ပျော်ရွှင်နေသော အမျိုးသမီးအများစုမှာ ရှိသည့်အကျင့်များ

အမြဲပျော်ရွှင်နေတဲ့အမျိုးသမီးတွေမှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေတယ်ထင်ပါသလဲ။ ဘဝမှာ လူတိုင်းစိတ်ညစ်တစ်ခါ ၊ ပျော်ရွှင်တလှည့်နဲ့ သူချည်းပါပဲ။ ဒါပေမယ့် အမြဲလိုပျော်ရွှင်နေဖို့က နေတတ်ဖို့ပဲ လိုတာပါနော်။ အဲဒါကြောင့်အမြဲတမ်းပျော်ရွှင်အောင်နေတတ်တဲ့ အမျိုးသမီးတွေရဲ့လျှို့ဝှက်ချက်က ဘာတွေဖြစ်မလဲ ဖတ်ကြည့်လိုက်ပါအုံး။


၁) ကိုယ့်ကိုကိုယ်အမြဲ ဂရုစိုက်လေ့ရှိပါတယ်။
အမြဲလို ပျော်ရွှင်နေပုံရတဲ့မိန်းကလေးတစ်ယောက်မှာ အဓိကအရေးကြီးတဲ့အချက်က သူ့ကိုယ်သူယုံကြည်မှုရှိခြင်းလည်းပါပါတယ်။ အဲလိုအမြဲကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေဖို့က ကိုယ့်ကိုကိုယ်အမြဲ သပ်ရပ်စွာဝတ်စားဆင်ယင်ခြင်း၊ အလှအပကို အထူးတလည်ဂရုစိုက်ခြင်းမျိုးမဟုတ်ရင်တောင် လှပဖို့ အများအမြင်မှာ စမတ်ဖြစ်ဖို့ကို အာရုံစိုက်ပြီး ကိုယ့်ကိုကိုယ်အမြဲ ဂရုစိုက်လေ့ရှိပါတယ်။
၂) အမြဲ အချိန်ဇယားနဲ့ သတ်မှတ်ထားလေ့ရှိပါတယ်။
အလုပ်တွေနဲ့အမြဲဖိစီးနေခြင်းက လူကိုလည်း စိတ်ဖိစီးပြီး မလန်းဆန်းစေနိုင်ပါဘူး။ အဲဒါကြောင့် အမြဲပျော်ရွှင်လန်းဆန်းနေတတ်တဲ့မိန်းကလေးက များသောအားဖြင့် ဘယ်အလုပ်မဆို အချိန်ဇယားလေးနဲ့ သတ်မှတ်ထာ းတတ်ပါတယ်။ အချိန်ဇယားအတိုင်းသတ်မှတ်ထားတဲ့အချိန်မှာ သတ်မှတ်ထားတဲ့အလုပ်ကိုသာ အာရုံစိုက်လိုက်တဲ့အခါ အလုပ်တွေကိုခေါင်းအေးအေးနဲ့ အပြီးအစီးလုပ်နိုင်တာပေါ့။ အဲလိုအလုပ်တွေ အချိန်မီပြီးစီးတဲ့အခါ အလုပ်နဲ့ပတ်သက်တဲ့စိတ်ဖိစီးမှု နည်းတဲ့အတွက် သူများထက်ကို ပိုပြီး ပေါ့ပါးလန်းဆန်းစေနိုင်ပါတယ်။
၃) စိတ်ကို အမြဲရှင်းရှင်းထားလေ့ရှိပါတယ်။
