Comfort zone ထဲက ရုန်းထွက်နိုင်မယ့်နည်းလမ်း ၅ချက်

သင့်ရဲ့comfort zone ထဲကရုန်းထွက်ဖို့ စဉ်းစားလိုက်တဲ့ အချိန်တိုင်း ကိုယ့်အတွက် မသက်သာတဲ့ကိစ္စတွေ၊ အဆင်မပြေနိုင်တဲ့ကိစ္စတွေကို အရင်ဆုံးပြေးမြင်လိုက်ပြီး comfort zone ထဲကထွက်ဖို့ ကြောက်လန့်သွားတတ်ကြပါတယ်။ ကြောက်ရင်လွဲ၊ ရဲရင်မင်းဖြစ်ဆိုတဲ့စကားလိုပါပဲ။ ဘယ်အရာကိုမဆို မကြောက်သင့်တာကို ကြောက်နေရင်တော့ သင်ဖြစ်ချင်တာတွေလည်း ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် သင့်ရဲ့အကြောက်တရားတွေကို ဖယ်ရှားပစ်မှ comfort zone ထဲက ထွက်ခွာနိုင်ပြီး သင့်ဘဝတိုးတက်နိုင်မှာပါ။


၁) သင့်ကိုယ်သင် ပိတ်ဆို့ထားသလိုဖြစ်နေတဲ့ တံခါးတွေကိုဖွင့်လိုက်ပါ။
ပြောချင်တာက အသစ်တွေကို မသင်ယူချင်တာမျိုး၊ ပုံမှန်လုပ်နေကျ ပုံစံတွေက လွယ်တော့ ထိုပုံစံတွေထဲကနေ ခွဲမထွက်ချင်တာမျိုးတွေက သင့်အတွက် လွယ်ကူပါတယ်။ အဲဒီ့တော့ လွယ်တာတွေနဲ့ပဲ အမြဲနှစ်ပါးသွားနေတဲ့အခါ သင့်ကိုယ်သင် အသစ်တွေသိလာဖို့၊ အသစ်တွေ တတ်လာဖို့ ပိတ်ဆို့ထားသလိုဖြစ်နေပါတယ်။ အဲဒါကြောင့် သင့်ပတ်ဝန်းကျင်မှာ ဒါမှမဟုတ် သင့်အလုပ်ခွင်မှာ ဒါမှမဟုတ် သင်နဲ့သက်ဆိုင်တဲ့နယ်ပယ်မှာ သင်ထပ်တိုးတက်အောင်လုပ်ဖို့ ဘာတွေကို ထပ်သင်ယူသင့်သလဲဆိုတာကို သင်တွေးတောပါ။ သင့်ဦးနှောက်တံခါးကို ပိတ်မထားဘဲ ဖွင့်လိုက်ပါ။

၂) သင်မသုံးဘဲထားခဲ့တဲ့ စွမ်းရည်တွေကို ထက်မြက်လာအောင် အသုံးချပါ။
လူတိုင်းမှာ စွမ်းရည်တွေရှိကြပါတယ်။ သုံးတဲ့သူနဲ့ မသုံးတဲ့သူပဲ ကွာခြားသွားတာပါ။ မသုံးတဲ့သူအတွက်ကတော့ ရှိပြီးသားစွမ်းရည်က ပိုပြီးမထက်မြက်လာတော့ပါဘူး။ သုံးတဲ့သူကျတော့ ရှိပြီးသားစွမ်းရည်က ပိုပြီး ထက်မြက်လာပါတယ်။ ဓားတစ်ချောင်းကို မသွေးဘဲထားရင် တုံးသွားသလိုပေါ့၊ နေ့တိုင်းသွေးနေတဲ့အခါ ဓားအသစ်တစ်ချောင်းလိုပဲ အမြဲထက်မြက်နေတော့ ပိုပြီး အသုံးဝင်လာတတ်ပါတယ်။ ထိုကဲ့သို့ပါပဲ။ သင့်ထံမှာ ရှိတဲ့စွမ်းရည်ကို comfort zone ထဲထည့်ပိတ်ထားလိုက်ရင် သင်ဘာမှ တိုးတက်ပြီး ထက်မြက်လာမှာမဟုတ်ပါဘူး။ အဲဒါကြောင့် အတုံးမခံပါနဲ့။ အချိန်တိုင်းသွေးနေပါ။ ရှိထားပြီးသားစွမ်းရည်ကို အသုံးချပါ၊ အသစ်တွေဖြန့်တွေးပါ၊ ဒီလမ်းကြောင်းကနေပဲ ဘယ်လိုအများနဲ့ခွဲထွက်နိုင်ပြီး ဘယ်လိုထက်မြက်အောင်လုပ်မလဲတွေးပါ။ ကျင့်ယူပါ။ သင်သွားမယ့်လမ်းကြောင်းကိုသတ်မှတ်ပြီး ထိုလမ်းကြောင်းပေါ်မှာ ပိုပြီးအစွမ်းထက်လာဖို့ သင့်စွမ်းရည်ကို သွေးနေပါ။

