သင့်ကို ပြဿနာပေးတတ်သူတွေကို မရှောင်ကျဉ်နိုင်တဲ့အခါ ဘယ်လိုလုပ်သင့်သလဲ။

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အမြဲတမ်း ကိုယ့်ကို နှောင့်ယှက်တတ်သူ၊ ဒုက္ခပေးသူ၊ မနာလိုသူ၊ ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့လုပ်တတ်သူတွေ ၊ ကိုယ်တိုင်လည်း အဖြစ်မရှိ၊ အဖြစ်ရှိအောင် အားသွန်ခွန်စိုက်ကြိုးစားနေသူများကိုလည်း ဘေးထိုင်ဘုပြောလုပ်တတ်သူများကို ကြုံကိုကြုံရမှာပါ။ လူတိုင်းဟာ ကိုယ့်ခံယူချက်နဲ့ ကိုယ်၊ ကိုယ့်ဘဝအတွေ့အကြုံနဲ့ကိုယ်မို့ အမြင်ချင်းမတူနိုင်တာက လက်ခံပေးလို့ရပါတယ်။


ဒါပေမယ့် အခြားသူတစ်ယောက်ရဲ့ကြိုးစားအားထုတ်မှုကိုဖြစ်ဖြစ်၊ ရပ်တည်မှုကိုဖြစ်ဖြစ် ပျက်စီးရာပျက်စီးကြောင်း လုပ်ချင်တာ ဒါမှမဟုတ် သက်သက် အနှောင့်အယှက်ပေးချင်တဲ့သူတွေကတော့ toxic people လို့ပြောရလောက်အောင် အဆိပ်ရှိတဲ့လူတွေပဲဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်တောင် အဆိပ်တွေနဲ့မို့ ဘယ်တော့မှ ဖြေဆေးဖြစ်လာမယ့်သူမျိုးတွေမဟုတ်ဘဲ သူတို့ကြောင့်ပဲ အခြားသူကို ထပ်ပြီး ဒုက္ခပေးတတ်တဲ့သူမျိုးတွေပါ။ အဲဒီလိုလူမျိုးတွေနဲ့ မကြုံချင်ပေမယ့် ကြုံလာတဲ့အခါ ဘာလုပ်သင့်ပါသလဲဆိုတာလေးကို ပြောပြပေးချင်ပါတယ်။

၁) ပြတ်သားစွာရှောင်ကျဉ်ဖို့ မမေ့ပါနဲ့။
အဓိက အရေးကြီးဆုံးအချက်ကတော့ toxic people တွေကို ခပ်ကင်းကင်းနေပါ။ ပြတ်သားစွာ မပတ်သက်ပါနဲ့။ သူတို့အကျင့်စရိုက်ကိုသိလိုက်တာနဲ့ ရှောင်နိုင်ဖို့ကြိုးစားပါ။ ခပ်ကင်းကင်းသာနေပြီး ခပ်ဝေးဝေးသာနေလိုက်တာ အကောင်းဆုံးပါပဲ။ အဲဒီ့အချက်ကိုဘယ်တော့မှမေ့မပါနဲ့။ သူတို့နဲ့အနေများလာရင် စိတ်ညစ်မှု၊ စိတ်ဆင်းရဲမှု၊ ပြဿနာပေါင်းစုံနဲ့ချာလပတ်လည်နေတတပြီး သူတို့ဘေးကနေ အဝေးဆုံးထွက်ပြေးသွားဖို့ကို မေ့သွားတတ်ပါတယ်။ အဲဒါကြောင့် အဲဒီလိုလူတွေမှန်းသိတာနဲ့တပြိုင်နက် ကိုယ့်ကိုယ်ကိုယ် alarm လုပ်လိုက်ပါ။ "“ဟာ.…ဒီလိုလူကို ရှောင်ရမယ်အန္တရာယ်ရှိတယ်"”ဆိုတာမျိုးပေါ့။ တကယ်လို့များ အဲဒီလိုလူတွေနဲ့ လတ်တလောတော့ ရှောင်လို့မဖြစ်သေးဘူးဆိုရင် ယာယီအားဖြင့်တော့ ထိုလူတွေရဲ့ပြဿနာအနှောင့်အယှက်ပေးမှုတွေကနေ ပညာသားပါပါရှောင်တိမ်းတတ်ဖို့တော့ ဖော်ပြပေးလိုက်ပါတယ်နော်။ ဒါပေမယ့် သင်သိထားရမှာက ယာယီသာပတ်သက်ပါ၊ ရေရှည်မှာတော့ အဆင်မပြေတာကြောင့် တချိန်မှာ ပြတ်သားစွာ သင့်ဘဝထဲဖြတ်တောက်ပစ်လိုက်ဖို့ မမေ့သင့်ပါဘူး။

