အိမ်မှာနေပြီး စိတ်ပါဝင်စားရာကို အမြန်ဆုံးသင်ယူလွယ်စေမယ့်နည်းလမ်းများ

ခုလိုအချိန်မှာ အိမ်မှာနေရတဲ့အတွက် ကိုယ်လုပ်ချင်တာလေးတွေလုပ်ဖို့အခွင့်ကောင်းပါပဲနော်။ အိမ်မှာနေရတဲ့အခိုက်အတန့်လေးမှာ စိတ်ဖိစီးစေတဲ့အတင်းအမှားတွေကို နားမထောင်ဘဲ ကိုယ်စိတ်ပါဝင်စားတဲ့အရာလေးတွေကို လုပ်လို့ရပါတယ်။ ကိုယ်တတ်ချင်တာလေးတွေကို အွန်လိုင်းကနေတဆင့် ပြန်သင်ယူလို့ရပါတယ်။ မိန်းကလေးတွေဆိုရင် ဆပ်ပြာလုပ်နည်းတို့၊ သိုးမွှေးထိုးနည်းတို့ စသဖြင့် ကိုယ်ဝါသနာပါရာလေးတွေကို သင်ယူလို့ရပါတယ်။ အခြား အင်္ဂလိပ်စကားပြော၊ ဒီဇိုင်း၊ ဓာတ်ပုံပြင် စတဲ့အခြေခံနည်းလေးတွေကို သင်ယူလို့လည်းရပါသေးတယ်။ အဲဒါကြောင့် အိမ်မှာနေပြီး စိတ်ပါဝင်စားရာတွေကို အမြန်ဆုံးသင်ယူနိုင်ဖို့ အလွယ်ဆုံးဖြစ်စေမယ့်နည်းလမ်းတွေ တနည်းအားဖြင့် မှတ်လွယ်၊ သင်လွယ်စေတဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) အသေးအဖွဲလေးတွေမှာ အချိန်မဖြုန်းပါနဲ့။
ဘာမှမဟုတ်တဲ့ ဂိမ်းဆော့တာ၊ ဖေ့ဘုတ်သုံးတာတွေနဲ့တင် အချိန်မဖြုန်းပစ်လိုက်ပါနဲ့။ အကျိုးရှိတာတခုခုသင်ယူဖို့ အသုံးချဖို့ပြောတာပါ။

၂) တစ်ချိန်တည်းမှာ တစ်မျိုးတည်းသာသင်ယူပါ။
တစ်ပြိုင်တည်း ၂မျိုး ၃မျိုးသင်ယူခြင်းက သင်လွယ်၊ တတ်မလွယ်ပါဘူး။ မှတ်လို့လည်း မလွယ်စေပါဘူး။ အချိန်ကုန်တာပဲ အဖတ်တင်ပါလိ့မ်မယ်။ အဲဒါကြောင့် တစ်ချိန်တည်းမှာ ကိုယ်တကယ်သင်ယူချင်တာကို သေချာအာရုံစိုက်ပြီး သေချာအသေးစိတ်သိအောင်၊ သေချာနားလည်သဘောပေါက်အောင်သင်ယူပါ။

၃) အမှားတွေထဲကနေ ပြန်သင်ယူပါ။
ကိုယ်သင်ယူရင်း အမှားတွေလုပ်မိရင် ဘာကြောင့်မှားသလဲဆိုတဲ့ပေါ်ပြန်တွေးပြီး သင်ခန်းစာယူပါ။ နောက်မမှားဖို့ သတိထားပြီး ပြန်လေ့ကျင့်ပါ။

၄) တစ်နေ့နည်းနည်းစီ သင်ယူပါ။
အလောတကြီးသင်ယူတာက သင့်အတွက် အဆင်မပြေစေပါဘူး။ တစ်နေ့ကို နည်းနည်းစီသင်ယူတာက သင့်အတွက် မှတ်ရလွယ်ပြီး တတ်လွယ်စေပါတယ်။

၅) အခြားလူတွေကို ပြန်သင်ပေးပါ။
သင်ယူထားသမျှကို ပြန်ပြီး မှတ်မိလွယ်စေတဲ့နည်းကတော့ တခြားလူတွေကို သင်ထားသမျှ သိသလောက်ပြန်သင်ပေးတာပါပဲ။ သင်နားလည်ထားတာတွေကို တခြားလူကို ပြန်ရှင်းပြတာ၊ ပြန်သင်ပေးတာက သင်အတွက် ၂ခါပြန်လေ့ကျင့်သလိုဖြစ်စေတာမို့ မှတ်မှတ်ရရဖြစ်သွားစေပါတယ်။

အထက်ကအချက်တွေအပြင် သင်ကိုယ်တိုင်လည်း သေချာလေ့လာမှတ်သားဖို့လည်းလိုတာပေါ့။ နောက်တစ်ခုက အမြဲမပြတ်လေ့လာနေဖို့ ဆန်းသစ်နေဖို့လည်းလိုပါသေးတယ်။ ပြီးတော့ သင်ပြီးသမျှကိုလည်း ပြန်ပြီး လေ့လာဖို့ လိုကိုလိုပါတယ်နော်။ သင်ယူပြီးတာနဲ့ တစ်ခုမှ ပြန်မလေ့ကျင့်ရင်တော့ သင်ယူထားသမျှ အချည်းနှီးဖြစ်သွားမှာပါပဲ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။