၃) အကြောက်တရားကို စိန်ခေါ်ပါ။
ဘယ်သူမဆို နေ့စဉ် အေးဆေးသက်သာနေရတာကို မကြိုက်ဘဲမနေပါဘူး။ ဒါပေမယ့် ဒီထက်တိုးတက်ချင်ရင်တော့ ပုံမှန်ထဲကနေ ဖောက်ထွက်မှ ဖြစ်မှာပါ။ လူတိုင်းလိုလိုက comfort zone ထဲကနေ ထွက်မယ်လို့ ဆုံးဖြတ်တဲ့အခါ အရင်ဆုံးတွေးမိတာ “ဟာ….အဆင်ပြေပါ့မလား” “ခက်ခဲတယ်ထင်တယ်…..” “ငါလုပ်နိုင်လို့လား…..မဖြစ်သေးပါဘူး။ အေးဆေးနေတာပဲကောင်းပါတယ်” စတဲ့ အလားတူ အတွေးမျိုးတွေပါ။ အဲလိုအတွေးမျိုးတွေ တွေးပြီး ကြောက်လန့်တတ်ကြတာ လူတိုင်းပါပဲ။ ဒါပေမယ့် နေရာတစ်ခုမှာ ပိုပြီးတောက်ပြောင်လာခြင်းရင်တော့ အကြောက်တရားဖုန်မှုန့်တွေကို ခါထုတ်ပစ်မှ ရမှာပါနော်။ အဲဒါကြောင့်အဲဒီလိုအတွေးမျိုးတွေးလာမိရင် စိန်ခေါ်ပစ်လိုက်ပါ။ “ငါရအောင်လုပ်မှာပေါ့” “ဘာလို့မဖြစ်နိုင်ရမှာလဲ” “ခက်ချင်တာခက်…..ရအောင် လုပ်မယ်” စတဲ့စကားမျိုးတွေတွေးပြီး အကြောက်တရားကို စိန်ခေါ်လိုက်ပါ။ သင်ထံမှာ သင်တောင်မထင်မှတ်ထားတဲ့ လုပ်နိုင်စွမ်းတွေရှိပါတယ်။ တကယ်လုပ်ကြည့်မှာ ပိုထက်မြက်လာတာကို သင်တွေ့ပါလိမ့်မယ်နော်။

၄) နောင်တမရပါနဲ့။
များသောအားဖြင့် comfort zone ထဲက ထွက်ပြီဆိုတာနဲ့ comfort zone ထဲကလို သက်တောင့်သက်သာတော့ ဘယ်ရှိနိုင်ပါ့မလဲ။ အဲလိုအခက်အခဲမျိုး စတင်ကြုံရတာနဲ့ စပြီး နောင်တရတာမျိုး၊ အရှုံးပေးချင်စိတ်ဖြစ်လာတာမျိုး ကြုံရမှာပါ။ “ငါထင်သားပဲ….ဒီလိုတွေဖြစ်လာမယ်လို့” “အစောကြီးထဲက အေးဆေးနေလိုက်ရမှာ။ ခုတော့ ခက်လိုက်တာ” ဆိုတာမျိုးက ခဏတဖြုတ်ပါ။ ကျော်လွှားနိုင်ရင် အဲဒီ့အတွေးတွေမရှိတော့ပါဘူး။ အဲဒါကြောင့် နောင်တရဖို့ အရင်မစဉ်းစားပါနဲ့။ ဘယ်လိုကျော်လွှားဖြတ်သန်းမလဲ၊ ထိုအခြေအနေကို ဘယ်လိုအနိုင်ရအောင် ယူမလဲပဲ အာရုံထားပါ။ နောင်တကို အာရုံထားလိုက်ရင် သင်comfort zone ထဲပြန်သွားဖို့ သေချာသလောက်ပါပဲ။ အဲဒါကြောင့် ဘာပဲဖြစ်ဖြစ် နောင်တမရပါနဲ့။ ထိုအခြေအနေကိုကျော်နိုင်အောင်လုပ်ပါ။ ကျော်လွှားနိုင်တာနဲ့ သင်အောင်မြင်မှုနဲ့နီးကပ်သွားပါပြီ။

