ပိုပြီးကောင်းမွန်တဲ့ဘဝဖြစ်လာစေဖို့ သင်ရင်ဆိုင်သင့်တဲ့စိန်ခေါ်မှုများ

စိန်ခေါ်မှုတွေကသင့်ဘဝကိုပိုပြိးတိုးတက်လာစေပါတယ်။ စိန်ခေါ်မှုတွေကိုအနိုင်ယူဖို့ကြိုးစားရင်းသင့်စွမ်းရည်တွေတိုးတက်လာမယ်၊ ပိုပြီးအဆင်ပြေအောင်ကြိုးစားလာမယ်၊ ပိုပြီးသန်မာလာပါလိမ့်မယ်။ အဲဒါကြောင့် သင့်ဘဝကို ပိုပြီးကောင်းမွန်တဲ့အခြေအနေတစ်ခုဖြစ်ချင်ရင် သင့်ကိုသင်စိန်ခေါ်သင့်ပါတယ်။ အဲဒီ့ထဲကမှ သင်ဘဝပိုမိုကောင်းမွန်လာစေဖို့ သင်ရင်ဆိုင်သင့်တဲ့စိန်ခေါ်မှုတွေကိုဖော်ပြပေးလိုက်ပါတယ်။


၁) ကျရှုံးမှုများ
အောင်မြင်ချင်တဲ့သူကတော့ ကျရှုံးမှုပိုများများကြုံရမှာပါပဲ။ ကျရှုံးမှုများမှ အောင်မြင်မှုလည်းများမှာမဟုတ်လား။ ကျရှုံးမှုဆိုတာ မရှိဘဲ အောင်မြင်မှုဆိုတာရှိပါ့မလား။ အဲဒါကြောင့် ကျရှုံးမှုတွေကိုရဲရဲဝင့်ဝင့်ရင်ဆိုင်ပစ်လိုက်ပါ။ ကျရှုံးရမှာကို ကြောက်နေရင် အောင်မြင်မှုကိုလည်း ရနိုင်မှာမဟုတ်ပါဘူး။

၂) ဆုံးရှုံးမှုများ
အောင်မြင်တဲ့သူက ဆုံးရှုံးရတဲ့အချို့အရာတွေရှိပါတယ်။ ဆုံးရှုံးသင့်လို့ ဆုံးရှုံးရတာကို ကြောက်နေလို့မဖြစ်ပါဘူး။ ဥပမာ။ အချိန်နဲ့တပြေးညီအလုပ်လုပ်ပြီး ငွေရအောင်ကြိုးစားနေသူက အချိန်နဲ့အလိုက်ငွေရပြီး အချိန်သည်သူ့အတွက်ငွေပါ။ အဲဒါကြောင့်ကို သူ့ရဲ့အချိန်ကိုဖဲ့ပြီး အပေါင်းအသင်းအတွက် မပေးနိုင်ပါဘူး။ အဲဒါသည် သူ့ရဲ့ဆုံးရှုံးမှုပါပဲ။ သူ့လောက်ဝင်ငွေမရတဲ့သူတွေက သူငယ်ချင်းတွေတရုန်းရုန်းနဲ့လျှောက်လည်နေချိန်မှာ သူကတော့ အချိန်ပြည့်အလုပ်လုပ်နေရမှာပါ။ No pain , No gain ဆိုတာ မမေ့ပါနဲ့နော်။ တစ်ခုရဖို့ တစ်ခုခုကိုတော့ ဆုံးရှုံးရတာချည်းပါပဲ။ ဆုံးရှုံးရတဲ့အရထက် တန်ဖိုးကြီးမားတဲ့အောင်နိုင်မှု့ကိုသာ ပိုင်ဆိုင်ဖို့ကြိုးစားပါ။ အဲဒါသင့်ဘဝပိုကောင်းမွန်တိုးတက်စေနိုင်ပါတယ်။

