ကိုယ့်ကိုချောက်တွန်းတတ်တဲ့သူကို ဘယ်လိုတုံ့ပြန်မလဲ။

သင့်ဘဝမှာ သင့်ကိုလိုလားတဲ့လူရှိသလို မလိုလားတဲ့လူမျိုးကိုလည်း သင်ကြုံရမှာပါပဲ။ သင့်ကောင်းကျိုးကိုလိုလားတဲ့လူဟာ သင့်အတွက် ကောင်းတာတွေချည်းဖြစ်လာစေချင်သလို၊ သင်နဲ့ထပ်တူလည်း ဝမ်းသာမယ့်သူပါပဲ။ သင့်အတွက်မကောင်းတာလိုလားတဲ့သူကတော့ သင့်အတွက်ကောင်းကျိုးတွေဖြစ်လာရင်တောင် သင့်ကို မကောင်းတဲ့အကျိုးရလဒ်ဖြစ်လာအောင် ချောက်တွန်းလိုစိတ်ဖြစ်မှာပါ။ တနည်းအားဖြင့် သင့်အတွက်ဆိုးကျိုးကိုသာ မျှော်လင့်နေသလို၊ ကောင်းကျိုးတွေဖြစ်လာတာကိုလည်း မရှုစိမ့်နိုင်တာကြောင့် ဆိုးကျိုးဖြစ်အောင်ကို အားထုတ်ကြိုးပမ်းနိုင်ပါသေးတယ်။ အဲဒီ့လို သင့်ကိုချောက်တွန်းတတ်တဲ့သူကို ကြုံလာတဲ့အခါ ဘယ်လိုတုံ့ပြန်မလဲ၊ အတတ်နိုင်ဆုံး ဘယ်လိုရှောင်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။


၁) လျစ်လျူရှုပါ။
သင့်ကိုချောက်တွန်းတတ်တဲ့သူဟာ သင့်အပေါ် မျက်နှာချိုသွေးပြီး နောက်ကွယ်ကျမှ သင့်ကိုချောက်တွန်းတာမျိုး လုပ်နိုင်ပါတယ်။ အဲဒီ့လို လူမျိုးကို လျစ်လျူရှုလိုက်တာအကောင်းဆုံးပါပဲ။ မဟုတ်ရင် သင်ပဲပူလောင်ရပါလိမ့်မယ်။ သူပြုမူသမျှက သင့်ကို တွေးလိုက်တိုင်း စိတ်တိုဒေါသထွက်စေမှာပါ။ အဲဒီလိုလူမျိုးဟာ သင့်ကိုမှမဟုတ်ပါဘူး သူ့ထက်သာတဲ့ဘယ်သူ့ကိုမဆို အဲဒီ့လိုမျိုး ပြုမူနိုင်တာဖြစ်ပါတယ်။ အဲဒါကြောင့် အကောင်းဆုံးက လျစ်လျူရှုလိုက်ပါ။

၂) ကောင်းမွန်စွာတုံ့ပြန်ပါ။
မရိုင်းစိုင်းဘဲ အတတ်နိုင်ဆုံး ကိုယ့်တတ်နိုင်တဲ့ဘောင်ထဲကနေ ပြောဆိုတုံ့ပြန်တာ အကောင်းဆုံးပါပဲ။ ချက်နဲ့လက်နဲ့ပြောနိုင်ရင် ပိုကောင်းပါတယ်။ ရိုင်းစိုင်းတဲ့အပြုအမူ ၊ အပြောအဆိုလုံးဝမပါဘဲ ပြောဆို တုံ့ပြန်ပါ။

၃) ကိုယ့်စိတ်ကိုပြန်ထိန်းပါ။
သင့်ဒေါသအလျောက်တုံ့ပြန်မိတဲ့အခါ သူ့အမှားကနေ သင့်အမှားဖြစ်သွားတတ်ပါတယ်။ အဲဒါကြောင့် အကောင်းဆုံးစိတ်ကိုထိန်းပြီး ပညာရှိနည်းနဲ့ တုံ့ပြန်ဖို့လိုပါတယ်။ သင်စိတ်မထိန်းနိုင်ဘဲ တုံ့ပြန်လိုက်တဲ့တုံ့ပြန်မှုက သူ့လိုလူမျိုးရဲ့အမှားလို့ မထင်စေဘဲ သင့်အမှားလိုဖြစ်လာစေပါတယ်။ အဲဒီ့အတွက် သင့်စိတ်ကို သင်ထိန်းသင့်ပါတယ်။

