့်မယ်။ မလုပ်ရင်တော့ ဘယ်လောက်ပဲသင်ဆုံးဖြတ်ချက်ချထားပါစေ၊ ဖြစ်လာမှာမဟုတ်ဘူးလေ။ ဥပမာ။ သင်က Travel blogger ဖြစ်ချင်တယ်ဆိုရင်လည်း ဒီလိုပါပဲ။ ဖြစ်ချင်တယ်လို့ ဆုံးဖြတ်ချက်ချတယ်။ ခရီးတွေမသွားဘူး၊ သွားထားတဲ့ခရီးတွေအကြောင်းလည်း အားလုံးသိအောင် ဝေမျှခြင်းမရှိဘူးဆိုရင် ဖြစ်နိုင်ပါ့မလား။ အဲဒါပါပဲ။ နည်းလမ်းတွေ လိုက်ရှာပါ။ ကိုယ်လုပ်နိုင်တာကစလုပ်ပါ။ တကယ်လုပ်ပါ။
၃) ချက်ချင်းလုပ်ဆောင်ပါ။
နောက်ဆုံးအချက်ကတော့ လုပ်မယ်လို့ သေချာမစီစဉ်ထားတာတောင်မှ လုပ်ချင်စိတ်ဖြစ်ပေါ်လာတယ်၊ ဆုံးဖြတ်ချက်လည်းချလိုက်ပြီးတဲ့အခါ ချက်ချင်းအကောင်အထည်ဖော်လိုက်ပါ။ အဲဒါက ပိုသေချာသလို၊ လုပ်မိလျက်သားလည်း ဖြစ်သွားတဲ့အတွက် ဆက်လုပ်ဖို့ ပိုသေချာသွားပါတယ်။ လုပ်မယ်လို့ဆုံးဖြတ်ချက်ချပါတယ်။ နောက်နေ့မှ စတာပေါ့၊ နောက်တစ်ပတ်စတာပေါ့၊ မနက်ဖြန်မှလုပ်တာပေါ့….. စတဲ့အတွေးတွေက သေချာပါတယ်။ သင်ဆုံးဖြတ်ပြီး လုပ်ဖြစ်ဖို့မသေချာတော့ပါဘူး။
တခုခုကို လုပ်မယ်လို့ဆုံးဖြတ်ပြီးပြီဆိုရင်တော့ အထက်ပါနည်းလမ်း ၃ခုကို လုပ်ဆောင်ပါ။ အဲဒါက သင်ဆုံးဖြတ်ချက်တွေ လုပ်ဖြစ်လာဖို့ သေချာစေပါလိမ့်မယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။