ပြင်မရတဲ့အမှားတွေလုပ်မိနေပြီလား......ပြန်သုံးသပ်ပါ။
လောကမှာ လူတိုင်းအမြဲတမ်းမှန်နေတယ်၊ ပြီးပြည့်စုံအောင် မှန်ကန်နေတဲ့လူဆိုတာ မရှိနိုင်ပါဘူး။ အမှားနဲ့မကင်းကြပါဘူး။ ဒါပေမယ့် ကိုယ်လုပ်လိုက်တဲ့အမှားက ပြင်လို့ရတဲ့အမှားရယ်၊ ပြင်လို့မရနိုင်တဲ့အမှားရယ်ဆိုပြီးပဲ ရှိပါတယ်။ အမှားတွေထဲက ပြန်ပြီး သင်ခန်းစာယူလို့ ရှေ့ဆက်မယ့်ဘဝလမ်းမှာ အလားတူအမှားမျိုးထပ်မမှားမှသာ ကိုယ့်ဘဝက အမှားနည်းလာမှာဖြစ်ပါတယ်။
တကယ်တော့ ပြင်လို့မရတဲ့အမှားတွေ အများကြီးရှိပါတယ်။ ကိုယ့်မိဘရဲ့နောက်ဆုံးအချိန်မှာ ကိုယ်ကအဝေးရောက်နေတယ်ဆိုပါစို့။ ဘယ်လိုမှလည်း ပြန်လာလို့မရတဲ့အချိန် ကိုယ့်မိဘက အသည်းအသန်ဖြစ်နေပါတယ်၊ ပြန်လာခဲ့ပါဆိုတဲ့ အမှာပါးတာ ရပေမယ့် ကိုယ်တိုင်က “ဒီတစ်ခါမသွားလိုက်တာ ဘာမှမဖြစ်နိုင်လောက်ပါဘူး။ နေပြန်ကောင်းမှပဲ နှစ်ဆ ပြန်သွားပြီးပြုစုလိုက်မယ်” လို့တွေးခဲ့တယ်၊ ဒါပေမယ့် ကိုယ့်မိဘက အဲဒီ့နေရာမှာ ကွယ်လွန်သွားခဲ့မယ်ဆိုရင် ကိုယ့်အမှားကို ဘယ်လိုမှ ပြန်ပြင်မရနိုင်တော့ပါဘူး။ အဲဒီ့အခါကျမှ “အမေခေါ်တုန်းက အးလုံးစွန့်လွတ်ပြီးသွားတွေ့လိုက်ရမှာ” ဆိုတဲ့အတွေးနဲ့နောင်တပြန်ရလာတတ်ပါတယ်။ ဒါက ဥပမာအနေနဲ့ ပြင်လို့မရတဲ့အမှားကို ပြောပြတာပါ။ အဲဒီ့လိုအလားတူအမှားမျိုးတွေအများကြီး ဖြစ်နိုင်ပါတယ်။ တခါတလေကျရင် တချို့အမှားတွေက ကိုယ်တိုင်ကိုက ပြန်ပြင်လို့ရပါတယ်လို့ ခပ်ပေါ့ပေါ့တွေးလိုက်ရာကနေ အစချီပြီး မှားတတ်တာမျိုးပါပဲ။
ကြည့်ဖူးတဲ့မြန်မာကားဇာတ်လမ်းတစ်ခုရဲ့ဇာတ်သိမ်းကို မှတ်မိနေပါသေးတယ်။ မင်းသားက သူတဖက်သတ်ချစ်ရတဲ့ မိန်းကလေးနဲ့သွားတွေ့ဖို့ အသွားမှာ သူ့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းက သူ့ကို အပြင်ခဏလိုက်ခဲ့ပေးဖို့ အဖော်ခေါ်ပါတယ်။ မင်းသားက ငြင်းပါတယ် “သွားစရာရှိတယ်၊ ချိန်းထားတာရှိတယ်” ပေါ့။ ဒါနဲ့ သူငယ်ချင်းလုပ်သူက ဘယ်အချိန်ချိန်းထားတာလဲပေါ့။ “အဲဒီ့အချိန်မရောက်ခင် မင်းကို ပြန်ခိုင်းမယ်၊ ကတိပေးတယ်၊ ခဏလေးသာအဖော်လိုက်ခဲ့ပေးပါ” ဆိုပြီးအတင်းအကြပ်အကူအညီတောင်းတာနဲ့ မလိုက်ချင်လိုက်ချင်ပါသွားပါလေတယ်။ ဖြစ်ချင်တော့ မင်းသားရဲ့သူငယ်ချင်းက တိုက်ခန်းတစ်ခန်းကို ဖောက်ထွင်းပြီး အတွင်းပစ္စည်းတွေယူတာကို မင်းသားကသိသွားတဲ့အခါ မင်းသားကိုယ်တိုင်ပါ အဲဒီ့အခန်းထဲကို လိုက်ဝင်မိပြီးသားဖြစ်နေပါတယ်။ သူငယ်ချင်းကို တားရင်း ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာ အခန်းပိုင်ရှင်က အခန်းတံခါးကိုသော့ဖွင့်သံကြားလိုက်ရပါတော့တယ်။ အဲဒီ့အခါကျမှ မင်းသားနဲ့လုံးထွေးနေတဲ့သူငယ်ချင်းကနေ မျက်နှာဖုံးတွေစွပ်ပေးပြီး အိမ်ထဲဝင်လာတဲ့အခန်းပိုင်ရှင်ကို ဖမ်းချုပ်ကြပါတယ်။ ဖြစ်ချင်တော့အခန်းပိုင်ရှင်က မင်းသားနဲ့ချိန်းထားတဲ့ သူချစ်နေရတဲ့မိန်းကလေးဖြစ်နေပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေရင်းနဲ့ သူငယ်ချင်းဆီက လုလိုက်တဲ့ဓားနဲ့ မင်းသားကိုယ်တိုင် သူ့ချစ်သူကို သူကိုယ်တိုင်ထိုးမိတဲ့လူသတ်သမားဖြစ်ရပါတော့တယ်။ အဲဒီ့ဇာတ်ကားကို ကြည့်ဖူးကြတဲ့လူတွေလည်းရှိမယ်ထင်ပါတယ်။
ပြောချင်တာက ကိုယ်တိုင်က မသိလိုက်တာ၊ မထင်မှတ်ထားလိုက်တာမျိုးကနေ ပြင်မရတဲ့အမှားမျိုးဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် အတတ်နိုင်ဆုံး၊ ကိုယ်မှန်းနိုင်သလောက်၊ သိနိုင်သလောက် အမှားကြီးမှားနိုင်တဲ့ကိစ္စမျိုးတွေကို ခပ်ဝေးဝေးကနေ ရှောင်သင့်ပါတယ်။ ခပ်ပေါ့ပေါ့တွေးပြီး “ဘာဖြစ်လည်း ငါ့စိတ်ငါနိုင်တယ်၊ အချိန်တန် ပြင်နိုင်တယ်” လို့ ပေါ့ပေါ့တွေးတတ်သူမျိုးတွေက များသောအားဖြင့် ပြင်မရတဲ့အမှားမျိုးနဲ့ကြုံရတတ်ပါတယ်။ အဲဒါကြောင့်သာ သူတပါးမှားထားပြီးသားအမှားတွေကနေသာ သင်ခန်းစာအများကြီးယူပြီး ကိုယ့်အလှည့်ကျ မမှားရအောင် ကိုယ်တိုင်ဝေးဝေးရှောင်တတ်အောင် စာအုပ်တွေဖတ်ခိုင်း၊ အခြားသူတွေရဲ့ဘဝတွေကတဆင့် သင်ခန်းစာယူခိုင်းကြတာပဲဖြစ်ပါတယ်။ ကိုယ်တိုင် လိုက်မှားကြည့်မယ်ဆိုရင် အမှားတွေများလွန်းလို့ ကိုဘ့်ဘဝသက်တမ်းတစ်ခုလုံး လိုက်မှားကြည့်လို့တောင်လောက်မယ်မထင်ပါဘူးနော်။
ဥပမာအားဖြင့် “မူးယစ်ဆေးသုံးစွဲတာမကောင်းဘူး၊ အရက်သေစာသောက်စားတာမကောင်းဘူး၊ သူများမိန်းမဖောက်ဖြားတာမကောင်းဘူး” ဆိုတဲ့ စကားမျိုးတွေနဲ့ အမှားကြီးတွေကို မကျူးလွန်မိအောင် လူကြီးတွေကနေတဆင့် လူငယ်တွေကို ပြန်ပြီး လက်ဆင့်ကမ်းသွန်သင်ကြတာပဲပေါ့။ များသောအားဖြင့်တော့ မူးယစ်ဆေးမကောင်းမှန်းသိမယ်၊ ဒါပေမယ့် “ငါက သုံးဖူးတယ်ရှိအောင် စမ်းသုံးကြည့်တာပဲ၊ အခြားသူတွေသာ ဖြတ်မရတာ ငါကဖြတ်နိုင်တယ်” ဆိုတဲ့ ခပ်ပေါ့ပေါ့တွေးလိုက်တဲ့အတွေးကနေမှ တကယ်ဖြတ်မရတဲ့မူးယစ်ဆေးသမားတွေ တပုံကြီးဖြစ်လာတာပါပဲ။ အရက်ဖြတ်မရတဲ့အရက်သမားတွေဖြစ်လာတာပါပဲ။ အိမ်ထောင်ရေးဖောက်ပြန်မှုတွေဖြစ်လာကြတာပါပဲ။ အခြားသော အမှားတွေလည်း အလားတူဖြစ်လာကြတာပါပဲ။