စိတ်ကိုလည်း အမြဲလို ဖွင့်ထားတတ်ပါတယ်။ အမြဲတမ်း စိတ်ထဲမှာ မြုံစိစိနဲ့ စိတ်မကြည်တာမှန်သမျှကို မြိုသိပ်မထားတတ်ပါဘူး။ စိတ်ကို စိတ်ညစ်ညူးမှုတွေနဲ့ အမြဲပိတ်လှောင်မထားတတ်ပါဘူး။ စိတ်ညစ်ညူးမှုတွေနဲ့အမြဲပိတ်လှောင်နေတဲ့သူတွေရဲ့မျက်နာမှာလည်း ပျော်ရွှင်မှု့ကို မမြင်ရတတ်ပါဘူး။ စိတ်ထဲမှာ မရှင်းရင် ချက်ချင်းမေး၊ ချက်ချင်းပြေပျောက်၊ စိတ်ကောက်စိတ်ဆိုး၊စိတ်ပုပ်စိတ်ယုတ်လုံးဝမထားဘဲ စိတ်ကိုအမြဲ ကောင်းကောင်းနဲ့ ရှင်းနေအောင် နေတဲ့သူရဲ့မျက်နှာက အမြဲလန်းဆန်းနေတတ်ပါတယ်။
၄) အမြဲလို ပြုံးရွှင်နေလေ့ရှိပါတယ်။
ထူးခြားတာတစ်ခုက ထိုသူတွေက စိတ်ညစ်စရာကို ရယ်စရာလုပ်ပစ်တတ်တာပါပဲ။ ခုနေ ငွေတပြားမှမရှိလို့ ဘယ်လိုလုပ်ရမလဲဆိုပြီး ပူပန်နေမယ့်အစား စိတ်ညစ်မခံဘဲ ထိုင်ရယ်ပစ်နေတတ်တဲ့သူမျိုးပေါ့။ အဆိုးတွေအကြောင်းကိုလည်း ပြောပြနေရင်းနဲ့ ရယ်နေတတ်သူတွေပါ။ ပြောချင်တာက အဆိုးတွေအကောင်းတွေဆိုတာ တလှည့်စီကြုံရမှာကို နားလည်ထားသူတွေဖြစ်ပြီး အဆိုးကြုံလာလည်း ရယ်မောခြင်းနဲ့ဖြတ်သန်းလိုက်တာပါပဲ။
၅) သူမတို့က ကြင်နာတတ်သူတွေပါ။
ကြင်နာတတ်သူတွေက စိတ်ကြည်နူးနေလေ့ရှိပါတယ်။ အခြားသူများကို အထူးသဖြင့် ကိုယ့်ထက်နိမ့်ကျသူများကို အထက်စီးက ဆက်ဆံဖို့ထက် ကြင်နာစွာဆက်ဆံခြင်းက လူတစ်ယောက်ရဲ့စိတ်ကိုလည်း နူးညံ့စေသလို၊ ကြည်နူးစိတ်ကြောင့်လည်း ပျော်စရာဖြစ်လာတတ်ပါတယ်။
၆) သူတို့မှာ ရှိတာလေးတွေကို ကျေးဇူးတင်တတ်ပါတယ်။
သူတို့က အလိုလောဘကြောင့် အမြဲတပ်မက်စိတ်မဖြစ်နေတတ်ပါဘူး။ ရှိထားတာလေးနဲ့တင် ကြံဖန်ကျေးဇူးတင်နေတတ်ပါတယ်။ ပြောချင်တာက ကိုယ်မှာ တစ်ကျပ်ရှိရင် တစ်ကျပ်နဲ့ပျော်အောင်နေတာမျိုးပေါ့။ တစ်ကျပ်ရှိပြီး တစ်ထောင်လိုချင်စိတ်ရှိနေရင် ပူလောင်နေတတ်ပါတယ်။ အဲလို အလိုလောဘစိတ်နဲ့သူက ဘယ်မှာပျော်ရွှင်နိုင်ပါ့မလဲ။
၇) ပုံမှန်လေ့ကျင့်ခန်းလုပ်လေ့ရှိပါတယ်။
လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက ကျန်းမာရေးနဲ့ညီညွှတ်စေတော့ ကျန်းမာရေးမကောင်းလို့ စိတ်ညစ်ရတာမရှိနိုင်ပါဘူး။ လူတစ်ယောက်အတွက်အရေးကြီးတဲ့အရာထဲမှာ ကျန်းမာရေးလည်း ပါတယ်ဆိုတာ သူတို့က သိထားပါတယ်။ အဲဒါကြောင့်ကျန်းမာအောင်လည်း ဂရုစိုက်တတ်ပါသေးတယ်။