၃) အခက်အခဲများ
အခက်အခဲတွေနဲ့ကြုံရတာနဲ့တင် လက်လျှော့တတ်သူက ဘယ်လိုအောင်မြင်မှုကြီးကြီးမားမားရနိုင်ပါ့မလဲ။ အဲဒါကြောင့် အခက်အခဲတွေ၊ အကြပ်အတည်းတွေကြုံတဲ့အခါ ကျေးဇူးတင်လိုက်ပါတယ်။ ကိုယ့်ရဲ့စွမ်းရည်ပိုတိုးတက်လာစေနိုင်လို့ ကိုယ့်ဘဝပိုပြီးကောင်းမွန်လာစေမယ့် လှေကားပဲဆိုတာ သိပါ။ အခက်အခဲတွေနဲ့ကြုံရင်ထွက်ပြေးဖို့ထက် ဘယ်လိုအကောင်းဆုံးရင်ဆိုင်မလဲသာ စဉ်းစားရင်ဆိုင်လိုက်ပါ။

၄) အတိတ်ကဖြစ်ရပ်များ
အတိတ်ဆိုတာ ဖြစ်ပြီးသွားပါပြီ၊ ပြန်ပြင်လို့လည်းမရနိုင်ပါဘူး။ အတိတ်ကိုပြင်မရပေမယ့် အနာဂတ်ကိုတော့ ခုလက်ရှိအချိန်ကို ကောင်းကောင်းအသုံးချမယ်ဆိုရင် ပြင်နိုင်ပါတယ်။ အဲဒါကြောင့် အတိတ်ကဖြစ်ရပ်တွေကို လွှတ်ချနိုင်ဖို့ စိန်ခေါ်လိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။ စိန်ခေါ်ပါ။ လက်ရှိအချိန်ကိုသာ အကောင်းဆုံးအသုံးချဖို့ လေ့ကျင့်ပါ။

၅) ကိုယ့်စိတ်ကိုယ်ထိန်းချုပ်ခြင်း
ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်သွားရင် ထိုလူက အရာအားလုံးကို အောင်နိုင်သူဖြစ်သွားပါပြီ။ ကိုယ့်စိတ်ကိုမထိန်းနိုင်သူတွေချည်း အမှားများကြတာဖြစ်ပါတယ်။ အမှားနည်းလေ ပိုပြီးအမှန်များလေ…ပိုတိုးတက်လေပါပဲ။ အဲဒါကြောင့် အသေးအဖွဲလေးတွေကစပြီး ကိုယ့်ဟာကိုယ် စိတ်ကိုထိန်းချုပ်ဖို့လေ့ကျင့်ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ်စိန်ခေါ်လိုက်ပါ။

၆) နာကျင်မှုများ
No pain, No gain ဆိုတဲ့စကားလိုပဲလေ……ပိုကောင်းတဲ့ဘဝကိုရောက်ဖို့ နာကျင်မှုအချို့ကို လျစ်လျူရှုနိုင်ရပါမယ်။ အခက်အခဲနဲ့ကြုံရင်ထွက်ပြေးချင်တဲ့စိတ်၊ ကျရှုံးမှာကြောက်တဲ့စိတ်၊ ဆုံးရှုံးမှာကြောက်တဲ့စိတ်၊ အတိတ်ကဖြစ်ရပ်တွေတွေးရင်း အချိန်ဖြုန်းနေတဲ့စိတ်၊ အဲဒါတွေအားလုံးဟာ နာကျင်မှုခံစားရတာတွေအများဆုံးပါပါတယ်။ အဲဒီ့စိတ်က ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ဖို့လိုနေတာကိုပြတာပါ။ နာကျင်မှုမရှိဘဲ အောင်မြင်မယ်….ပိုတိုးတက်တဲ့ဘဝရမယ်လို့ သင်ထင်နေသလား။ နာကျင်နေတဲ့စိတ်ကို မထိန်းချုပ်နိုင်ဘဲရော…..ဘဝက ပိုပြီးတိုးတက်လာမယ်ထင်သလား။ နိုးပါလို့ပြောချင်ပါတယ်။ အဲဒါကြောင့်နာကျင်မှုတွေကို လျစ်လျူရှုသင့် လျစ်လျူရှုရပါမယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။