အမှားတိုင်းသာ ပြင်လို့ရရင် လောကမှာ လူတွေကြားက အမုန်းတရားတွေနဲ့ အခြား စိတ်သောကဖြစ်စရာတွေ ၊ ဒုစရိုက်အမှုတွေဖြစ်လာနိုင်မှာမဟုတ်ပါဘူးနော်။ တခါတလေကျရင် တချို့အရာတွေက ဘေးကနေ ကြည့်ပြီး “ ငါသာဆို အေးဆေး၊ အဲဒီလိုမဖြစ်အောင် ပြုပြင်နိုင်တယ်” လို့ပြောနိုင်ပေမယ့် တကယ်တမ်း အလားတူအခြေအနေမျိုး ကိုယ်တိုင်ကြုံရတဲ့အခါ အမှားပြင်ဖို့ရာ အကြပ်အတည်းဖြစ်တတ်တယ်ဆိုတာ တကယ်ကြုံလာမှသိတာမျိုးပါ။ အဲဒါကြောင့်လည်း “သူ့နေရာမှာ ငါဆိုရင်......” ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးမွေးပြီး သူတပါးအပေါ်အမှားမလုပ်မိကြဖို့ ပြောကြတာဖြစ်ပါတယ်။
အဲဒီ့အတွက် ကိုယ့်ဘဝလမ်းကို လျှောက်လှမ်းတဲ့အခါ အခါမလပ် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး သုံးသပ်နေဖို့ကလည်း မဖြစ်မနေလိုအပ်ပါတယ်။ “ငါလုပ်နေတာတွေက တရားရဲ့လား၊ မှန်ကန်မှုရှိရဲ့လား။ ကိုယ်လုပ်လိုက်တဲ့ကိစ္စတစ်ခုက “ပြင်လို့ရတဲ့အမှားမျိုးကို ကျူးလွန်မိတာလား၊ ပြင်လို့မရတဲ့အမှားဖြစ်သွားနိုင်လား” ဆိုတာမျိုးကို အမြဲစဥ်းစားသုံးသပ်ပြီးမှ လုပ်သင့်ပါတယ်။ အနီးစပ်ဆုံးဆိုရင် ကိုဗစ်ကာမှာ ကိုယ်ခံအားကောင်းတဲ့လူငယ်တွေက “ ဘာမှမဖြစ်ဘူး၊ ငါတို့က ကိုယ်ခံအားကောင်းတယ်၊ ကူးလည်း သာမန်တုတ်ကွေးလိုပဲ၊ ဘာမှဖြစ်မှာမဟုတ်ဘူး” လို့ခပ်ပေါ့ပေါ့တွေးပြီး စိတ်အလိုလိုက်ကာ အပေါင်းအသင်းနဲ့လူစုလူဝေးကြားသွားမယ်၊လည်မယ်ဆိုတာမျိုး လုပ်လိုက်မိတဲ့အခါ အိမ်မှာအမြဲနေပြီး ဘယ်မှမသွားတဲ့ အဖိုးအဖွား၊ သက်ကြီးရွယ်အိုတွေကို သွားပြီး ထိခိုက်တာမျိုးပေါ့။ အဲဒီ့အခါ ရောဂါသယ်ဆောင်သူကတော့ ကိုယ်ခံအားကောင်းတဲ့လူငယ်မို့ ဘာမှမဖြစ်ဘဲ ကိုယ်ခံအားမကောင်းတဲ့သက်ကြီးရွယ်အိုတွေက အသက်ဆုံးရှုံးတဲ့အထိဖြစ်သွားမယ်ဆိုရင် အဲဒီ့ကိစ္စဟာ ပြင်လို့ရတဲ့အမှားဖြစ်နိုင်ပါ့အုံးမလား။ အဲဒီ့လိုထိခိုက်ပြီးမှ နောင်တရနေလို့ဖြစ်ပါ့မလား၊ မလုပ်မိခင်ကတည်းက “ ငါ့အိမ်မှာတော့ သက်ကြီးရွယ်အိုရှိတာမို့ ငါလည်း အပြင်ထွက်ဖို့ ဆင်ခြင်မှဖြစ်မယ်” ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်လည်သုံးသပ်ဆင်ခြင်တဲ့စိတ်မျိုးရှိမှ ပြင်မရတဲ့အမှားမဖြစ်လာနိုင်မှာဖြစ်ပါတယ်။
အဲဒါကြောင့် အခုရောက်ရှိလာတဲ့နှစ်သစ်မှာလည်း ပြင်မရတဲ့အမှားမျိုး မကျူးလွန်မိကြစေဖို့ ကိုယ်လုပ်မယ့်ကိစ္စတိုင်းကို ပြန်လည်စဥ်းစားသုံးသပ်ပြီးမှ ဆင်ခြင်နိုင်ဖို့ တွေးမိသလောက်ဖော်ပြလိုက်ရပါတယ်နော်။