၈) သူတို့သတ်မှတ်ထားတဲ့ရည်မှန်းချက်တွေရှိပါတယ်။
အမြဲလို လန်းဆန်းတက်ကြွနေတတ်တဲ့ နောက်ထပ်အကြောင်းရင်းထဲမှာ သူတို့ရဲ့ရည်မှန်းချက်တွေကို ပုံဖော်ဖြစ်နေခြင်းလည်း ပါဝင်ပါတယ်။ သူမတို့ သတ်မှတ်ထားတဲ့ ရည်မှန်းချက် သေးသေးပဲဖြစ်ဖြစ်၊ ကြီးကြီးပဲဖြစ်ဖြစ် တခုခြင်းကို တဖြေးဖြေးပုံဖော်နေခြင်းက အကောင်အထည်ပေါ်လာခါနီးလေ ပိုပြီး ပျော်ရွှင်တက်ကြွလေပါပဲ။
၉) တစ်ယောက်ထဲလည်း အချိန်ကိုအသုံးချတတ်ပါတယ်။
အမြဲပျော်ရွှင်နေတတ်ဖို့ နေတတ်ဖို့ပဲလိုတာပါ။ အပေါင်းအသင်းတွေရှိမှ ၊ သူငယ်ချင်းတွေရှိမှရယ် မဟုတ်ပါဘူးနော်။ အမြဲပျော်ရွှင်နေတတ်တဲ့မိန်းကလေးတွေက တစ်ယောက်ထဲဖြစ်နေရင်တောင် ကိုယ့်နှစ်သက်တာလေးတွေလုပ်နေရလို့ ပျော်နေတတ်ပါသေးတယ်။
၁၀) အကောင်းမြင်တတ်သူဖြစ်ပါတယ်။
ဘယ်လိုအခြေအနေမျိုးကြုံပါစေ။ အကောင်းမြင်စိတ်နဲ့ ဖြတ်သန်းခြင်းကလည်း ပျော်ရွှင်စေပါတယ်။ အမြဲရွှင်လန်းနေတတ်တဲ့မိန်းကလေးတွေမှာ ထိုအကျင့်လေး ရှိနေတတ်ပါတယ်။
၁၁) စည်းစနစ်ကျတဲ့သူတွေဖြစ်ပါတယ်။
ဘယ်အလုပ်ကိုမဆို စည်းစနစ်ကျစွာလုပ်တတ်သူမို့ နှစ်ခါပြန်လုပ်ရတယ်ဆိုတာ နည်းမှာပါ။ အဲဒါကပဲ အလုပ်ဝန်ပိခြင်းက ကင်းစေပါတယ်။ အဲဒီ့တော့ အမြဲပေါ့ပါးလန်းဆန်းနေတာ မဆန်းပါဘူး။
၁၂) သူတို့ကိုယ်သူတို့ လက်ခံနိုင်တဲ့သူတွေဖြစ်ပါတယ်။
သူတို့က အသားမည်းလည်း သူတို့ကိုသူတို့ လက်ခံနိုင်တယ်၊ သူတို့က ရုပ်ဆိုးလည်း သူတို့ကိုသူတို့ လက်ခံနိုင်တယ်။ သူတို့မှာ ရှိနေတဲ့ မပြုပြင်မပြောင်းလဲနိုင်တဲ့ကိစ္စလေးအတွက်လောက်နဲ့ ကမ္ဘာလောကကြီးကို ပတ်ပြီးအပြစ်မတင်တတ်ကြပါဘူး။ အရှိကိုအရှိအတိုင်းလက်ခံနိုင်ပြီး ကိုယ်စွမ်းဆောင်နိုင်တာကိုသာ အာရုံစိုက်လို့ သူတို့အတွက်က ပိုပြီး ပျော်ရွှင်နိုင်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။