၂) ဖြတ်ထိုးဉာဏ်သုံးတတ်ပါစေ။
ကျွန်တော်တို့ငယ်ငယ်ကကြားဖူးတဲ့စကားတစ်ခွန်းလိုပေါ့ မကောင်းနိုင်ရင်ကင်းအောင်နေ…..မကင်းနိုင်ရင်ကောင်းအောင်နေပါတဲ့။ တကယ်လို့သင်က သူတို့နဲ့ကင်းလို့မရသေးတဲ့အခြေအနေမျိုးဆိုရင် သူတို့နဲ့တည့်အောင်နေမှဖြစ်ပါလိမ့်မယ်။ အဲဒီ့လိုတည့်အောင်နေတဲ့ကြားက ထိုလူမျိုးတွေက သင့်ကိုမထင်ရင်မထင်သလို ပြဿနာပေးအုံးမယ့်ဒဏ်ကိုသင်က ပညာရှိနည်းနဲ့ကြည့်ရှောင်ရမှာဖြစ်ပါတယ်။ တခုခုဆို သင့်အပေါ်သူက ဘယ်လိုထောင့်မျိုးကနေ သင့်အပေါ်လာပြီး ဒုက္ခပေးနိုင်သလဲဆိုတာ သင်သိဖို့လိုပါတယ်။ ဥပမာ။ သင့်ကို ဒါလေးကူညီပေးပါအုံးဆိုပြီး အကူအညီတောင်းလာတဲ့အခါမျိုးမှာ ကိုယ့်ကိစ္စကလည်းမပြီးသေး၊ သူ့ကိစ္စကိုလည်း ကူညီမပေးရင် ငြိုငြင်ခံရနိုင်ချေရှိပြန်သေးတယ်ဆိုတဲ့ ဘေးကြပ်နံကြပ်အခြေအနေမျိုးကြုံကိုကြုံလာနိုင်ပါတယ်။ အဲဒီ့လိုအခါမျိုးမှာ ဘယ်လိုနည်းလမ်းသုံးပြီး ရှောင်မလဲဆိုတာက သင့်ဖြတ်ထိုးဉာဏ်ပေါ်မူတည်ပါတယ်။

၃) အပေါ်ယံသာဆက်ဆံပါ။
သူတို့လိုလူမျိုးဟာ သင့်အပေါ် လိုသုံးတစ်ခုလိုသာ ဆက်ဆံမယ့်သူတွေပါ။ အဲဒီလိုလူက ပြုမူသမျှ၊ ပြောဆိုသမျှကို အလေးအနက်ထားမခံစားပါနဲ့။ သင့်ကို ဥပမာ။ နင့်ရုပ်က ငါ့ထက်ဆိုးတာကိုး၊ နင်ကလည်း ပိန်လိုက်တာရောဂါသည်ကျနေတာပဲ၊ နင်က နဂိုထဲက ငါ့လောက်မှအသုံးမကျတာကိုး စသဖြင့် အဲဒီလို လက်လွတ်စပယ်ထိခိုက်အောင်ပြောတဲ့စကားမျိုးတွေကို မခံစားပါနဲ့။ အချိန်ကုန်ပါတယ်။ သင်လည်း သူတို့အပေါ် ထမင်းစားရေသောက် မေးထူးခေါ်ပြောလောက်သာ သဘောထားဆက်ဆံပါ။ တွေ့တဲ့အခါ အစွမ်းကုန် အကောင်းဆုံးဆက်ဆံပေးလိုက်ပါ။ မတွေ့တဲ့အခါ အားလုံးမေ့ပစ်လိုက်ရုံပါပဲ။ အများကြီးခံစားရင် သင်ပဲနာကျင်၊ အချိန်ကုန်၊ စိတ်ညစ်ပါလိမ့်မယ်။