၅) သင်တိုးတက်မှုကိုသာ အာရုံစိုက်ပါ။
Comfort zone ထဲကနေ ရုန်းထွက်ဖို့ စကြိုးစားချိန်မှာတော့ ခက်ခဲနိုင်ပါတယ်။ နံပါတ်လေးအချက်ကိုအာရုံစိုက်ပြီး ကျော်လွှားနိုင်တဲ့အခါ သင်အရင်ကအခြေအနေထက် ပိုတိုးတက်လာတာကို အံ့အားသင့်ဖွယ် သင်မြင်ရပါလိမ့်မယ်။ နောက်ထပ် ခက်ခဲတာတွေ၊ ပိုပြီး သင်ယူရတာတွေ တွေ့လာရတဲ့အခါ ထိုခက်ခဲမှုတွေနဲ့ကြုံလေလေ သင်ရဲ့စွမ်းရည်တွေ၊ အရည်အချင်းတွေ တိုးတက်လာလေလေကို မမေ့ပါနဲ့။ အခက်အခဲကို အာရုံစိုက်လိုက်ရင် လက်လျှော့ဖို့တွေးမိပါလိမ့်မယ်။ အဲဒါကြောင့် သင့်ရဲ့အရင်အခြေအနေနဲ့ တိုးတက်လာတဲ့လက်ရှိအခြေအနေမှာ သင်အများကြီး ပိုတိုးတက်လာတာကိုသာ အာရုံစိုက်ကြည့်ပါ။ သင်ပိုပျော်လာတာကို တွေ့ရပါလိမ့်မယ်။ အဲဒီ့အခါ အခက်အခဲတွေကိုလည်း သင်မကြောက်တော့ဘဲ သင်ပိုတိုးတက်လာတာပါလား….လို့ သင်တွေးဖြစ်လာပါလိမ့်မယ်။ အဲဒါကြောင့် သင့်တိုးတက်မှုကိုသာအာရုံစိုက်ပါနော်။
သင်ပိုတိုးတက်လာလေ….သင်အခက်အခဲတွေကို တနည်းမဟုတ် တနည်းနဲ့ဖြေရှင်းနိုင်လာပါလိမ့်မယ်။ ဖြေရှင်းနိုင်လေ သင်နေပျော်လာလေလေပါပဲ။ သင့်ကိုယ်သင်လည်း ပိုပြီး ယုံကြည်မှုတိုးလာပါလိမ့်မယ်။ ပြီးတော့ သင့်ဘဝအတွက် အရာရာတိုင်းကို စနစ်တကျရှိလာတယ်လို့ ခံစားလာရပါလိမ့်မယ်။ သင်အသက်ရှင်နေရတာ ပိုပြီးအဓိပ္ပါယ်ရှိသလို ခံစားလာရပါလိမ့်မယ်နော်။ အဲဒါကြောင့် နည်းနည်းလေး အဆင်မပြေမှုကို ကျော်လွှားပြီး ပိုပြီးထက်မြက်လာဖို့ comfort zone ထဲက ရုန်းထွက်သင့်ပါတယ်နော်။

ကဲ………အားလုံးပဲ ကိုယ့်ကို အပျင်းကြောတစ်စေတဲ့ comfort zone ထဲက ရုန်းထွက်ဖို့ လိုက်နာကြည့်လိုက်ကြပါအုံး။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။