၄) စိတ်ကိုအေးအေးထားပြီးဖြေရှင်းကြည့်ပါ။
အတတ်နိုင်ဆုံး စိတ်ကို အေးအေးထားတာအကောင်းဆုံးပါပဲ။ စိတ်လှုပ်ရှားနေတဲ့အချိန်မှာ ဖြေရှင်းခြင်းက အဖြေကောင်းမရနိုင်ပါဘူး။ အဲဒါကြောင့် အတတ်နိုင်ဆုံး ကိုယ်တတ်နိုင်တာကဘာလဲ၊ ကိုယ်ဖြေရှင်းနိုင်တဲ့ဘောင်ထဲကနေ ဘယ်လိုဖြေရှင်းမလဲဆိုတာမျိုးတွေးပြီး စိတ်အေးအေးထားဖြေရှင်းတာ အကောင်းဆုံးပါပဲ။

၅) အကြောင်းသိသွားတဲ့အခါ သတိထားနေလိုက်ပါ။
မကောင်းတဲ့လူဟာ အမြဲဟန်ဆောင်မနေနိုင်ပါဘူး။ တခါမဟုတ်တခါတော့ ဟန်ဆောင်မှုပေါ်လာနိုင်တာပါပဲ။ မသိလို့ ခံလိုက်ရတယ်ဆိုရင် သိသွားတဲ့အခါ သတိထားနေလိုက်ပါ။ ထိုလူမျိုးက ကိုယ့်အနားမှာနေပြီး အမြဲတစ်ခါမဟုတ်တစ်ခါတော့ အဲဒီလိုပြုမူနိုင်တာမို့ သူ့လိုလူမျိုးနဲ့ အလုပ်လုပ်ရတာဖြစ်ဖြစ်၊ တခုခုဆက်ဆံရတာမျိုးပဲဖြစ်ဖြစ် သတိလေးထားပြီး မှတ်မှတ်ရရ (နူတ်တစ်ရာ စာတစ်လုံး) ဖြစ်အောင်လုပ်တာပိုကောင်းပါတယ်။ အစစသေချာအောင် စနစ်တကျ စီစဉ်ထားပါ။ နေ့စွဲနဲ့ အကြောင်းအရာမျိုးက အစ အသေးစိတ်မှတ်တမ်းလုပ်ထားတာမျိုး။ ဒါမှမဟုတ် အခြားတစ်ယောက်ယောက်ကို သက်သေအဖြစ် လှမ်းပြီး ပြောပြလိုက်တာမျိုးပေါ့။
ဒါမှမဟုတ်လည်း သူနဲ့ပြောဆိုထားတာတွေကို စာပေါ်မှာထင်းနဲ့ပါစေ။ ရှင်းနေပါစေ။ နှစ်ယောက်ကြားထဲမဟုတ်ပဲ လူအများကြားမှ တကယ့်အရေးပါတာတွေကို ဆွေးနွေးပြောဆိုတာမျိုး ၊ ဆုံးဖြတ်တာမျိုးလုပ်ပါ။

၆) အတတ်နိုင်ဆုံး ထိုလူတွေကိုရှောင်ပါ။
အတတ်နိုင်ဆုံးတော့ ထိုလူမျိုးတွေကို ရှောင်တာပိုကောင်းပါတယ်။ မတတ်သာလို့ မရှောင်နိုင်ရင်လည်း အထက်ကအချက်တွေလို ဆက်ဆံဖို့မမေ့ပါနဲ့။ အတတ်နိုင်ဆုံးတော့ မေးထူးခေါ်ပြောလောက်ဆက်ဆံတာ၊ မသိမသာ ရှောင်ကွင်းသွားတာမျိုးတွေလုပ်ပြီး ထိုလူမျိုးကို ကိုယ့်အနီးအနားမှာ မထားတာ အကောင်းဆုံးပါပဲ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။