၄) အချိုသာဆုံးတုံ့ပြန်ပါ။
အဲဒီလိုလူမျိုးတွေက သူတို့ကသာ သင့်ကို လက်လွတ်စပယ်ထိခိုက်အောင် ပြောဆိုတတ်တာပါ၊ သူတို့ကိုတော့ အကောင်းဆုံးတုံ့ပြန်တာကြိုက်တတ်သူတွေဖြစ်ပါတယ်။ အဲဒါကြောင့် သူတို့ကို အပေါ်ယံသာ ဆက်ဆံပြီး သူတို့နဲ့တွေ့ချိန် သူတို့အကြိုက် တုံ့ပြန်ပေးလိုက်ပါ။ ဥပမာ။ သင်ထမင်းစားနေတုန်း သင့်ထမင်းချိုင့်ထဲက ဟင်းကို သူတို့ကို အရင်ထည့်ပေးလိုက်တာမျိုးပေါ့။ သူတို့ကို တွေ့ရင် ပြုံးရွှင်စွာ နှုတ်ဆက်တာမျိုး၊ သူတို့ဘယ်လိုတုံ့ပြန်ပါစေ သင်က အကောင်းဘက်ကနေသာ ပြန်တုံ့ပြန်ပေးလိုက်ပါ။ သူတို့မဲ့ပြနေလည်း သင်က ပြုံးပြလိုက်ပါ။

၅) တဖြည်းဖြည်းချင်း ရှောင်ဖို့ကြိုးစားပါ။
မတတ်သာလို့ တေ့တေ့ဆိုင်ဆိုင်ကြုံရင် အကောင်းဆုံးဆက်ဆံပေးလိုက်ပါ။ ဒါပေမယ့် ကိုယ့်ဘက်ကစပြီး ဆက်သွယ်တာမျိုးမလုပ်ပါနဲ့။ သူတို့က သင့်ကိုလာပတ်သက်ရင်လည်း အပြုအမူပိုင်းဆိုင်ရာအားဖြင့် အကောင်းဘက်ကဆက်ဆံပေးလိုက်ပါ။ ဥပမာ ။သင့်ကို အကူအညီလာတောင်းတာကို သင်ငြင်းမယ်ဆိုရင်တောင် “အားနာလိုက်တာ…မမရယ် ၊ ညီမမှာလည်း အဆင်မပြေလို့ပါ၊ ဘယ်လိုမှမထင်ပါနဲ့နော်။ အဆင်ပြေရင် ကူညီပေးချင်ပါတယ်” စသဖြင့် ယဉ်ကျေးမှုနဲ့ ယဉ်ကျေးစွာငြင်းပယ်တာမျိုးပေါ့။ ငြင်းလို့ ကိုယ့်ကိုယ်စိတ်ကွက်ရင်တောင် သင်ကယဉ်ကျေးစွာဆက်ဆံထားတဲ့အတွက် သူ့အလွန်သာဖြစ်သွားမှာပါ။ ဒါပေမယ့် သူကစပြီး မပတ်သက်ရင်တော့ သင်လည်း နှုတ်ဆက်ပြုံးပြရုံ၊ ထမင်းစားရေသောက်မေးထူးခေါ်ပြောရုံသာ ဆက်ဆံပေးရာကနေ တဖြည်းဖြည်း ရှောင်လိုက်ပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။